သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မှာ မြန်မာအလုပ်သမား ၂၀၀ အဖမ်းခံရ


မဲဆောက်မှာ မြန်မာအလုပ်သမား အများအပြား အဖမ်းခံရ- ( ဇွန် -၂-၂၀၁၇) သတင်းဓာတ်ပုံ-YCOWA
မဲဆောက်မှာ မြန်မာအလုပ်သမား အများအပြား အဖမ်းခံရ- ( ဇွန် -၂-၂၀၁၇) သတင်းဓာတ်ပုံ-YCOWA

ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့နယ်အတွင်းက မယ်တောင်မိုင်အတွင်းက ကလေးလုပ်သားများ ပါဝင်တဲ့ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ထိုင်းစစ်တပ်ရဲ နဲ့ အထူးလုံခြုံရေး တပ်ဖွဲ့ဝင်တွေက စက်ရုံတွေထဲထိ စီမံချက်နဲ့ ဝင်ရောက် ဖမ်းဆီးရာမှာ မြန်မာအလုပ်သမား ၂၀၀နီးပါးလောက် ဖမ်းဆီးခံရပြီး ကလေးအလုပ်သမားလည်း ၁၇ဦးထက်မနည်း ပါဝင်တယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ်။ ဇွန်လ ၂ရက်နေ့မှာလည်း လမ်းပေါ်မှာ သွားလာနေတဲ့ တရားမဝင်နေထိုင်သူူတွေကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့နယ်အတွင်းက မယ်တောင်မိုင်ဆိုတဲ့နေရာမှာရှိတဲ့ စက်ရုံတွေကို အင်အား၈၀ခန့်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ မနေ့က ဖမ်းဆီးခဲ့သူတွေထဲက အလုပ်သမားတချို့ကို တရားရုံးတင်ခဲ့ကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကတာဝန်ခံတဦးဖြစ်တဲ့ ကိုမိုးကျော်ကပြောပါတယ်။

" စက်ရုံတွေရှိတဲ့နေရာက မယ်တောင်မိုင်အရပ်မှာ ရှိတဲ့ ဒေသအခေါ် ကုလားပန်းရုံလို့ခေါ်တဲ့ စက်ရုံတရုံရယ် အဲ့စက်ရုံနားမှာ ရှိတဲ့သူတွေကို စီမံချက်နဲ့ဖမ်းတယ်လို့ ပြောလို့ရတာပေါ့လေ။ ပြောမယ်ဆိုလို့ရှိရင် လဝကပါတယ် ရဲပါတယ်။ နောက် စစ်ဝတ်စုံနဲ့အဖွဲ့အစည်းပါတယ်။ နောက် အထူးတပ်ဖွဲ့လို့ခေါ်တဲ့ ဝတ်စုံအမည်းတွေနဲ့အဖွဲ့တွေပါတယ်ဆိုပြီးတော့ မျက်မြင်သက်သေတွေကပြောတယ်လေ။ ဆိုတော့ ဒါဟာ စီမံချက်နဲ့ဖမ်းတယ်လို့ ပြောလို့ရတာပေါ့။ မနေ့က ဖမ်းသွားတဲ့ သူတွေကို ပြောမယ်ဆိုလို့ရှိရင် မယ်ပ မြို့နယ်ရဲစခန်းရုံးမှာ ခေါ်တယ် ပြီးတဲ့အခါကျတော့ နှစ်ထပ်အချုပ်ကို ခေါ်ယူစစ်ဆေးတာရှိတယ် နှစ်ထပ်အချုပ်ကို ပို့တယ် ည ၈နာရီခွဲလောက် အထိ ကျနော်တို့သွားကြည့်တဲ့အခါမှာတော့ နှစ်ထပ်အချုပ်မှာ ၁၉၇ ယောက်ရှိတယ်။ အားလုံးပေါ့လေ အလုပ်သမားတွေ။ ရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းခံရတာတွေ မျက်မြင်တွေ့ခဲ့ရတာတွေရှိတယ်။ ဒီနေ့မနက်မှာဆိုရင် အခုညနေစောင်းပြီးအထိ နှစ်ထပ်အချုပ်မှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲက ၃၅ယောက်ကို တရားရုံးကို ပို့လိုက်တယ်လို့ သတင်းဝင်လာတယ်။ "

စက်ရုံတွေထဲမှာ ကလေးအလုပ်သမားတွေကိုလည်း အသုံးပြုနေတဲ့အတွက် ကလေးအလုပ်သမားလို့ ယူဆရတဲ့ ကလေး ၁၇ဦးထက်မနည်း ကိုလည်း ဆေးရုံကိုခေါ်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဆက်ပြောပြပါတယ်။

" ကလေးအလုပ်သမားတွေပါတယ်လို့ စက်ရုံတွေထဲက အဖမ်းခံရတဲ့အလုပ်သမားတွေက ဆက်သွယ်ပြီးပြောလာတာတွေရှိတယ်။ ကလေးအလုပ်သမား ၁၁ယောက် ရှိတယ် လို့ပြောတယ်။ မနေ့က ညပိုင်းအထိ ဆက်ဝင်လာတွေရော ပြောမယ်ဆိုရင် ၁၈ယောက်လောက် ရှိတယ်။ ဆေးရုံကြီးမှာ စစ်ဆေးတာပေါ့ ကလေး ဟုတ်-မဟုတ်ပေါ့။ သွားစစ်တာတွေ ဆံပင်ကို စစ်တာတွေ၊ အသက်ပြည့်ပြီးသား ဟုတ်မဟုတ်ကို စစ်ဆေးတာမျိုးတွေ ရှိတယ်လို့သိရတယ်။"

ဇွန်လ ၂ရက်နေ့မှာတော့ လမ်းပေါ်မှာသွားလာနေသူတွေကို ထပ်မံဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ညနေပိုင်းထိ လူ၃၀ထက် မနည်း ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။

"သွားလာတာတွေ စက်ရုံ၊ အလုပ်ရုံသွားတာတဲ့လူတွေကို ကောက်သင်းကောက် ဖမ်းသလို စစ်ဆေးပြီး ဖမ်းတဲ့အခါမှာ တစုံတရာ အထောက်အထားခိုင်လုံမှုမရှိလို့ ဖမ်းဆီးတာ အယောက် ၃၀ လောက်ရှိတယ်လို့ သိရတယ် ဒီနေ့မှာတော့။"

မဲဆောက်မြို့ဘက်မှာ တာဝန်ယူရတဲ့ မြန်မာအလုပ်သမားသံအရာရှိကို ဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်လို့ ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာ သိရှိဖို့အတွက် ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဆက်သွယ်လ့ို့မရခဲ့ပါဘူး။

အဖမ်းအဆီးတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် တချို့စက်ရုံတွေက အလုပ်သမားတွေကို လည်း အလုပ်ရှင်တွေက မြဝတီဘက်ကို တိမ်းရှောင်ခိုင်းတာတွေ လုပ်ခိုင်းခဲ့သလို တရားမဝင် အလုပ်သမားတွေကို လက်ခံထားတဲ့ စက်ရုံတချို့လည်း သူတို့အလုပ်တွေကို ယာယီနားထားရတာတွေလည်း ရှိနေပါတယ်။

မဲဆောက်မြို့ဟာ တရားမဝင်အလုပ်သမားတွေ အများဆုံးဝင်ရောက်နေတဲ့ နေရာဖြစ်ပြီး နေစဉ် အလုပ်လုပ်ကိုင် ရှာဖွေသူတွေ နည်းအမျိုးမျိုးနဲ့ရောက်ရှိနေကြတာပါ။ အခုဆိုရင်တော့ မဲဆောက် ထဲမှာ တရားဝင်နေထိုင်ဖို့အတွက် နယ်စပ်တံတားပေါ်ကနေ ရ ရက်ခံတဲ့ လက်မှတ်တွေ လုပ်ပေးထားတာကြောင့် တချို့ကတော့ အဲဒီလက်မှတ်တွေနဲ့ လာကြပြီး အလုပ်အကိုင်ရှာဖွေနေကြသူတွေလည်းရှိတာပါ။ ထိုင်းနိုင်ငံမှာမြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃သန်းကနေ ၄သန်းအထိ ရှိနေသလို့တရားဝင် အထောက်အထား လက်မှတ် ကိုင်ဆောင်ထားသူတွေကတော့ သိန်းဂဏန်းလောက်ပဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG