သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်မြန်မာလုပ်သားတွေ ထိုင်းနယ်စပ်မှာအဖမ်းခံရ


အဖမ်းခံရတဲ့ အလုပ်သမားတချို့ကို စိစစ်မှုများ ပြုလုပ်နေစဉ်
အဖမ်းခံရတဲ့ အလုပ်သမားတချို့ကို စိစစ်မှုများ ပြုလုပ်နေစဉ်

နိုင်ငံကူးလက်မှတ်တွေဖြစ်တဲ့ ယာယီနိုင်ငံကူးလက်မှတ်ခရမ်းရောင် နိုင်ငံတကာသွားနိုင်တဲ့ နိုင်ငံကူး လက်မှတ်အနီရောင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် အစိမ်းရောင် စာအုပ်တွေကိုင်ဆောင်ထာပြီး နေရပ်ပြန်ကြမယ့် မြန်မာရွေပြောင်းအလုပ်သမား ၁၀၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားမှာပဲ မနေ့ကနဲ့ ဒီနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာသံရုံးဘက်ကတော့ အလုပ်သမားတွေ အနေနဲ့ တရားရုံးတက်ပြီးရင် နယ်စပ်ပြန်ပို့မယ်လို့ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံအလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး နေရပ်ပြန်ကြရာမှာ တချို့က အလုပ်လုပ်ခွင့်လက်မှတ်မပါလို့ဆိုပြီး ထိုင်း-မြန်မာနယ်စပ်တံတားက စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးထားခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က အမူဆောင်ဒါရိုက်တာ ဦးကျော်သောင်းကပြောပါတယ်။

“အမျိုးသားက ၁၃ ယောက် ၊ အမျိုးသမီးက ၂၄ ယောက် သူတို့တွေကို ချစ်ကြည်ရေးတံတားထိပ်မှာပဲ၊ work Permit မရှိဘူးဆိုပြီးတော့ ဖမ်းတယ်၊ မနေ့ညနေ နောက်ဆုံး ၈ နာရီ လောက်အချိန်မှာ ကျနော်တို့ပေးလိုက်တာက သူတို့ကို ဘက် ၂၀၀ စီတောင်းတယ်လို့ပြောတယ်။ ဒီနေ့မှာ တရားရုံးတင်မယ်လို့ ပြောတယ်။ ပတ်စပို့ အနီတွေပါတယ်၊ ခရမ်းရောင်ပါတယ် အခုလက်ရှိထုတ်ပေးနေတဲ့ CI ကဒ်တွေပါတယ်ဆိုပြီး သိရတယ်။ ၃ ခုစလုံးပါတယ်။”

သူတိုတွေဟာ ထိုင်းနိုင်ငံနယ်စပ်ဂိတ်တွေကို ဖြတ်ကျော်လာခဲ့ပြီးမှ ချစ်ကြည်ရေးတံတားပေါ်ကနေ တရားဝင်ပြန်ဖို့ လုပ်ဆောင်ကြရင်းနဲ့ အဖမ်းဆီးခံခဲ့ရတာလို့လည်း အလုပ်သမားတွေကို အကူညီပေးနေတဲ့ အေအေစီမဟာမိတ်အဖွဲ့က ကိုရဲမင်းကပြောပါတယ်။

“မနေ့က ၃၇ ယောက်ကို အမိန့်ချတယ်၊ ဒီနေ့ ၈၉ ယောက်ကတော့ အချုပ်ထဲမှာရှိနေတုန်းပဲ တံတားထိပ်မှာ ဟိုဘက်ကမ်းကူးမယ်ဆိုပြီးတော့မှ အဲဒီမှာ စစ်ဆေးပြီးတော့ စီမံကိန်းပုံစံနဲ့ ဖမ်းလိုက်တယ်ဆိုတဲ့သဘော။”

နိုင်ငံတကာသွားပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ အနီရောင်စာအုပ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အမျိုးသမိးတဦးကတော့ သူတို့ကို အလုပ်လုပ်ခွင့်လက်မှတ်မရှိလို့ဖမ်းဆီးတာခံခဲ့ရတယ်လို့ ပြောပြပါတယ်။

“သူတို့ပြောတယ် work permit မရှိလို့တဲ့ ဖမ်းတယ်။ အဲဒီကနေ့ပဲ ဟိုတံတားမှာလေ ဖမ်းတယ်။”

မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ကတော့ တနင်္ဂနွေနေ့ ကအဖမ်းဆီး ခံရတဲ့အလုပ်သမား ၃၇ယောက်ကို ကိုသာသိရှိသေးကြောင်း နောက်ထပ်အဖမ်းခံရတဲ့ ၈၉ ယောက်သတင်းတော့ သံရုံးကိုရောက်မလာသေးကြောင်းပြောပါတယ်။ အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်လက်မှတ်မပါတဲ့ အတွက်အဖမ်းဆီးခံရတာဖြစ်ပြီး မဲဆောက် လူဝင်မူကြီးကြပ်ရေးအရာရှိ တွေနဲ့ ဆွေးနွေးနေတဲ့အကြောင်း လက်ရှိမှာ တရားရုံးတင်ပြီး ဒဏ်ငွေရိုက်ပြီးရင် နယ်စပ်ကိုပြန်ပို့မယ်လို့ သိရကြောင်း အခုလိုပြောပြပါတယ်။

“ဖမ်းတယ် Work permit မပါလို့ ၊ ဖမ်းပြီးတော့မှ တရားရုံးတင်တယ်၊ ပြီးရင်တော့ ပြန်ပို့မယ် ပြန်လွှတ်ပေးမယ်ပေါ့နော် ။ ကျနော်တို့က ၃၇ ယောက် ကိုတော့ လှမ်းပြီးတော့ ဒီကနေ ပြောထားတယ်။ သူတို့က CI ထုတ်ပြီး ဒီကနေ ၁၅ ရက်အတွင်း Work permit လုပ်ရမယ်။ Work permit မလုပ်ပဲနဲ့ သူတို့ ကြိုပြီးဆင်းသွားတဲ့အတွက် အဲဒီမှာ ဖမ်းလိုက်တာ လဝက က ၊ ဖမ်းပြီးတော့မှ ရဲစခန်းကိုပို့တယ် ၊ ရဲစခန်းကနေမှ ဒီကနေ့ တရားရုံးတင်လိုက်ပြီ သူတို့ကို။ အခုတရားရုံးကနေ ဒဏ်ငွေနဲ့ သူတို့ကို ပြန်လွှတ်မှာ။ ကျနော်တို့လည်း ဒီကအဆက်အသွယ်ရတာလေ ခရိုင်ကလည်းရတယ် ရဲမှူးကြီးနဲ့လည်းရထားတယ်။”

အလုပ်သမားတွေအနေနဲ့ တရားဝင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားရင် ခရီးသွား လာခွင့်ရ ရှိသင့်တယ် လို့ ဦးကျော်သောင်းကတော့ ဆိုပါတယ်။

“တရားဝင် Visa ရှိတယ် ပတ်စပို့ရှိတယ်ဆိုရင် သွားလာခွင့်ရှိရမယ်။ အတင်းသွားလာခွင့်ကိုပိတ်ပင်တယ် Visa ရှိတယ် နေလို့မရဘူးဆိုရင် နိုင်ငံတော်အစိုးရနဲ့ စကားပြောရမယ်လေ။ မြန်မာတွေ ဒီအတိုင်း သီးခံပြီးတော့ ငွေကြေးကုန်နေရတာ မြန်မာအစိုးရ ဒီအတိုင်းကြည့်နေလို့တော့ မရတော့ဘူးလေ။”

နေရပ်ရင်းပြန်တဲ့ မြန်မာအလုပ်သမားတွေဟာ စာရွက်စာတမ်းအထောက်အထားတွေ ဘာတွေ ယူဆောင်လာရမလဲဆိုတာ မသိရှိတာတွေကြောင့် စာရွက်စာတမ်း လိုအပ်ချက်ရှိတယ်ဆိုပြီး နယ်စပ်ဂိတ်တွေ ကနေဆွဲချပြီး ဖမ်းဆီးခံနေရတာတွေလည်းရှိနေတာပါ။အခု အလုပ်သမားတွေကတော့နယ်စပ်ဂိတ်အဆင့်ဆင့်ကိုဖြတ်ကျော်ပြီးမှ ချစ်ကြည်ရေးတံတားပေါ်ကနေအပြန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ထိုင်းအစိုးရရ ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်တဲ့ ဥပဒေအသစ်အရ အလုပ်လုပ်ခွင့် လက်မှတ်မရှိပဲ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကတော့ပြည်ဝင်ခွင့်နှစ်နဲ့ ချီပြီးပိတ်ပင်တာမျိုးတွေလုပ်မှာကို အလုပ်သမားတွေကစိုးရိမ်နေကြပေမယ့် မြန်မာသံရုံးကအလုပ်သမားသံအရာရှိကတော့ အဲဒီလိုမလုပ်အောင်ဆွေးနွေးထားတယ်လို့ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG