သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစက်ရုံက မြန်မာအလုပ်သမား ၆၅ဦး နစ်နာကြေး ဘတ် ၂သန်းရ


မြန်မာရွှွေ့ပြောင်းအလုပ်သမားများ။ ဓာတ်ပုံ- ကိုရဲမင်း FB။
မြန်မာရွှွေ့ပြောင်းအလုပ်သမားများ။ ဓာတ်ပုံ- ကိုရဲမင်း FB။

ထိုင်းနိုင်ငံက တိရစ္ဆာန်စာ ထုတ်လုပ်တဲ့ PCG ဆိုတဲ့စက်ရုံတရုံကနေ လွန်ခဲ့တဲ့ ၄ လမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ဟာ မတ်လ ၃၁ ရက်နေ့မှာတော့ နစ်နာကြေး ထိုင်းဘတ်ငွေ ၂ သန်းကျော် ရကြပါတယ်။ မြန်မာအလုပ်သမားတွေက ထိုင်း အလုပ်သမားကာကွယ်ရေးရုံးမှာ အလုပ်ရှင်ကိုအမှုဖွင့် တိုင်ကြားပြီးခဲ့တဲ့နောက် အခုလို နစ်နာကြေးငွေ ရကြတာပါ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဆမွတ်ပါရာကန်ခရိုင် ဆမွန်ပါရကန်မြို့နယ်ထဲက တိရိစ္ဆာန်အစားအစာတွေ ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်တဲ့မြန်မာအလုပ်သမား ၁၀၀ကျော်ဟာ လွန်ခဲ့တဲ့ ၄လခန့်က နစ်နာကြေးမရပဲ အလုပ်တွေရပ်နားတာ ခံခဲ့ရတာပါ။ ဒီအတွက် အလုပ်သမားတွေကို အကူညီပေးတဲ့ AAC မဟာမိတ်အဖွဲ့ကတဆင့် ထိုင်းအလုပ်သမားကာကွယ်ရေးရုံးကို တိုင်ကြားခဲ့ပါတယ်။

ဒီအတွက် အလုပ်သမား ၆၅ယောက်ဟာ မတ်လ ၃၁ရက်နေ့ မှာတော့ သူတို့ကို အလုပ်ကနေ ထုတ်ပယ်လိုက်တဲ့ နစ်နာကြေး ဘတ်ငွေ ၂သန်းကျော်ကို ရရှိခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းကပြောပြပါတယ်။

" အလုပ်ရုံကတော့ PCG လို့ခေါ်တယ်။ တိရိစ္ဆာန်အစားအစာ နိုင်ငံခြားပို့တဲ့ အလုပ်ရုံပေါ့နော်။ ကြောင်စာတွေ ခွေးစာတွေထုတ်ပြီး နိုင်ငံခြားပို့တယ်။ လွန်ခဲ့တဲ့ ၄လလောက်ကတည်းက ဒီအလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်ဖြုတ်ပစ်လိုက်တယ်။ အလုပ်ရုံအလုပ်ပါးတယ်ဆိုပြီးတော့ ဖြုတ်တုန်းကတော့ လူပေါင်း ၁၀၈ယောက်၊ အခုနောက်ပိတ်ဆုံး လျော်ကြေးရတဲ့အချိန်မှာ ၆၅ယောက်၊ ကျန်တဲ့သူတွေက ယုံကြည်မှုနည်း တာလည်းပါတယ် လျော်ကြေးကို မရလောက်တော့ဘူးထင်ပြီးတော့ စိတ်ဓာတ်ကျပြီးတော့ အလုပ်တွေပြောင်း နေရာတွေပြောင်းကုန်ပြီးတော့ တိုင်ချက်မဖွင့်တဲ့သူတွေပေါ့နော် အဲ့ဒီ့စိတ်ဓာတ်ကြံ့ကြံ့ခံပြီးတော့ ရေရှည်တိုင်ချက် ဖွင့်ထားတဲ့ ၆၅ ယောက်ကတော့ ငွေအားလုံးပေါင်း ၂သန်း ၇သိန်းငါးသောင်း တစ်ထောင်ရတယ်။ မြန်မာငွေနဲ့တွက်ကြည့်လိုက်တာ သိန်းတစ်ထောင်နဲ့ သုံးဆယ့်ခုနှစ်သိန်းရတယ်။"

အလုပ်သမားတွေထဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာတဲ့အလုပ်သမား ၈ယောက်ပါဝင်ပြီး တခြားပန်းရောင်ကဒ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေလည်း ပါဝင်တာပါ။ စက်ရုံက အလုပ်ပါးတဲ့အချိန် လူအင်အားလျော့ချရာမှာ လုပ်သက် ၅ နှစ် ၆နှစ်ထိရှိတဲ့ အလုပ်သမားတွေလည်း ပါဝင်ခဲ့တာပါ။ အလုပ်သမား၁၀၀ကျော်ကို လျော့ချလိုက်ပြီးတဲ့နောက်မှာတော့ နောက်ဆုံး အချိန်ထိ တရားစွဲအမူ ရင်ဆိုင်ခဲ့တဲ့ အလုပ်သမား ၆၅ယောက်သာ နစ်နာကြေးရရှိခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရားမဝင်ရော တရားဝင် အလုပ်သမား အားလုံးပေါင်းရင် ၃သန်းကနေ ၄သန်းလောက်ထိ ရှိတယ်လို့ နှစ်နိုင်ငံ အစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG