သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းက မြန်မာ အလုပ်သမားတွေ သတ်မှတ်အနိမ့်ဆုံးလစာ ရနိုင်ခြေနည်း


ထိုင်းနိုင်ငံ၊ ကမ္ဘာလှည့်ခရီးသည်တွေလာလေ့ရှိရာ ပန်ငခရိုင်က ဈေးချိုချိုနှင့်ခိုင်းနိုင်သော မြန်မာ ဆောက်လုပ်ရေးအလုပ်သမားများ။
ထိုင်းနိုင်ငံ၊ ကမ္ဘာလှည့်ခရီးသည်တွေလာလေ့ရှိရာ ပန်ငခရိုင်က ဈေးချိုချိုနှင့်ခိုင်းနိုင်သော မြန်မာ ဆောက်လုပ်ရေးအလုပ်သမားများ။
၂၀၁၃ ခု၊ ဇန်နဝါရီလ တစ်ရက်နေ့ကစလို့ ထိုင်းနိုင်ငံတဝှမ်းလုံးက အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လစာ တစ်ရက်ကို ဘတ်ငွေ ၃၀၀ ရရှိရမယ်လို့ ထိုင်းအစိုးရသတ်မှတ်ထားတဲ့အတိုင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဖို့ အခြေအနေနည်းတယ်လို့ မဟီဒေါတက္ကသိုလ်က ရွှေ့ပြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူက ပြောလိုက်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား သောင်းချီရှိနေတဲ့ မဲဆောက်မြို့က အလုပ်သမားတွေ ရသင့်တဲ့ ရပိုင်ခွင့်ကို ခံစားနိုင်ကြဖို့ အခွင့်အလမ်း နည်းတယ်လို့ ဆိုပါတယ်။ ဘာကြောင့်ပါလဲ -ဆက်သွယ်စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ထိုင်းနိုင်ငံတဝန်းလုံးက အလုပ်သမားတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာလောက်နဲ့ ညီမျှတဲ့ တရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၃၀၀ ကို ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက စတင်ရရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီ ရှိနေကြတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ရသင့်တဲ့ အနိမ့်ဆုံးလစာ ရနိုင်တဲ့အခြေအနေ နည်းတယ်လို့ ဘန်ကောက်မြို့၊ မဟီဒေါ တက္ကသိုလ်က ရွှေ့ပြောင်းအလုပ်သမားအရေးကျွမ်းကျင်သူ Adndy Hall ကပြောပါတယ်။ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ်က စက်ရုံအလုပ်ရုံတွေများတဲ့ မဲဆောက်မြို့မှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တနေ့ ဘတ် ၃၀၀ ရကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အလုပ်ရှင်တွေပေးမှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ပေးသင့်တဲ့ အနိမ့်ဆုံးလစာ မပေးကြတဲ့ အလုပ်ရှင်တွေ အများကြီး ရှိပါတယ်။ အလုပ်ရှင်တွေက ရဲကိုပေးရတယ်။ တာဝန်ရှိသူတွေကို ပေးရတယ်ဆိုပြီး အလုပ်သမားတွေရဲ့ လုပ်အားခကို အမြတ်ထုတ်နေကြတာပါ၊ ကောင်းဆုံး သာဓကကတော့ မဲဆောက်မှာပါ၊ မဲဆောက်က အလုပ်ရှင်တွေက အလုပ်သမားတွေကို တနေ့ ဘတ် ၃၀၀ ပေးမှာကို မဟုတ်ပါဘူး”-လို့ ပြောသွားတာဖြစ်ပါတယ်။

ယာယီနိုင်ငံကူးလက်မှတ် တနည်းအားဖြင့် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရှိထားတဲ့ အလုပ်သမားတွေကတော့ သတ်မှတ် အနိမ့်ဆုံး လစာကို ခံစားရနိုင်ဖို့များပေမဲ့ ဘာလက်မှတ် အထောက်အထားမှ မရှိကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက်အတွက်ကတော့ ထိုင်းအစိုးရ သတ်မှတ်ချက်အတိုင်း ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဥပဒေအရ ပေးတယ်ဆိုရင်လဲ တခြားနည်းလမ်းတွေနဲ့ ပြန်ပြီး လစာ အနှိမ်ခံရနိုင်တယ်လို့လည်း Andy Hall ကပြောပါတယ်။

“အလုပ်သမားတွေ အနိမ့်ဆုံးရသင့်တဲ့ လစာရပါလိမ့်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ တခြားရပိုင်ခွင့်တွေ ဖြတ်တာကို ခံရနိုင်ပါတယ်။ အချိန်ပို အလုပ်ချိန်လဲ ဖြတ်ခံရနိုင်ပါတယ်။ အချိန်ပိုလုပ်ချိန် နည်းတယ် ဆိုရင် လကုန်လို့ လခထုတ်ချိန်မှာ လစာနည်းနည်းပဲ ရကြပါလိမ့်မယ်၊ အချိန်ပိုခက တနာရီကို ၁ ဆခွဲလောက် ရကြတာပါ၊ အလုပ်ရှင်တွေဖက်က တနေ့ပေးရတဲ့ ဘတ် ၃၀၀ ပြန်ကာမိအောင် အလုပ်သမားတွေဆီက ဖြတ်ကြမှာပါ၊ နောက်အလုပ်သမားတွေ အပြင်ထွက်ချိန်တွေ လျှော့ပြစ်တာ မျိုးလို အလုပ်သမားတွေအပေါ်မှာ ဖိအားတွေ များလာနိုင်ပါတယ်”- လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကျွမ်းကျင်သူ Andy Hall က သူ့အမြင်ကို ပြောသွားပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်ခင်က မဲဆောက်ခရိုင်မှာ အနိမ့်ဆုံး တရက်လုပ်အားခ ၂၂၆ ဘတ် ပေးရမယ်လို့ ထိုင်းအစိုးရက သတ်မှတ်ထားတာတောင် မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား တချို့ဆိုရင် ဘတ် ၁၀၀ တောင် မရကြပါဘူး။ မဲဆောက်မြို့က မီးလုံးစက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတယောက်က ပြောပြတာက-
“သတ်မှတ်ထားတဲ့နှုန်း မရပါဘူး။ ရနေတာက တချို့ လက်ရှိအလုပ်သမားတွေကျတော့ ၆၅ ဘတ်ရတယ်။ တချို့ကျတော့ ၇၅ ဘတ် ရတယ်။ တချို့ကျတော့ ၈၀ ရပါတယ်ခင်ဗျာ။ ကျနော်တို့ ကြားတော့ ကြားထားတယ်။ တနေ့ကို ၃၀၀ ရမယ်လို့၊ ဒါပေမဲ့ OT (အချိန်ပို) က တနေ့ကို ဘယ်လောက်ပေးမလဲဆိုတာ ကျနော်တို့ မသိဘူး ခင်ဗျ။ ဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီအထိကို ၃၀၀ ရမှာလဲ၊ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိကို ၃၀၀ လား၊ ကျန်တဲ့ အချိန်တွေကျတော့ ကျနော်တို့ကို ဘယ်လို ပေးမှာလဲ။ အဲဒါမျိုးပေါ့နော်။”
အလုပ်သမားအများစုအနေနဲ့ သူတို့အခွင့်အရေးကို တောင်းဆိုနိုင်တဲ့ အခြေအနေ မရှိကြတာကို ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ရောင်ခြည်ဦးအဖွဲ့က ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က VOA ကို ခုလို ပြောပြပါတယ်။

“အများစုကတော့ တိုင်ဖို့အတွက် အခြေအနေ မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့အတွက် အန္တရာယ်ရှိပါတယ်။ အလုပ်ရှင်က အလုပ်ဖြုတ်တာတို့၊ အလုပ်ဖြုတ်လိုက်ပြီဆိုရင် အလုပ်သမား တစ်ယောက်က အလုပ်ပြန်ရှာဖို့ အရမ်းခက်ခဲတာလေ။ အလုပ်ဖြုတ်တာတို့၊ လုပ်အားခ မထုတ်ပေးတာတို့၊ အဲလိုတွေ ရှိတယ်။ နောက် သူတို့ကဒ်တွေကို ဖြတ်သိမ်းလိုက်တာတို့၊ အလုပ်သမားလက်မှတ်တွေ ဖြတ်သိမ်းလိုက်တာတွေ ရှိတဲ့အတွက်ကြောင့် အလုပ်သမား အတော်များများက ကြောက်ကြတယ်။ နောက်တခုက ဘာလဲဆိုတော့ သူများနိုင်ငံမှာ အလုပ် လုပ်ကြရတာ၊ အဲဒီလိုမျိုး လုပ်မယ်ဆိုရင် ငါတို့အတွက် အခွင့်အရေး ရှိပါ့မလား၊ ငါတို့အတွက် ရပါ့မလားဆိုတဲ့ စိတ်တွေက အလုပ်သမားတိုင်းမှာ ဖြစ်နေတာပေါ့နော်။”

ရွှေ့ပြောင်းအလုပ်သမားအရေး ကျွမ်းကျင်သူ Andy Hall ရဲ့ အပြောအရဆိုရင် မဟာချိုင်ခရိုင်ထဲက နိုင်ငံတကာ စက်ရုံကြီးတွေမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ခလစာ ပေးကြတာတွေ့ရတယ်လို့ ပြောပါတယ်။ ထိုင်းအစိုးရဘက်ကလည်း မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ သတ်မှတ်ချက်အတိုင်း တနေ့ ဘတ် ၃၀၀ ရစေပါမယ်လို့ အာမခံထားတာကို သူက အခုလိုပြောပါတယ်။

“သေချာတာကတော့ ဝန်ကြီးချုပ် Yinluck နဲ့ သမ္မတ ဦးသိန်းစိန်တို့တွေ့ကြတုန်းက မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဘတ် ၃၀၀ ရဖို့ကိစ္စကိုလည်း သဘောတူခဲ့ကြပါတယ်။ ဝန်ကြီးချုပ် ကိုယ်တိုင်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တနေ့အနည်းဆုံးလုပ်အားခ ဘတ် ၃၀၀ ရစေရပါမယ်လို့ အာမခံခဲ့ပါတယ်။ အလားတူ ထိုင်း အလုပ်သမားဝန်ကြီးကလည်း အာမခံခဲ့တာပါ။ ထိုင်းအစိုးရထိပ်ပိုင်းကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူရစေပါမယ်ဆိုတာကို အသေအချာပြောထားကြပါတယ်”
လို့ မဟီဒေါတက္ကသိုလ်က ရွှေ့ပြောင်းအလုပ်သမားရေးရာ ကျွမ်းကျင်သူ Andy Hall က VOA မြန်မာပိုင်းကို ပြောပြပါတယ်။

ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံက တရားဝင် အလုပ်လာလုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ အလုပ်သမား ခံစားခွင့်တွေပေးထားပေမဲ့ ဘယ်လို ရပိုင်ခွင့် ခံစားခွင့်ရှိတယ်ဆိုတာကို မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအများစုက မသိကြပါဘူးရှင်။
XS
SM
MD
LG