သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်အကိုင်ဖန်တီးရေး မြန်မာဦးစားပေးဆောင်ရွက်မှုအပေါ် တုံ့ပြန်


ဆောက်လုပ်ရေး လုပ်သားတို့ရဲ့ လုပ်ငန်းခွင်။ ရန်ကုန် မေလ ၁၇ ၂၀၁၆။
ဆောက်လုပ်ရေး လုပ်သားတို့ရဲ့ လုပ်ငန်းခွင်။ ရန်ကုန် မေလ ၁၇ ၂၀၁၆။

အလုပ်အကိုင်ဖန်တီးရေးက မြန်မာ အစိုးရရဲ့ ဦးစားပေး လုပ်ငန်းတခု ဖြစ်တယ်လို့ မြန်မာ အစိုးရက နိုင်ငံတကာ အလုပ်သမား အဖွဲ့ ILO ညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးနိုင်ရေး ဆောင်ရွက်ချက်တွေ၊ အလုပ်သမား ဥပဒေ ပြဌာန်းချက်တွေ ပြင်ဆင်ရေး ဆောင်ရွက်နေသလို ရွှေ့ပြောင်း အလုပ်သမားတွေ အရေးကိုလည်း အဓိကထား ဆောင်ရွက် နေတယ်လို့လည်း မြန်မာ အစိုးရက ပြောဆိုတာပါ။

အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ မြန်မာ အစိုးရရဲ့ အလုပ်သမားရေး ဆောင်ရွက်မှုတွေ အပေါ် အားမလို အားမရ ဖြစ်နေကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

အလုပ်အကိုင်တွေ ဖန်တီးရေး မြန်မာ အစိုးရဘက်က ဦးစားပေး ဆောင်ရွက်နေတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILOညီလာခံမှာ ပြောဆိုခဲ့တာပါ။

“ အလုပ်အကိုင်တွေ ဖန်တီးပေးရေးက မြန်မာနိုင်ငံရဲ့ အမျိုးသား အဆင့် ဦးစားပေး လုပ်ငန်းတွေထဲက တခုဖြစ်ပါတယ်။ သင့်တော်တဲ့ အလုပ်အကိုင်တွေ ဖန်တီးရေး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ရှေ့ဆက် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အကျဉ်းချုပ် တင်ပြချင်ပါတယ်။

အမျိုးသားအဆင့် သုံးပွင့်ဆိုင် ကော်မတီမှာ အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ အလုပ်သမား ဥပဒေ ပြုပြင်ပြောင်းလဲရေး အသေးစိတ် ဆွေးနွေးညှိနှိုင်းဖို့ အတွက် အကောင်အထည်ဖော်ရေး လုပ်ငန်း အဖွဲ့ကိုလည်း ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ သုံးပွင့်ဆိုင် ကော်မတီရဲ့ အလုပ်သမားရေးရာ ကိစ္စရပ်တွေမှာ တက်တက်ကြွကြွ စေ့စပ် ဆွေးနွေးမှုနဲ့ လူမှုရေးပိုင် ညှိနှိုင်းမှု အခန်းကဏ္ဍက ပိုပြီး အားကောင်းခိုင်မာလာပါတယ်။ ”

နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO ရဲ့ ၁၀၆ ကြိမ်မြောက် ညီလာခံကို ဇွန်လ ၅ ရက်ကနေ ၁၆ ရက်နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ ဖော်ဆောင်နိုင်ရေး၊ အလုပ်သမားဥပဒေတွေ ပြင်ဆင်ရေး အပြင် ရွှေ့ပြောင်း အလုပ်သမားတွေကို အကာအကွယ်ပေးရေး အတွက်ပါ မြန်မာဘက်က ဦးစားပေး ဆောင်ရွက်နေတယ်လို့လည်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

“ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ သဘောတူညီချက် ရဖို့ ကြိုးပမ်းနေတာနဲ့ အတူ ရွှေ့ပြောင်း အလုပ်သမားတွေကို ကာကွယ်ပေးရေးနဲ့ မြှင့်တင်ပေးရေး၊ အလုပ်သမားထုရဲ့ စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုဖူလုံရေး စနစ် ရှင်သန် အားကောင်းရေး ကိုလည်း မြန်မာနိုင်ငံက အဓိက ဦးစားပေး ဆောင်ရွက်နေပါတယ်။ ”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ် လက်ထက်မှာ အလုပ်အကိုင် အသစ်တွေ တိုးတက်လာတဲ့ သိသာထင်ရှားတဲ့ အထောက်အထား မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူ တချို့က ဝေဖန်ကြပါတယ်။ အလုပ်သမားတွေ အနေနဲ့ကတော့ အလုပ်အကိုင် မဆုံးရှုံးရေး အတွက် အာမခံချက် မရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အစီအစဉ်မှူး ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

“ လောလောဆယ်မှာ ဘာလဲ ဆိုတော့ ဥပဒေပိုင်း ဆိုင်ရာမှာ အားနည်းတာတွေက အခုလိုမျိုးပေါ့နော်။ ကျမတို့ အခု ရင်ဆိုင်နေရတဲ့အလုပ်တွေကို အစုလိုက် အပြုံလိုက် ဖြုတ်နေတယ် ဝန်ထမ်းတွေကို။ ဒါပေမယ့် ဝန်ကြီးဌာန အနေနဲ့ ဘာမှ သိပ်ပြီးတော့ ထိရောက်တဲ့ စွမ်းဆောင်မှု မလုပ်နိုင်ဘူးပေါ့။”

အလုပ်သမား အရေး တိုးတက်မှု အတွက် အလုပ်သမား ဥပဒေတွေ ပြင်ဆင်ရေးက အခရာ ကျတာ မှန်ပေမယ့် ဒီ ဥပဒေတွေ မပြင်ဆင်နိုင်သေးခင်မှာ ရှိနေတဲ့ ဥပဒေအတိုင်း အတိအကျ ကျင့်သုံးနိုင်တဲ့ အစိုးရ ယန္တယား တရပ် လိုအပ်နေတာလို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဒေါ်မျိုးမျိုးအေးက ထောက်ပြပါတယ်။

“ ကျမတို့ကတော့ Law Reform ပေါ့နော်။ နောက်တချက်က Law Reform မလုပ်နိုင်ခင်မှာ သူ့ဟာနဲ့သူ ရှိနေတယ်။ ဒါပေမယ့် Law Installmentဒီ ဥပဒေကို အသက်ဝင်အောင် လုပ်ဖို့ အတွက် အင်စတီကျူရှင်း အရမ်း အားနည်းတယ်။ အလုပ်သမား တယောက် အလုပ်ပြုတ်သွားရင် အလုပ်သမား တယောက် တခုခု ဖြစ်သွားရင် ဘယ်ကိုသွားရမယ် ဘာကို လုပ်ရမယ် အဲဒီမှာ တာဝန်ယူမယ့် တာဝန်ခံမယ့် လူတွေပေါ့နော်။ ကျမ ပြောတာ အောက်ခြေ ဦးစီး အရာရှိ ထားလိုက်တော့။

ညွှန်ကြားရေးမှူးချုပ် အဆင့်တောင်မှ ဒီကိစ္စက ဟို ညွှန်ချုပ်နဲ့ဘဲ ဆိုင်တယ်၊ ဒီညွှန်ချုပ်နဲ့ဘဲ ဆိုင်တယ်။ ငါတို့နဲ့ မဆိုင်ဘူးလို့ ပြောနေမယ့် အစား ပေါင်းစပ်ညှိနှိုင်းပြီးတော့ အလုပ်သမား ကိစ္စကို ဘယ်လို ပြေလည်အောင် ဖြေရှင်းမလဲ ဆိုတဲ့ အဖြေ တခုကို ထုတ်မယ်ဆိုလို့ ရှိရင် ဒီလောက်ထိ ပြသနာ မတက်ဘူးလို့ ကျမထင်တယ်။ ဥပဒေ ပြင်တာက ပြင်တာပေါ့လေ။ ဥပဒေ ဆိုတာက လွှတ်တော်ကို သွားရမယ်။ ပြင်ဆင်တဲ့ အပိုင်းတွေ ရှိတယ်။ အဲဒါ မလုပ်ခင် စပ်ကြားမှာ ကျမတို့က ဒီတိုင်း ငုတ်တုတ် ထိုင်နေရမှာလား။ ပေါင်းစပ်ပြီးတော့ အဖြေရှာသင့်တယ်လို့ ကျမကတော့ မြင်တယ်။”

မြန်မာ အစိုးရရဲ့ အလုပ်သမား ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိဖို့၊ နောက် အစိုးရ အသိအမှတ်ပြု အလုပ်သမား အဖွဲ့တွေတင် မဟုတ်ဘဲ အလုပ်သမား အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ရရေး၊ တန်းတူ ဆွေးနွေးခွင့်ရရေး ရှိဖို့ လိုအပ်တယ်လို့လည်း အလုပ်သမား အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ကျင်းပခဲ့တဲ့ ILO ညီလာခံမှာတော့ မြန်မာနိုင်ငံကို ၂၀၁၇-၂၀၂၀ အတွက် ILO အုပ်ချုပ်မှု အဖွဲ့ဝင် (Deputy Member) အဖြစ်လည်း ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံတွင်း လက်ရှိ ILO ဆက်သွယ်ရေး အရာရှိရုံး အစား မြန်မာနိုင်ငံဆိုင်ရာ ILO ရုံး အဖြစ် ပြောင်းလဲ ဖွင့်လှစ်နိုင်ရေးလည်း ILO ညွှန်ကြားရေးမှူးချုပ်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေတို့ ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG