သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူရောက် မြန်မာအလုပ်သမားတွေ အခက်အခဲတွေ့ရင် သံရုံးကိုဆက်သွယ်ဖို့ မေတ္တာရပ်ခံ


စင်ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ပြသနာ အခက်အခဲဖြစ်လာရင် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အမြန်ဆုံးဆက်သွယ်ကြဖို့နဲ့ စင်ကာပူရောက် မြန်မာ့လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ကြဖို့ ကိုယ့်အသက်အန္တရာယ်ကို ရန်မရှာကြဖို့ စင်ကာပူရောက်မြန်မာ့အရေးကူညီပေးနေသူတွေက မေတ္တာရပ်ခံလိုက်ကြပါတယ်။ နောက် စင်ကာပူကိုအလုပ်သမားစေလွှတ်လိုက်တဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုရှိအောင် မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိထိရောက်ရောက်စိစစ်ဆောင်ရွက်ပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာ ထိရောက်တဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့မဆုမွန် ပြောပြပါမယ်။

မနေ့တနင်္လာနေ့ ညနေပိုင်းက စင်ကာပူနိုင်ငံ Depot လမ်းမပေါ်မှာရှိတဲ့ ၂၄ထပ် အမြင့်ရှိတဲ့ Interlace ကွန်ဒို ၁၈ထပ်ကနေ အိမ်အကူအလုပ်သမား မြန်မာအမျိုးသမီးလေးတဦး ခုန်ချပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင် သွားခဲ့တဲ့အပေါ် စင်ကာပူရောက်မြန်မာတွေအပါအဝင် မြန်မာတွေတော်တော်များများ တုန်လှုပ်ခဲ့ကြရပါတယ်။ စင်ကာပူရောက်မြန်မာအိမ်အကူအလုပ်သမားတချို့ နေအိမ်တွေထဲမှာ ဘာသာစကားအခက်အခဲဖြစ်တာ အိမ်ရှင်တွေနဲ့အဆင်မပြေတာတွေမှာ မွန်းကျပ်မှုတွေဖြစ်ပြီး အခုလို ကိုယ့်ကိုကိုယ် အဆုံးစီရင် သတ်သေတဲ့အမှုတွေ ဖြစ်လာတယ်လို့ အိမ်အကူအလုပ်သမားတွေကို လိုက်လံကူညီပေးနေသူ စင်ကာပူရောက်မြန်မာ့အရေး ကူညီပေးနေသူတွေကပြောပါတယ်။

ဒါကြောင့် မြန်မာအလုပ်သမားတွေအနေနဲ့ အခက်အခဲတစုံတရာဖြစ်လာရင် တဦးတည်းမဖြေရှင်းပဲ သက်ဆိုင်ရာသံရုံးတာဝန်ရှိသူတွေနဲ့ မြန်မာလူမှု့အသိုင်းအဝိုင်းက အရေးပေါ်ဆက်သွယ်ရမယ့်နံပတ်တွေကို ခေါ်ယူအကြောင်းကြားကြပါလို့ စင်ကာပူက လူသားချင်း စာနာမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ HOME ( Humanitarian Organization for Migration Economics)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စေတနာ့ဝန်ထမ်းတဦးဖြစ်တဲ့ ဒေါ်ခင်လေးက ဗွီအိုအေမြန်မာပိုင်းကိုအခုလိုပြောပါတယ်။

“ဘယ်လိုအကြံပေးချင်သလဲဆိုတော့ ကိုယ့်မြန်မာဘက်ကိုပဲ အကြံပေးလို့ရမှာပေါ့ ၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဘက်က အေးဂျင့်တွေကနေပြီးတော့ ဖြစ်သလို ပို့နေတဲ့အခါကျတော့ အမတို့က ပင်လယ်ရေကြီးကို သဲတအိပ်နဲ့ပိတ်နေရသလို ဖြစ်နေတယ်။ အပြင်ထွက်ခွင့်မရပဲနဲ့ အိမ်ထဲမှာ ပိတ်လှောင်နေတဲ့ ကလေးတွေ ဘယ်လောက်ရှိသလဲဆိုတာ အမတို့မသိဘူး။ လူတယောက်ဘယ်လောက်တောင်မှ အခန်းထဲမှာ လှောင်ပိတ်နေသလဲ ဘယ်လိုဖြစ်လို့ ထွက်ပေါက်မရှိတာလဲ ၊ နောက်ပြီးတော့ ပိတ်လှောင်နေတဲ့ ကလေးတွေကို အမတို့က ဘယ်လိုသွားပြီးတော့ သူတို့ကို Communicate သွားလုပ်မလဲဆိုတာကို အမတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး အဲလိုဖြစ်နေတယ်။ သူတို့မှာ ဒီကိုရောက်ရောက်ခြင်း ၁ ရက် သင်တန်းတက်ရတာရှိတယ်။ သူတို့ကတော့ တခုခု ဖြစ်တယ်ဆိုရင် ဒီနံပတ်တွေကိုခေါ်ဆိုပြီးတော့ သင်လိုက်တာပဲ။ ဒါပေမယ့် အဲဒီစာရွက်တွေက အိမ်ရှင်တွေဆီရောက်သွားရင် အိမ်ရှင်တော်တော်များများက သိမ်းလိုက်တာ ခံရတဲ့အတွက် ကလေးတွေမှာ မအူမလည် စာမတတ် ပေမတတ်ဆိုတော့ ဖုန်းနံပတ်တွေလည်း အရေးရယ်အကြောင်းရယ်ဖြစ်လာမယ်ဆိုရင် ဘယ်ကို ကူရမှန်းမသိ ဖြစ်တာတွေကတော့ တပုံကြီးပဲပေါ့နော်၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အမတို့အနေနဲ့ ဒီ HOME ( Humanitarian Organization for Migration Economics) ဆိုတဲ့ဟာက 0522 ပင်နီဇွဲလား မှာလည်း ဖွင့်ထားတယ်။ နိုင်ကီ ပလာဇာ 0622 မှာလည်း ဖွင့်ထားတယ်။ သူတို့အချိန်မရွေးအကူအညီတောင်းလို့ရတယ်။ မြန်မာသံရုံးကလည်း အခုဆိုရင် အမြဲတမ်း welcome ဖြစ်နေတာ။”

စင်ကာပူက မြန်မာကလပ် ဦးဆောင်သူတဦးလည်းဖြစ်တဲ့ ဒေါ်ခင်လေးဟာ သေဆုံးသူအမျိုးသမီးရဲ့ရုပ်အလောင်းကို စင်ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံး တာဝန်ရှိသူတွေနဲ့အတူ ဒီကနေ့ စင်ကာပူဆေးရုံကြီးမှာ လိုက်လံကြည့်ရှု့ခွင့်ရခဲ့တာပါ။ မနေ့တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ် နောက် နာရေးကိစ္စနဲ့ပတ်သက်လို့လည်း သံရုံးဘက်က လိုက်လံ ကူညီဆောင်ရွက်ပေးနေတဲ့ နောက်ဆုံးအခြေအနေကိုလည်း ဒေါ်ခင်လေးက အခုလိုပြောပြပါတယ်။

“တကယ်တမ်းက အချိန်ရတယ်တဲ့ ၊ ညနေ ၅ နာရီခွဲကတည်းက အဲဒီအစွန်းမှာထိုင်ပြီး သူခုန်ချဖို့ လုပ်တာပေါ့နော် ၊ အခုခုန်ချတာက ၇ နာရီဆိုတော့ ၁ နာရီခွဲ ၊ မိနစ် ၉၀ လောက်အချိန်ရတယ်။ ဒါပေမယ့် ပြဿနာက သူကလည်း မြန်မာဆိုတဲ့အတွက် singapore civil defense force (scdf) အနေနဲ့ မြန်မာနဲ့ ပြောနိုင်တဲ့ တယောက်ကို ဖျောင်းဖျဖို့ပြောတယ်။ ဒါပေမယ့် ကောင်မလေးက လက်မခံဘူး။ ကောင်မလေးကသူ့မှာ အခင်ဆုံးသူငယ်ချင်းရှိတယ်တဲ့ သူနဲ့ပဲ စကားပြောချင်တယ်တဲ့ ၊ သူခင်တဲ့ကောင်မလေးက ဘယ်သူလဲဆိုတော့ အင်ဒိုနီးရှားမလေး။ သူခုန်ချတဲ့အထိပေါ့နော် အင်ဒိုနီးရှားကောင်မလေးနဲ့ စကားပြောသွားတယ်ပေါ့နော်။ အဲလိုဟာကို မြင်ပြီးတော့ အင်ဒိုနီးရှားကောင်မလေးလည်း ဆေးရုံရောက်သွားတယ်ပေါ့နော် သူလည်း shock ဖြစ်သွားတာပေါ့နော်။ အမတို့ မော်ကျူရီမှာ သွားကြည့်တယ်ဆိုတာကလည်း သံရုံးနဲ့ အမပဲ ပါတာလေ။ အေးဂျင့်တို့ အိမ်ရှင်တို့ဘယ်သူမှ မပါဘူး ရဲက သူတို့ကိုပြတာမဟုတ်ဘူး။ ကောင်မလေးက အမေမရှိတော့ဘူးလို့ သိတာကို ဆိုတော့အမတို့လှမ်းပြီးတော့ ဆက်သွယ်နေတယ်။သူ့အဖေတော့ သိပြီလို့တော့ပြောတယ်။ သူ့ Decision မှာမူတည်ပြီးတော့ သံရုံးက ကူညီဆောင်ရွက်ပေးမယ်လို့ ထင်တယ်။”

စင်ကာပူနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ဘယ်လိုအခက်အခဲပြသနာမျိုးပဲကြုံကြုံ အရင်ဆုံး စင်ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားကြဖို့ အထူးသဖြင့် မြန်မာသံရုံး HOTLINE ဖြစ်တဲ့ 8246 8581 ကို ခေါ်ယူကြဖို့နဲ့ စင်ကာပူရောက်မြန်မာ အသိုင်းအဝိုင်းက အလုပ်သမားရေးတွေကို လိုက်လံကူညီပေးနေသူတွေရဲ့ဆက်သွယ်ရန်ဖုန်းနံပတ်တွေကို မှတ်သားထားကြဖို့ကိုလည်း စင်ကာပူက Myanmar Volunteer Familyအဖွဲ့ ဦးဆောင်သူ ကိုအောင်ဝင်းထွဋ်ကလည်း တိုက်တွန်းပါတယ်။

“ပြဿနာ တခုခုဖြစ်လာလို့ရှိရင် ဘာမှ ရှက်စရာလည်းမလိုဘူး၊ ကြောက်စရာလည်းမလိုဘူး၊ မြန်မာသံရုံးကိုသာ ပြေးပါ။ တခုခု ဖြစ်ရင် မြန်မာသံရုံးကို ဖုန်းခေါ်ပါ။ မြန်မာသံရုံးက ၂၄ နာရီ HOTLINE ဖွင့်ပေးထားတယ်။ အချိန်မရွေးခေါ်လို့ရတယ်။ မြန်မာသံရုံးနဲ့ ချိတ်ဆက်ထားတဲ့ Lawyer တွေလည်းရှိတယ်။ HOME လိုမျိုး ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့အစည်းတွေလည်းရှိတယ်။ နောက်ပြီးတော့ မြန်မာသံရုံးကို ပြေးလာတဲ့ကလေးတွေအတွက် ထားဖို့ အဆောင်တွေလည်း သူတို့ဆီမှာ အဆင်သင့်ရှိပြီးသား။ ဒီမှာ Plan တွေအများကြီးချပြီးသား။”

အထူးသဖြင့်ကတော့ စင်ကာပူနိုင်ငံကို အလုပ်သမားတွေစေလွှတ်လိုက်တဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ ဒီ့ထက်ပိုပြီးတင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိအောင် စိစစ်အရေးယူဆောင်ရွက်သင့်တယ်လို့လည်း ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေးတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ဥပဒေတွေပြဌာန်းပေးဖို့ကိုလည်း အလုပ်သမားရေးကူညီပေးနေသူတွေကတောင်းဆိုပါတယ်။ သက်ဆိုင်ရာအနေနဲ့ ဆောင်ရွက်သင့်တာတွေကို ဒေါ်ခင်လေးပြောပြတာကတော့-

“ဘယ်လိုလုပ်သင့်သလဲဆိုရင် အေးဂျင့်တွေကို ထိန်းဖို့လိုတယ်၊ အေးဂျင့်တွေက မတရားလောဘနဲ့ပေါ့နော် လူရရင်ပြီးရော ဘာဖြစ်လို့လဲဆိုတော့ တယောက်ကို ၇ လစာယူရတာလေ ၃၅၀၀ ရာလောက်ရတယ်။ နိုင်ငံအစိုးရနဲ့ သတ်ဆိုင်ရာအဖွဲ့အစည်းတွေက အေးဂျင့်တွေကို ပိုပြီးတော့ Educate လုပ်ဖို့ ပိုပြီးလိုအပ်လာတယ်လို့ အမကတော့ မြင်ပါတယ်။”

စင်ကာပူကို အလုပ်လာရောက်လုပ်ကိုင်မယ့်မြန်မာအလုပ်သမားတွေအနေနဲ့လည်း မိမိတို့လုပ်ငန်းခွင်မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေ အကြောင်း တကယ်လို့ အခက်အခဲဖြစ်လာရင် ဆက်သွယ်ရမယ့် အရေးပေါ်ဆက်သွယ်ရမယ့်နံပတ်တွေ အဆက်သွယ်တွေ နောက် ဘာသာစကားအခြေခံနားလည်နိုင်အောင်နဲ့ လုပ်ငန်းခွင်ကျွမ်းကျင်နားလည်မှုရှိအောင် မိမိတို့အနေနဲ့လည်း ကြိုတင်ပြင်ဆင်လာကြသင့်တယ်လို့လည်း အလုပ်သမားတွေကို လိုက်လံကူညီပေးနေသူတွေက သတိပေးကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG