မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးခိုင်းမှု သိသိသာသာကျဆင်းသွားပေမဲ့ ကလေးအလုပ်သမားပြဿနာကတော့ ရှိနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ အလုပ်သမားအခွင့်အရေးဆောင်ရွက်မှုပိုင်းမှာတိုးတက်မှုတွေရှိလာသလို အာနည်းချက်တွေလည်း ရှိနေသေးတယ်လို့ Switzerland နိုင်ငံ Geneva မြို့မှာကျင်းပနေတဲ့ ၁၀၆ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာ ညီလာခံမှာ မြန်မာနိုင်ငံအလုပ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်နေတဲ့ ဦးမောင်မောင်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အလုပ်သမားအခွင့်အရေးအခြေအနေနဲ့ပါတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။
Switzerland နိုင်ငံ Geneva မြို့မှာ June လ ၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတဲ့ ၁၀၆ ကြိမ်မြောက်အလုပ်သမားရေးရာညီလာခံမှာ မြန်မာနိုင်ငံက အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်အဖွဲ့တွေပါဝင်တက်ရောက်ပြီး သက်ဆိုင်ရာခေါင်းစဉ်တွေမှာ ဆွေးနွေးတင်ပြနေကြပါတယ်။ မြန်မာကိုယ်စားလှယ်တွေဖက်က ပါဝင်ဆွေးနွေးနေကြတဲ့ကိစ္စတွေကို အလုပ်သမားကိုယ်စားလှယ်အဖြစ် တက်ရောက်နေတဲ့ ဦးမောင်မောင်က ခုလိုရှင်းပြပါတယ်။
“ဒီ ILO မှာအခုဆွေးနွေးတဲ့အထဲမှာပါတာကတော့ ရွှေ့ပြောင်းအလုပ်သမားကိစ္စကို ဆွေးနွေးတဲ့ကော်မတီတခုရှိပါတယ်။ နောက်တခါ ILO ရဲ့ စံနှုန်းစံထားတွေနဲ့ ညီလား မညီလားကို စိစစ်တဲ့ ကော်မတီတခုရှိတယ်။ နောက်ထပ်တခါ ကျနော်တို့ Decent work after peace အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့နောက်မှာ ဒီလူတွေကို ကောင်းမွန်သာယာတဲ့ အလုပ်အကိုင်ရရှိဖို့ဆိုတာဆွေးနွေးတဲ့ ကော်မတီတခုရှိတယ်။ နောက်ထပ်တခါ Fundamental rights at work ပေါ့နော် လုပ်ငန်းခွင်ထဲမှာအခြေခံ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေနဲ့ ဆွေးနွေးတဲ့ ကော်မတီ ၄ ခုရှိပါတယ်။ အဲဒီမှာ ကျနော်တို့အနေနဲ့ ကော်မတီ တခုကို လူ၂ဦးအနေနဲ့ တက်ပြီးတော့ ပါဝင်ပြီးတော့ တကမ္ဘာလုံးအနေအထားနဲ့ ဆွေးနွေးတဲ့ကိစ္စရှိတယ်။ ဆွေးနွေးတာက တပတ်လုံးပြီးသွားတဲ့အခါမှာ အခုက Drafting ပေါ့ ဆွေးနွေးချက်တွေပြီးတဲ့အခါမှာ သုံးသပ်ချက်တွေကို စုပြီးတော့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဖို့ကို သက်ဆိုင်ရာကော်မတီနဲ့ လုပ်နေတဲ့ ကဏ္ဍတွေရှိပါတယ်။”
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ နှစ်ပါတ်လည်ညီလာခံမှာ အစိုးရကိုယ်စားလှယ်တွေပဲ မဟုတ်ဘဲ အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသူတွေ၊ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြန်ဖြေရေး ခုံသမာဓိအဖွဲ့တာဝန်ရှိသူတွေ၊ အငြင်းပွားမှုပြန်လည်ညှိနှိုင်းရေးတာဝန်ရှိသူတွေပါ တက်ရောက်တင်ပြခွင့်ရတာက ကြီးမားတဲ့တိုးတက်မှုဖြစ်တယ်လို့ ဦးမောင်မောင်ကပြောပါတယ်။ အလုပ်သမားအခွင့်အရေးရရှိဖို့ ဆောင်ရွက်မှုတွေ တိုးတက်မှုရှိလာတယ်ဆိုပေမဲ့ စက်ရုံအလုပ်ရုံတချို့မှာ အလုပ်သမားအခြေခံအခွင့်အရေးချိုးဖောက်မှုပြဿနာ၊ မြေယာသိမ်းပြဿနာတွေကတော့ ရှိနေဆဲပဲလို့လည်းပြောပါတယ်။ ဒီတော့လက်ရှိမြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခွင့်အရေးရရှိမှုကို နိုင်ငံတကာစံနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်တိုးတက်လို့ ပြောနိုင်ပါသလဲ။
“one to ten လို့ပြောရင်တော့ ကျနော်တို့ ၅ မှာရှိပါတယ်။ ၁ ကနေ ၁၀ ပေါ့နော် အမှတ်ပေး ဇယားဆိုရင်တော့ ကျနော်တို့ ၅ မှာရှိပါတယ်။ဒါပေမယ့် ကျနော်တို့ သတိထားရမယ့်ကိစ္စရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က တိုင်းပြည်က နိုင်ငံရေးအရပြောင်းလဲနေတဲ့အချိန်မှာ လူမှုစီးပွားရေးနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုဆိုတာကို လုပ်ဖို့လိုတယ်ဆိုတာကို အလုပ်ရှင်တွေအထူးသဖြင့် သိဖို့လိုပါတယ်။ ကျနေ်ာအလုပ်သမားတွေကတော့ ကြိုးစားလို့ရတယ် ဒီလိုမျက်စိဖွင့်ပြီးလို့ရတယ်။ဒါပေမယ့် တဖက်မှာလည်းအလုပ်ရှင်အနေနဲ့ ဒါကိုနားလည်ပြီးတော့ အထူးသဖြင့် ကုန်ထုတ်လုပ်ငန်းကလူတွေပါ။ ကျနော်တို့ပြောင်းလဲမှုမှာ သတ်မှတ်ချက်တွေကို မလိုက်နာရင် ပိတ်ဆို့ခံရတယ်ဆိုတာကို သိဖို့လိုပါတယ်။
ဥပမာ- ကျနော်တို့နိုင်ငံမှာ ဒိန်းမတ်ကနေပြီးတော့ မတ်လမှာ မြန်မာနိုင်ငံက ထုတ်တဲ့ ကျွန်းသစ်တွေကို မဝယ်ပဲ ရပ်လိုက်တာရှိတယ်။ အဲဒါဘာလဲဆိုတော့ Transparency ပေါ့နော် ပွင့်လင်းမြင်သာမှုမရှိဘူး ကလေးအလုပ်သမားတွေ ပါသလား၊ အလုပ်သမား အခြေခံအခွင့်အရေး ချိုးဖောက်မှုဖြစ်သလားဆိုတာကို ကျနော်တို့ ပွင့်ပွင့်လင်းလင်းမတင်ပြနိုင်ဘူး၊ နောက်ပြီးတော့ သဘာဝနဲ့ ထိန်းသိမ်းတာတွေကို ပွင့်ပွင့်လင်းလင်းမတင်ပြနိုင်တဲ့အခါမှာ ကျနော်တို့ အပိတ်ခံရတာရှိပါတယ်။ဒါကြောင့် ပြောင်းလဲမှုဆိုတဲ့နေရာမှာ အလုပ်ရှင်ရော၊ အလုပ်သမားရော အားလုံးလိုက်ပြီးတော့ ပြောင်းလဲဖို့လိုပါတယ်လို့တော့ကျနော် တင်ပြချင်ပါတယ်ခင်ဗျ။
လုပ်ငန်းခွင်တချို့မှာ အခွင့်အရေးချိုးဖောက်တဲ့ပြဿနာတွေရှိနေသေးတော့ ဒီပြဿနာတွေမရှိတော့အောင် ဘယ်လိုလုပ်နိုင်မှာပါလဲ။
“အချိန်ပိုလုပ်တဲ့အချိန်တို့ ကျနော်တို့ မလုပ်ရဘူးလို့ပြောထားတာကိုလုပ်တယ်၊ နောက်တခါ အလုပ်မဆင်းရမယ့်အချိန်မှာ ဆင်းတယ်။ နောက်တခါ အနိမ့်ဆုံးလုပ်ခကိုပေးရမှာကို မပေးတာတွေက အလုပ်သမားတွေက ပြန်သတင်းပို့မှသာလျှင် ဝန်ကြီးဌာနအနေနဲ့ သိတယ်ပေါ့နော်။ အားနည်းတယ် အဲဒါကိုလည်း အခုဖြည့်ဆည်းဖို့တော့ လုပ်နေပါပြီ။ ဝိုင်းပြီးတော့ လုပ်မှရမှာပေါ့နော် ဥပဒေတွေကတော့ ထုတ်ထားပြီးပြီ။ တယောက်ယောက်က ဖောက်ဖျက်တယ်ဆိုရင်၊ ဖောက်ဖျက်တဲ့လူကိုတော့ ကျနော်တို့ အလုပ်သမားစစ်ဆေးရေးကို ကျနော်တို့ အကြောင်းကြားပြီးအဲဒီကနေ တဆင့် ယန္တရား ကို ကျနော်တို့ အသုံးပြုဖို့လိုမယ်။”
အဓမ္မလုပ်အားပေးခိုင်းစေတဲ့ပြဿနာ အရင်ကအတော်လေးကြီးမားခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုတော့ ဒီပြဿနာအတော်လေးလျော့နည်းသွားပြီလို့လည်း မြန်မာနိုင်ငံအလုပ်အမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်ကပြောပါတယ်။
“အခုမြန်မာပြည်မှာက ကျနော်တို့ပြောနိုင်တာကတော့ တော်တော်နည်းပါတယ်။ ကျနော်တို့ဒီ စစ်မြေပြင် ကလွဲလို့ပေါ့နော် တခြားဒေသတွေမှာတော့ တော်တော်နည်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အဖွဲ့ဝင်တွေရှိပါတယ်။ ကျနော်တို့ အဖွဲ့ဝင်တွေက တောင်သူလယ်သမားတွေပါ။ ကျနော်တို့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာရှိပါတယ်။ သူတု့ိကို ကျနော်တို့၆ လ တကြိမ်ကျနေ်ာတို့ မေးပါတယ်။ အစီရင်ခံစာသဘောမျိုးကျနော်တို့ တောင်းပါတယ်။ ဆိုတဲ့နေရာမှာ အရင်ကလို ပေါ်တာဆွဲတာတို့ အဓမ္မလုပ်အားပေးခိုင်းတဲ့ ကိစ္စတို့ စစ်တပ်ကို စခန်းဆောက်ခိုင်းတဲ့ ကိစ္စတွေက လျှော့နည်းသွားပြီ။
သို့သော်ပြောင်းလဲတာက ဘာလဲဆိုတော့ စက်မှုလုပ်ငန်းတွေထဲမှာ သဘောမတူတဲ့ အချိန်ပိုခိုင်းခြင်းသည် အဓမ္မလုပ်အားပေးဖြစ်တယ်ဆိုတာကို ဥပဒေတခုက ILOမှာဆွေးနွေးလာပါတယ်။ ဆွေးနွေးတဲ့အတွက် ဒီဟာနဲ့ ပတ်သက်ရင်တော့ အားလုံးသတိထားဖို့လိုတယ်။ ဒါကိုလည်း ကျနော်တို့နိုင်ငံမှာ စတင်ပြီးတော့ ဆွေးနွေးနေပါပြီလို့ ကျနော်ပြောချင်ပါတယ်။”
ဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားပြဿနာကတော့ ရှိနေဆဲဖြစ်ပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ်ထုတ်ပြန်တဲ့စစ်တမ်းအရ မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁.၃ သန်းလောက်ရှိပြီး တနိုင်ငံလုံး ကလေးငယ်အရေအတွက်ရဲ့ ၁၀% ကျော်ဟာ လယ်ယာလုပ်ငန်းလို မိသားစုစီးပွားရေး လုပ်ငန်းတွေမှာ လုပ်ခမရဘဲ အလုပ်လုပ်နေရတာအပါအဝင် တရားဝင်နဲ့ တရားမဝင် ကဏ္ဍတွေမှာ အလုပ်လုပ်နေကြရတာဖြစ်ပါတယ်။ အသက် ၁၄ နှစ်အောက်အရွယ် အလုပ်ခွင်ဝင်ရင် ကလေးအလုပ်သမားအဖြစ် မြန်မာနိုင်ငံမှာသတ်မှတ်ထားပေမဲ့ ကလေးအလုပ်သမား ပပျောက်အောင်လုပ်ဖို့ခက်တယ်လို့ ဦးမောင်မောင်က ဆိုပါတယ်။
“ကလေးအလုပ်သမားကတော့ ကျနော်တို့ ရှိနေပါသေးတယ်။ ကလေးအလုပ်သမားမရှိရဘူးလို့တော့ သီအိုရီအရ ပြောလိုက်ဖို့တော့လွယ်တယ်။ ဒါပေမယ့် အဲဒီလိုပြောလိုက်လို့ ကလေးအလုပ်သမားတွေက အလုပ်မရဘူးဆိုရင် သူတို့သည် ကျနော်တို့ သိသာမြင်သာတဲ့လုပ်ငန်း မဟုတ်ပဲနဲ့ ကျနော်တို့က Gray area တခြားမှောင်ခိုလုပ်ငန်းတွေထဲရောက်သွားမယ်ဆိုရင် ဘယ်သူတာဝန်ယူမလဲဆိုတဲ့ ပြဿနာရှိတယ်။ ဆိုတော့ အစိုးရက တာဝန်ယူမလားလို့ပြောတော့လည်း ပြောလို့ရတာပေါ့ဗျာ ဒါပေမယ့် အစိုးရကိုယ်တိုင်ကလည်း ဒီလိုသူတို့လက်ထဲကိုရောက်လာတဲ့ဟာကို သူတို့ဘယ်လိုရှင်းရမလဲဆိုတာ သူတို့တော်တော်အခက်အခဲရှိတယ်လို့ ကျနေ်ာနားလည်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က မြန်မာပြည်ကိုလာပြီးရင်းနှီးမြုပ်နှံမယ် အထူးသဖြင့် အထည်ချုပ်လုပ်ငန်းက brand တွေကိုပြောတာကတော့ ကလေးအလုပ်သမားရှိလို့ မဝယ်ဘူးဆိုရင်တော့ ငါတို့ကတော့ ဘယ်မှရောက်မှာမဟုတ်ဘူး။ သို့သော် ပူးတွဲပြီးတော့ Joint solution ပေါ့နော်၊ ဒီအလုပ်ရှင်ရော အလုပ်သမားရော အစိုးရကော ကျနော်တို့က ဒီလူငယ်တွေကို Skill training ကျွမ်းကျင်မှု ပိုင်းဆိုင်ရာသင်တန်းတွေ၊ ပြီးတော့ အလုပ်ရှာပေးမယ်ဆိုတာတွေ လုပ်မှ ကျနော်တို့က အဖြေရှာလို့ရမယ်လို့ ကျနော်ကတော့ အမြဲတမ်းပြောတယ်။ ကျနော်ကတော့ အဲလိုအကြည့်နဲ့ ကျနော်တို့ ကြည့်ပါတယ်ခင်ဗျ။”
Geneva မှာကျင်းပနေတဲ့ ILO ရဲ့ နှစ်ပါတ်လည်အလုပ်သမားရေးရာညီလာခံမှာ အလုပ်သမားကိုယ်စားလှယ်အဖြစ်တက်ရောက်နေတဲ့ ဦးမောင်မောင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံစုံကဆွေးနွေးနေကြတဲ့ အကြောင်းအရာခေါင်းစဉ်အပေါ်မူတည်ပြီး ဒီညီလာခံကနေ သုံးသပ်ချက်။ အကြံပြုချက်နဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။