သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်ပြည်တခွင် ကလေးလုပ်သား လျော့ပါးရေးဆွေးနွေး


မြန်မာပြည်က ကလေးလုပ်သားများ။
မြန်မာပြည်က ကလေးလုပ်သားများ။

မြန်မာနိုင်ငံမှာ ကလေးလုပ်သား အများအပြားရှိနေရတာဟာ ပြည်တွင်းစစ်ဖြစ်နေတာနဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့်ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါ တယ်။ ရန်ကုန်မြို့က Novotel ဟော်တယ်မှာ ဒီကနေ့မနက်ပိုင်းကကျင်းပတဲ့ World Day Against Child Labor အခမ်းအနား အတွင်း ဝန်ကြီးက သတင်းထောက်တွေကို အဲဒီလိုပြောတာပါ။ ဒါပေမဲ့လဲ ဒီသုံးသပ်ချက်ဟာ မပြည့်စုံဘူးလို့ ထောက်ပြတာလဲ ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့အပြား လုပ်ငန်းခွင်မျိုးစုံမှာ ကလေးလုပ်သားတွေကို တွေ့နေကြရတာဖြစ်ပြီး ဒီလို ကလေးလုပ်သား အများအပြားရှိနေရတဲ့ အကြောင်းရင်းတွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အခုလိုပြောပါတယ်။

"နယ်စပ်ဒေသတွေမှာ ဆူပူသောင်းကျန်းမှုတွေဖြစ်တယ်။ နောက် တိုက်ပွဲတွေဖြစ်တဲ့ အခါကျတော့ ကလေးစစ်သားတွေ များလာတာပေါ့။ အလားတူပဲ သဘာဝဘေးအန္တရာယ်ကို လူထုတွေ ခံစားရတဲ့အခါကျတော့ ကလေးစစ်သားတွေ များလာတာပေါ့။"

ဝန်ကြီးရဲ့ ဒီပြောဆိုချက်ဟာ တစိတ်တပိုင်းမှန်ပေမဲ့ အဓိကအချက်တခုက စားဝတ်နေရေးကြောင့်ဖြစ်တယ်လို့ ထောက်ပြသူက ရန်ကုန်မြို့ပေါ်မှာ ကလေးလုပ်သားတွေကို အလုပ်ချိန်ပြင်ပမှာ ကျောင်းစာ သင်ကြားပေးနေတဲ့ မြန်မာရွေ့လျားပညာရေးစီမံကိန်းရဲ့ အမှုဆောင်အရာရှိ ကိုတင်မောင်မောင်အေးဖြစ်ပါတယ်။

" လက်ရှိ ဒီ့ထက်ပိုပြီးတော့ ရှုပ်ထွေးတဲ့ ခက်ခဲတဲ့ များပြားတဲ့ကလေးလုပ်သားတွေက ဘာတွေလဲဆိုရင် စားဝတ်နေရေးအဆင်မပြေတဲ့အတွက်ကြောင့်မို့လို့ နယ်တွေ ရွာတွေကနေပြီးတော့ မြို့ကြီးပြကြီးတွေကို ပြောင်းလာရတဲ့ ကလေးအလုပ်သမားတွေက ပိုများတယ်ပေါ့နော်။ အဲ့တာတွေက လက်တွေ့ကျကျ သိချင်လို့ရှိရင် ဆင်ခြေဖုံးတွေ သွားကြည့်လိုက်ပေါ့ လှိုင်သာယာတို့ရှိမယ် ရွှေပြည်သာရှိမယ်။ ဒဂုံဆိပ်ကမ်းရှိမယ်။ ဒလရှိမယ် အဲ့ဒီ့မှာ သွားကြည့်လိုက်လို့ရှိရင် ၇၀၊ ၈၀% လောက်က ကျူးကျော်တွေဖြစ်တယ်။ အဲ့မှာရှိနေတဲ့ ကလေးသူငယ်အကုန်လုံး လိုလိုက ကလေးအလုပ်သမားတွေချည်းပဲ။"

မြန်မာနိုင်ငံမှာ ကလေးလုပ်သားပြဿနာဟာ ကြီးမားတဲ့ပြသနာတခုဖြစ်ပြီး ဒီပြဿနာ လျော့နည်းပပျောက်သွားဖို့ ဘာတွေ လုပ် သင့်တယ်ဆိုတာကိုလဲ ကိုတင်မောင်မောင်အေးက အခုလို အကြံပြုပါတယ်။

" သူတို့ရဲ့ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ ဘာတွေလဲ ဆိုတဲ့ဟာကို အဓိကကတော့ အများပြည်သူ သိအောင် ပညာပေးပွဲတွေ လုပ်သင့်တယ်။ ပြီးလို့ရှိရင် စာသင်ကျောင်းတွေနဲ့ သင်ရိုးညွန်းတမ်းတွေထဲမှာလည်း ဒီကိစ္စတွေကို ပွင့်ပွင့်လင်းလင်းနဲ့ တိတိကျကျ စပြီးတော့ အသိဉာဏ်တွေ ပေးသင့်ပြီလိုတော့ ထင်တာပဲ။ ဒီလိုအဆင့်မှာ ရောက်မှာ လူအများစုက သိမှ နောက်တဆင့်က ခုနကပြောတဲ့ ကလေးအလုပ်သမားကိစ္စကို ဘယ်လိုနည်း နဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်လဲ ဖြေရှင်းကြမလဲဆိုတဲ့အဖြေက ထွက်မယ်။ ဒီပြသနာကြီးက အစ်ကိုတို့နိုင်ငံမှာ အကြီးကြီးပဲ။"

ဝန်ကြီးဦးသိန်းဆွေကတော့ တခြားဝန်ကြီးဌာနတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကလေးလုပ်သား လျော့နည်း ပပျောက်သွားအောင် လုပ်နေတယ်လို့ ဆိုပါတယ်။

"ရှိပြီးသား ကလေးလုပ်သားတွေကိုလည်း သူတို့ရဲ့ဘဝတိုးတက်အောင်လို့ ပညာပေးတာတွေ ဆွေးနွေးတာတွေ ဆောင်ရွက်နေတယ် သူတို့လည်း ကလေးလုပ်သားတွေ ဘဝမှာ ဆောင်ရွက်တဲ့နေရာမှာလည်းပဲ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်။ ကလေးလုပ်သမား လျှော့ချရေးကိစ္စကတော့ မြန်မာနိုင်ငံအနေနဲ့ ဘက်ပေါင်းစုံကနေပြီးတော့ တခြားဝန်ကြီးဌာနက ဥပမာအားဖြင့် ပညာရေးဝန်ကြီးဌာန တို့ လူမှုဝန်ထမ်းဦးစီးဌာနတို့နဲ့ပေါင်းစပ်ပြီး ဆောင်ရွက်နေတယ် ဒါ့အပြင် UN အဖွဲ့အစည်းတွေပေါ့နော် ILO တို့ ယူနီဆက်ဖ်တို့ ပေါင်းလုပ်သလို ပြည်တွင်းမှာရှိတဲ့ NGO တွေနဲ့လည်းပဲ ပေါင်းစပ်ဆောင်ရွက်နေပါတယ်။"

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကလေးလုပ်သား ၁ ဒသမ ၂ သန်းလောက် ရှိတဲ့အထဲ ၁၈ နှစ်ပြည့်ပီး ကလေးလုပ်သား အရေအတွက်ဟာ ၉ ဒသမ ၆ သိန်းလောက်ရှိတယ်လို့လဲ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ လူမှုစီးပွားအခြေအနေ ဆန်းစစ် လေ့လာတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Verisk Maplecroft ကုမ္ပဏီရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးလုပ်သားအခြေအနေ အဆိုးရွားဆုံးဖြစ်နေတဲ့ ၁၀ နိုင်ငံထဲမှာ ဆိုမာလီယာ၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ယီမန် စတဲ့ နိုင်ငံ တွေနဲ့အတူ ပါဝင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG