သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာလုပ်သားများ တရားဝင် မှတ်ပုံတင်ခွင့်ရပြီ


အထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။
အထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အကျပ်အတည်းကြုံခဲ့ကြရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဟာ အခုတော့ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်တွေရဖို့ စပြီး လုပ်ဆောင်နိုင်တော့မှာဖြစ်တာကြောင့် အကျပ်အတည်းကနေ လျော့ပါးသက်သာသွားမယ့်အလားအလာ ရှိနေပါပြီ။ ထိုင်းအစိုးရရဲ့ ပြည်ပအလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်သစ်ကြောင့် အဖမ်းခံရမယ့်အရေးကနေရှောင်နိုင်ဖို့ ထောင်ပေါင်းများစွာ နေရပ်ရင်းပြန်ခဲ့ကြပြီးနောက်ပိုင်းမှာပဲ အခုလို အခြေအနေအပြောင်း အလဲဖြစ်လာတာပါ။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းနိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေအသစ် ထွက်လာပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံတွင်းဖမ်းဆီးမူတွေဖြစ်ခဲ့ပြီး သောင်းနဲ့ ချီရှိတဲ့မြန်မာတွေ နေရပ်ပြန်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ထိုင်းအစိုးရက နေ သူရဲ ဥပဒေထဲက တချို့အချက်တွေကို ဆိုင်းငံ့ခဲ့ပြီး အလုပ်သမားတွေ အထောက်အထားတွေပြန်လုပ်နိုင်ဖို့အတွက် ရက်ပေါင်း ၁၈၀ ဆိုင်းငံ့ပေးထားပါတယ်။

ဒီလိုဆိုင်းငံ့အပြီးမှာတော့ အလုပ်သမားဝန်ကြီးဌာနကနေ ကြေညာချက် ထုတ်ပြန်ရာမှာ မြန်မာအလုပ်သမားတွေအနေနဲ့ အထောက်အထား လက်မှတ်တွေ လုပ်ကိုင်ရမယ့် နည်းစနစ်တွေကိုဖော်ပြထားပါတယ်။

ဒီထဲမှာ သန်းနဲ့ချီရှိတဲ့မြန်မာအလုပ်သမားတွေအနေနဲ့ တရားဝင် အထောက်အထား လက်မှတ်တွေကို ထိုင်းနိုင်ငံရဲ့ သက်ဆိုင်ရာနယ်မြေအလုပ်သမားရုံးတွေကနေ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်ရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလို ရှင်းပြခဲ့ပါတယ်။

" မြန်မာနိုင်ငံသားတွေကတော့ လာမယ့်ဇူလိုင်လ ၂၄ရက်နေ့ကစပြီးမှ မည်သည့် အထောက်အထားမှ မရှိတဲ့အလုပ်သမားများအား လက်ရှိအလုပ်ခန့်ပေးထားတဲ့သူဌေးက ဦးဆောင်ပြီးမှ အလုပ်သမားရုံးကို သွားရမယ် ပြီးရင် စာရင်းသွားတင်ရမယ် အလုပ်သမားဦးရေ ကျားဘယ်လောက် မဘယ်လောက် မှားယွင်းနေပါတယ် ထိုင်းဥပဒေကိုလည်း ချိုးဖောက်ထားပါတယ် ဘာအထောက်အထားမှ မရှိပါဘူး အဲ့ဒီ့တော့ ကျနော့်ကို ဒီအလုပ်သမားတွေကို မှတ်ပုံတင်ခွင့်ပြုပါ ပြောတာနဲ့ တနိုင်ငံလုံးမှာ ရှိတဲ့ အလုပ်သမားဝန်ကြီးဌာန လက်အောက်က အလုပ်သမားရုံးတွေက လက်ခံပေးရမယ် ပြီးရင် အဲ့ဒီ့အလုပ်သမားတွေကို လမ်းကြောင်းနှစ်ခုပေးမယ် နံပတ်တစ် မြန်မာပြည်သို့ပြန် တရားဝင်စာအုပ်ပြုလုပ်ပြီး ထိုင်းနိုင်ငံထဲပြန်ဝင်၊ ပြီးရင် ဗီဇာထုတ်ပေးပြီးရင် အလုပ်လုပ်ခွင့်ရမယ့် လက်မှတ်ရမယ့်နည်းက တနည်း ဒုတိယနည်းကတော့ မြန်မာနိုင်ငံကို မပြန်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ထိုင်းနိုင်ငံမှာ လက်ရှိအခြေစိုက်ပြီးမှ ဖွင့်ထားတဲ့ စခန်းခြောက်ခုရှိပါတယ် မြန်မာအစိုးရဝန်ထမ်းတွေလည်း ရှိပါတယ် အဲ့ဒီ့မှာ မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံစာ လက်မှတ်လုပ်တဲ့ CI (certification of identification)စခန်းတွေမှာ လုပ်ပေးရမယ်ဆိုတဲ့အမိန့်ကို လုံးဝ ချလိုက်ပါပြီ။"

တချိန်တည်းတပြိုင်တည်းမှာပဲအဖမ်းဆီးတွေကတော့ရှိနေဆဲပါ (certification of identification) CI စီအိုင်လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားတွေ လုပ်တဲ့ဌာနတွေကတော့ ထိုင်းနိုင်ငံရဲ့ နေရာ ၆ခုမှာလုပ်ပေးနေတာကြောင့် နယ်မြေအသီးသီးက အလုပ်သမားတချို့ သွားရောက် လုပ်ကိုင်ရာမှာ လမ်းမှာအဖမ်းဆီးတွေကြုံခဲ့ရတယ်လို့လည်း နွံထဘူရီခရိုင်က အလုပ်သမားတဦးကပြောပြပါတယ်။

" အခုပဲ CI လုပ်ပြီးထွက်လာတာမှ ငါးမိနစ်တောင်မရှိသေးဘူး ဖမ်းတယ် ဖမ်းတော့ ကျနော်က ပြောတာပေါ့ မနေ့ကလည်းဖမ်းတယ်ဗျာ မလုပ်တော့လည်း ဖမ်းတယ် လုပ်တော့လည်း ဖမ်းတယ် ဘယ်လိုဖြစ်လို့ အဲ့လိုလိုက်ဖမ်းနေတာလဲလို့။"

အရင်ကတော့ခွဲတမ်းစံနစ်နဲ့ အလုပ်သမားခေါ်ယူဖို့ လုပ်ပေးထားပေမဲ့အခုအခါမှာတော့ အလုပ်ရှင်တွေအနေနဲ့ လည်း အလုပ်သမားတွေကို လိုအပ်သလိုခေါ်ယူနိုင်ဖို့ အခွင့်အလမ်းတွေကိုလည်းခွင့်ပြုထားတယ်လို့လုပ်ငန်းရှင်တွေက ဆိုပါတယ်။ မြန်မာအလုပ်သမားတွေနေရပ်ပြန်ခဲ့တာကြောင့်ကော အလုပ်သမား လိုအပ်ချက် ရှိတာကြောင့်ပါ တချို့ အလုပ်ရှင်တွေကတော့ အလုပ်သမားတွေကို နယ်စပ်အထိ ဆင်းခေါ်တာမျိုးတွေလုပ်လာတယ်လို့လည်း ထိုင်းနိုင်ငံသား တဦးကပြောပြပါတယ်။

" သူတို့ကိုယ်တိုင် လာဆင်းခေါ်ကြတယ် အများကြီး မဲဆောက်မှာ လာကြတယ်။ အလုပ်သမားရုံးမှာလည်း ကျမတွေ့တယ်။ စိတ်ပူလို့ လက်မှတ်တွေ လာလုပ်ပေးကြတယ်။"

ထိုင်အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ စီအိုင် နဲ့ နိုင်ငံကူးလက်မှတ်လုပ်ပြီးသား ဗီဇာလုပ်ပြီးသားသူတွေအနေနဲ့ ဗီဇာရပြီး ၁၅ရက်အတွင်းမှာ အလုပ်လုပ်ခွင့် လက်မှတ်တွေလျောက် ထားနိုင်တယ်လို့ ဆိုပါတယ်။ ဒီအတွက် ဘတ်ငွေတထောင်သာ ကျခံရမယ်ဆိုပါတယ်။

ပန်းရောင်ကဒ်ရှိသူတွေ ယာယီနိုင်ငံကူးလက်မှတ် နိုင်ငံကူးလက်မှတ်အနီရောင် အလုပ်လုပ်ခွင့်လက်မှတ်ရှိသူတွေလည်း လုပ်ငန်းရှင်မတူဘူးဆိုရင် အလုပ်ရှင်ပြောင်းလဲ လို့ရကြောင်း ဒီအတွက်ကုန်ကျငွေက ဘတ်ငွေတထောင်ဖြစ်တယ်လို့ ဆိုပါတယ်။

အထောက်အထားမရှိသူတွေအားလုံးကတော့ မြန်မာနိုင်ငံကိုပြန်ပြီးနိုင်ငံကူးလက်မှတ် လုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာအလုပ်အကိုင်ရှာဖွေရေးရုံးကို ဇူလိုင်လ ၂၄ရက်နေ့က သြဂုတ်လ ရ ရက်နေ့အထိ ၁၅အတွင်း မှာသတင်းပေးပို့ပြီး ထောက်ခံစာယူသွားပြီး မြန်မာပြည်ကိုပြန်ပြီး နိုင်ငံကူးလက်မှတ်ပြန်လုပ်နိုင်တယ်လို့ဆိုပါတယ်။ နောက်တနည်း ကတော့ မြန်မာပြည်မပြန်ပဲ နေထိုင်မယ်ဆိုရင်တော့ စီအိုင်ကဒ်လုပ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်ကိုတန်းပြီး လုပ်နိုင်တယ်လို့ဖော်ပြထားပါတယ်။

ဒီလုပ်ငန်းစဉ်တွေအားလုံးဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအကုန်ထိသာ လုပ်ခွင့်ပေးမှာဖြစ် တာကြောင့် ၆လအတွင်းမှာ တရားဝင် အထောက်အထားတွေရှိ သွားအောင်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG