သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းက ဌာနေပြန် မြန်မာရွှေ့ပြောင်းလုပ်သားတွေ စားဝတ်နေရေး ရတက်မအေး


ထိုင်းနိုင်ငံ မဲဆောက်မြို့ ကနေ ပြန်ကြဖို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာ လုပ်သားများ။
ထိုင်းနိုင်ငံ မဲဆောက်မြို့ ကနေ ပြန်ကြဖို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာ လုပ်သားများ။

ထိုင်းနိုင်ငံ အတွင်း နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများရဲ့ အလုပ်တာဝန် စီမံခန့်ခွဲရေး အက် ဥပဒေ စီမံချက် အသစ် ထွက်ပေါ်လာပြီးနောက် ထိုင်းအစိုးရက အဖမ်းအဆီးတွေ ဆက်တိုက် လုပ်လာတဲ့ အတွက် နေရပ်ပြန်တဲ့ မြန်မာတွေ သောင်းနဲ့ချီပြီး ရှိနေပါပြီ။ ဒီနောက်မှာတော့ ထိုင်းအစိုးရက သူ့ရဲ့ ဥပဒေ စီမံချက်ကို ရက်ပေါင်း ၁၈၀ ဆိုင်းငံ့ထားလိုက်ပြီး ပြန်လည်သုံးသပ်မှုတွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ဘယ်လို အဆင်ပြေအောင် ဆောင်ရွက်မလဲ ဆိုတာကို ပြင်ဆင်နေပါတယ်။

နေရပ်ပြန် မြန်မာ တချို့ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတဲ့ အတွက် မြန်မာပြည်ထဲမှာ အဆင်မပြေကြဘူးလို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အတွင်း နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများရဲ့ အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေ စီမံချက် အသစ် ထွက်လာပြီးနောက် အဖမ်းအဆီးတွေ ဆက်တိုက် လုပ်လာတဲ့ အတွက် မြန်မာတွေ သောင်းနဲ့ချီပြီး ပြန်ကြပြီးတဲ့ နောက်မှာတော့ ထိုင်းအစိုးရက သူတို့ရဲ့ ဥပဒေကို ရက်ပေါင်း ၁၂၀ ကနေ ရက်ပေါင်း ၁၈၀ ထိ တိုးပြီး ဆိုင်းငံ့မှု လုပ်ခဲ့တဲ့ အကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ ထိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ရဲ့ အစည်းအဝေး လုပ်ပြီးတော့ ဆုံးဖြတ်ချက် အရဆိုရင် ဒီ အလုပ်သမားတွေကို တရားဝင် အထောက်အထားတွေ ရရှိအောင် ဆောင်ရွက်ဖို့ အတွက် ရက်ပေါင်း ၁၈၀ တိုးပေးလိုက်တယ်။ အဲဒီ ရက်ပေါင်း ၁၈၀ က လာမယ့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ အထိ အကျုံးဝင်သွားပါတယ်။ ”

ထိုင်း မြန်မာ နယ်စပ်မြို့တွေ ဖြစ်တဲ့ မဲဆောက်၊ မြဝတီ၊ ကော့သောင်း၊ ရနောင်းလမ်းကက ပြန်ကြတဲ့ မြန်မာတွေကိုတော့ နယ်စပ်ကနေ မြန်မာ အစိုးရ အာဏာပိုင်တွေနဲ့ လူမှုရေး အသင်းအဖွဲ့က ကြိုဆိုပြီး နေရပ်ရင်းကို ပြန်ပို့ပေးခဲ့ ပေမယ့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ရွှေ့ပြောင်း အလုပ်သမား တဦးက ပြောပါတယ်။

“ သမီးတို့က ဒီ ထိုင်းနိုင်ငံမှာ နေတာ ကြာပြီဆိုတော့ ကိုယ့်အိမ်ကိုယ်ယာလို ဖြစ်နေပြီ။ အဲဒါကြောင့် မို့လို့ မြန်မာပြည်မှာကျတော့ အလုပ်အကိုင် အခွင့်အလမ်း၊ လာကြိုတာတို့ လူမှုရေး အသင်းအဖွဲ့တွေက လာကြိုကြတယ်။ တချို့ကတော့ အိမ်တိုင်ယာရောက် လိုက်ပို့ပေးတယ်။ အဲလိုမျိုးဘဲ။ အဲလို ကိုယ်မြို့ကိုယ်ရွာပေါ့။ အဲလို ကားနဲ့ဘဲ လာကြိုပေးတယ်။ ပို့ပေးတယ်။ ကိုယ်သွားချင်တဲ့ မြို့ရွာတွေ ဥပမာ ရန်ကုန်ဆို ရန်ကုန်ပေါ့။ သူတို့ကားနဲ့ တင်ပို့ပေးလိုက်တယ်။ အဲဒီ လိုဘဲ ရှိတယ်။ မြန်မာပြည်မှာ ကျတော့ ကိုယ့်အိမ် ကိုယ့်ယာ ဆိုပေမယ့်လည်း သိပ်နေလို့ ထိုင်လို့တော့ မကောင်းဘူး။ လုပ်စားကိုင်စားလို့ မရဘူးအမ။”

တချို့ အလုပ်သမားတွေ ကတော့ အလုပ်အကိုင် အခွင့်အလမ်း မရှိတာကြောင့် နေရပ်ကိုလည်း မပြန်နိုင်ဘဲ တချို့ အလုပ်သမားတွေ ကတော့ အလုပ်အကိုင် အခွင့်အလမ်း မရှိတာကြောင့် နေရပ်ကိုလည်း မပြန်နိုင်၊ ဖမ်းဆီးမှာကိုလည်း စိုးရိမ်ပြီး နယ်စပ်တွေမှာ ပုန်းအောင်နေထိုင်ရတာတွေ အလုပ်ထွက် မလုပ်နိုင်တော့ ဝင်ငွေ မရှိတာတွေကို ကြံရတယ်လို့လည်း ရွှေ့ပြောင်း အလုပ်သမား တဦးက ဆိုပါတယ်။

“ မြန်မာပြည် ပြန်တော့လည်း အခုချိန် အခုရာသီ ဆိုတာက အောက်မှာလည်း အလုပ်ရှားပါးတာ။ ကိုယ့် ညီအကို မောင်နှမတွေလည်း အောက်မှာ မိုးကောင်းလို့ အဆင်မပြေဘူးလို့ ကြားတယ်။ အလုပ်လုပ်လို့။ အဲလိုပေါ့။ အောက်ပြန်တော့လည်း အလုပ်မရှိ။ ဒီမှာနေတော့လည်း အဖမ်းအဆီးနဲ့ ရှိတာနဲ့ ရောင့်ရဲ တင်းတိမ်ပြီး အိမ်ထဲက အိမ်ပြင် အထွက်ဘဲ ကြံဖန် ကြည့်နေကြရတာပေါ့။ ”

အခုဆိုရင် နယ်စပ်ပြန်တဲ့ လမ်းတွေမှာ အဖမ်းအဆီးတွေ မရှိတော့ဘူးလို့ တချို့က ဆိုပေမယ့် နယ်စပ်ဂိတ် တချို့မှာတော့ မြန်မာတွေ စစ်ဆေးခံနေရတာ ဖမ်းဆီးခံနေရတာလည်း ရှိနေတာပါ။ ဘုရားသုံးဆူနဲ့ မောထောင်လမ်းတွေမှာ နေရပ်ပြန် မြန်မာတွေကို ကြိုဆိုသူတွေ နည်းပါးနေသလို အခက်အခဲတွေ ရှိနေဆဲပဲလို့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ တကယ်တန်း တချို့ အခု နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ ဒီ အခု မောတောင်တို့လို ဒီဘုရားသုံးဆူ ဂိတ်တွေ မှာတော့ အဲလို မရှိဘူး။ အဲလိုသွားတဲ့ သူတွေကတော့ အခက်အခဲမျိုးတွေ ရှိတယ်။ ဗမာ ပွဲစားမ တယောက်ကနေ ထိုင်း တာဝန်ရှိသူနဲ့ ပူးပေါင်းပြီးတော့ နယ်စပ် ရောက်နေတဲ့ တိုင်အောင်တောင်မှ ၄၅၀၀ တောင်းနေတယ် ဆိုတာကို အဲဒီက မြန်မာ အလုပ်သမား ဖြစ်တဲ့ နိုင်အောင်ဇော်လေးရဲ့ ပြောပြချက် အရ သိရပါတယ် ခင်ဗျ။ ပြသနာမျိုးတွေ ရှိတယ် ဆိုတာတော့ သိရပါတယ်။”

နေရပ်ပြန်ကြတဲ့ မြန်မာတွေဟာ ပွဲစားတွေက တဆင့် အနည်းဆုံး ဘတ်ငွေ ၃၅၀၀ ပေးပြီး လမ်းမှာ စစ်ဆေးမခံရအောင် ပြန်နေကြသူတွေလည်း ရှိသလို အလုပ်သမားရေး အဖွဲ့တွေက ဆောင်ရွက်ပေးတာကြောင့် ထိုင်းအာဏာပိုင်တွေက စီစဉ် ဆောင်ရွက်ပေးမှုတွေနဲ့ နယ်စပ်ဂိတ်တွေမှာ အဖမ်းအဆီး မရှိဘဲ ပြန်ကြရသူတွေလည်း ရှိပါတယ်။ နေရပ်ပြန်ကြသူတွေကိုလည်း မြဝတီမြို့နဲ့ ကော့သောင်းမြို့တွေမှာ ကြိုဆိုရေး စခန်းတွေ ဖွင့်ပြီး လိုက်ပါပို့ဆောင်ပေးနေပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိလို့အိမ်နီးချင်း နိုင်ငံမှာ လာအလုပ်လုပ်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကတော့ မြန်မာနိုင်ငံထဲမှာ မိသားစုတွေရဲ့ နေထိုင် စားသောက်ရေးတွေ အတွက် အခက်အခဲတွေ ဖြစ်နေကြရတယ်လို့ ပြောပြကြပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG