သုံးရလွယ်ကူစေသည့် Link များ

ထိုင်းမှာ မြန်မာတွေ ဖမ်းဆီးခံရမှုတိုး


မှတ်တမ်းဓာတ်ပုံ - ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ စောင့်ဆိုင်းနေကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ ဇွန်လ ၂၃ ၂၀၁၆။

ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေသစ် ထွက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ အဖမ်းအဆီးတွေက ဆက်တိုက်ဆိုသလို ရှိလာသလို တာ့ခရိုင်တွင်းက မဲဆောက်မြို့ အပါအ၀င် မြို့နယ်တချို့မှာ ဒီရက်ပိုင်းအတွင်းမှာ စစ်ဆင်ရေး တခုလို ဖမ်းဆီးလာတာ ဖြစ်ပါတယ်။ ဒီနေ့မှာ မဲဆောက်တွင်း နေရာ ၃ ခုက ရာနဲ့ချီရှိတဲ့ အလုပ်သမားတွေကို ဖမ်းဆီးမှုတွေ ရှိပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်း စာသင်ကျောင်းတွေက ဆရာတချို့လည်း ဖမ်းဆီးခံရတာ ရှိတာကြောင့် ကျောင်းဆရာတချို့ ကျောင်းမတက်နိုင်တာကြောင့်ပါ ကျောင်းတချို့ဟာ ဇွန်လ ၂၉ ရက်နေ့က စပြီးယာယီ ပိတ်ပစ်ထားရမယ့် အခြေအနေ ရှိတယ်လို့ ရွှေ့ပြောင်း ဆရာဆရာမများ အစည်းအရုံးက ပြောပါတယ်။ မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေသစ် ထွက်လာပြီး နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံ နေရာအနှံ့အပြားမှာ အဖမ်းအဆီးတွေကို လုပ်လာတာပါ။ မဲဆောက်မြို့မှာတော့ ဇွန်လ ၂၈ ရက်နေ့က နေရာ ၃ နေရာလောက်မှာ အဖမ်းအဆီးတွေ လုပ်ခဲ့ပြီး ဖမ်းဆီးခံရသူတွေဟာ တရားရုံးတင်ပြီး နေရပ်ရင်းကို ပြန်ပို့မယ့် အခြေအနေ ရှိတယ်လို့ ရွှေ့ပြောင်း အလုပ်သမားရေး လုပ်ဆောင်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ မဲဆောက်မြို့ လူထုဆက်ဆံရေး တာဝန်ခံ မဟေမာန်သွယ်က ပြောပါတယ်။

အဓိက ကတန်းလျားတွေကို ၀င်ဖမ်းသွားတယ်။။ စက်ရုံတွေကျတော့ မဖမ်းသေးဘူး။ အဓိက တန်းလျားတွေကို သူတို့ ၀င်စစ်တယ်၊ ၀င်ဖမ်းတယ်။ ပြီးလို့ရှိရင် အဲဒီမှာမှ လက်မှတ်မရှိတဲ့ သူတွေပါမယ်။ နောက်ပြီးတော့မှ ဒီ လာပြီးတော့မှ အလုပ်နေရာ လွဲနေတဲ့ကျပမ်းသမားတွေ ပါတယ်။ ထိုင်း လ၀က က သွားတဲ့အချိန်မှာ အဲဒီ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေ မတွေ့ခဲ့ဘူး။ သူတို့ ဒီ ၂ ထပ် အချုပ်နဲ့ ၂ ထပ်အချုပ်မှာ သူတို့ ဖမ်းဆီး ချုပ်နှောင် ထားတယ်။ ပြီးလို့ရှိရင် အဲဒီအလုပ်သမားတွေကို ပေါ့နော် အလုပ်သမား ၂၀၀ ကျော်ကို သူတို့ တရားရုံတင်မယ် ပြီးလို့ရှိရင် ဒဏ်ငွေတွေ ဆောင်ပြီးတော့မှ မိခင်နိုင်ငံပြန်ပို့မယ် ဆိုပြီးတော့ သိရတယ်ရှင့်။ ”

ရွှေ့ပြောင်း ကျောင်းတချို့က ဆရာတွေဟာ ထိုင်းပညာရေး ဌာနက ထုတ်ထားပေးတဲ့ ကျောင်းဆရာ လက်မှတ်တွေနဲ့ မဲဆောက် အနီးတ၀ိုက်မှာ နေထိုင် သွားလာလို့ ရပေမယ့် အခုအခါမှာတော့ ကျောင်းဆရာတွေလည်း ဖမ်းဆီးခံနေရတယ်လို့ ရွှေ့ပြောင်း ဆရာ ဆရာမများ အစည်းအရုံးရဲ့ ဥက္ကဌ ဒေါ်ရွှေစင်ဝင်းက အခုလို ပြောပါတယ်။

ကလေးတွေ လိုက်ကြိုတဲ့ အချိန်မှာ ကျောင်းဆရာက နေပြီးတော့ သူ့ကလေးတွေ အတွက် တလမ်းဝင် တလမ်းထွက်နဲ့ ကလေးတွေ လိုက်ခေါ်ပေးတယ် ပေါ့နော်။ အဲလိုအချိန်မှာ ပလိပ်ကနေပြီးတော့ ၀င်ဖမ်းသွားတယ် ဒီဆရာကို။ နောက်ဆက်တွဲ သူ့ရဲ့ ကျောင်းအုပ်က နေပြီးတော့ ဒီဆရာအတွက် ဆိုပြီးတော့ နောက်က Taxi ဆိုင်ကယ်နဲ့ သွားတယ်ပေါ့နော်။ တောမောရုံးကို သွားတယ်။ သွားတဲ့အချိန်မှာ လမ်းမှာ တခါ ဒီကျောင်းအုပ်ကို ပေါ့နော် ထပ်ပြီးတော့ ဖမ်းတယ်။ ဖမ်းတဲ့အချိန်မှာ သူတို့ ၂ ယောက်စလုံးက ဒီ MOE ကနေ ထုတ်ပေးထားတဲ့ ဒီ Migrant Learning Center တွေမှာ လုပ်နေတဲ့ ဆရာဖြစ်ကြောင်း ဆိုတဲ့ ထောက်ခံတဲ့ အထောက်အထားလေး လက်မှတ်ကိုပြတယ်။ အဲ ပြပေမဲ့လည်း မရဘူးပေါ့နော်။ ပြီးတော့ သူတို့ ၂ ယောက်စလုံးကို အချုပ်ထဲ ထည့်လိုက်တယ်။ ”

ရွှေ့ပြောင်း စာသင်ကျောင်းထဲထိတော့ ၀င်ရောက် ဖမ်းဆီးတာမျိုးတွေ မရှိသေးပေမယ့် ရွှေ့ပြောင်းစာသင်ကျောင်းတွေ အနီးတ၀ိုက် နေရာတွေကနေ ရွှေ့ပြောင်း မိသားစုတွေ အဖမ်းအဆီးတွေ ရှိတာကြောင့် ကျောင်းတက်နေတဲ့ ကလေးတွေလည်း ဒုက္ခရောက်ရတာ တွေလည်း ရှိနေတယ်လို့ ဒေါ်ရွှေစင်ဝင်းက ဆိုပါတယ်။

ဒီလို အဖမ်းအဆီးတွေကြောင့် ကျောင်းနဲ့ ဝေးတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ ဆရာတွေလည်း ကျောင်းကို မလာရဲကြ တာကြောင့် စာသင်ကျောင်း ၃ ကျောင်းလောက် ဇွန်လ ၂၉ရက်နေ့က စပြီး စတင်ပိတ်ထားရမယ်လို့ ဆိုပါတယ်။

“ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိဘ တွေကိုဖမ်းတယ်။ ဖမ်းတော့ မိဘတွေက ကြောက်အား လန့်အားနဲ့ သူ့ရွာထဲမှာ ရှိတဲ့ ကလေးတွေကို အဲဒီကျောင်းထဲကို အကုန်လုံး ထိုးထည့် ပြီးတော့ လိုက်သွားရတယ်။ အချုပ်ကားနဲ့။ ဒီကလေးတွေအတွက် လုံခြုံရေးကော စားဖို့ သောက်ဖို့ကော နေဖို့ကောကျောင်းတွေက အခု အဲလိုမျိုး တာဝန်ယူပေးရတယ်။ အဲလို တာဝန်ယူပေးရတော့ အခုအဲလိုဖြစ်နေတာ သုံးကျောင်းက အသားတင် ဖြစ်နေတော့ သူတို့ကျောင်းတွေက မနက်ဖြန်က စပြီးတော့စပိတ်မယ်။”

ထိုင်းမြန်မာနယ်စပ်မှာ ရွှေ့ပြောင်း စာသင်ကျောင်းပေါင်း ၆၀ ကျော် ရှိပြီး အဲဒီ စာသင်ကျောင်းတွေမှာ ရွှေ့ပြောင်း ကလေးငယ်ပေါင်း ၁၄,၀၀၀ ကျော် စာသင်ကြားနေတာ ဖြစ်ပါတယ်။ ကျောင်းတိုင်းမှာ ထိုင်းဘာသာ သင်ကြားရတာ ရှိပြီး ထိုင်း ဆရာ၊ ဆရာမ တချို့လည်း စာသင်ပေးနေတာတွေ ရှိပါတယ်။

အခု အဖမ်းအဆီးတွင်းမှာတော့ ရွှေ့ပြောင်းစာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ မရှိနိုင်ဘူးလို့ ထိုင်းနိုင်ငံ ဥပဒေ ပညာရှင်တွေကတော့ ဆိုပါတယ်။ ဒီစာသင်ကျောင်းတွေဟာ ကလေးသူငယ် ပညာရေး ကိစ္စတွေနဲ့ နယ်စပ်တွေမှာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်မှုတွေ ပူးပေါင်း ဆောင်ရွက်တာတွေ လုပ်နေတဲ့ အတွက် ထိုင်းဘုရင် မိသားစုတွေက နားလည်မှုနဲ့ ခွင့်ပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကျောင်းဆရာတွေ အနေနဲ့ တခြား အပြင်မှာ သွားလာရင်တော့ တရားမ၀င် နေထိုင်သူတွေ အဖြစ် ဖမ်းဆီးတာမျိုးတွေ ကြုံနိုင်တယ်လို့ ဆိုပါတယ်။ အခု အဖမ်းအဆီးတွေဟာ နိုင်ငံ အနှံ့မှာ ပညာပေး အနေနဲ့ စတင် ဖမ်းဆီးနေတာ ဖြစ်ပြီး နောက်ထပ် သုံးလ အကြာမှာတော့ ဥပဒေ အရ ပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ထိုင်း အာဏာပိုင်တွေက ပြောဆိုထားပါတယ်။


XS
SM
MD
LG