သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်လဒုက္ခသည်စခန်းမှာ မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်းတိုး


 မယ်လ ဒုက္ခသည်စခန်း
မယ်လ ဒုက္ခသည်စခန်း

ဒီကနေ့ဇွန်လ၂၀ရက်မှာကျရောက်တဲ့ နိုင်ငံတကာဒုက္ခသည်များနေ့အထိမ်းအမှတ်အဖြစ် IOMခေါ် နိုင်ငံတကာ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်တဲ့ လေ့လာချက်တခုအရ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မြန်မာဒုက္ခသည် အများဆုံးနေထိုင်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ မိမိကိုယ်ကို သတ်သေကြသူများနဲ့ သေကြောင်း ကြံခဲ့သူ အရေအတွက်ဟာ တဟုန်ထိုးများလာနေတယ်လို့ဖေါ်ပြထားပါတယ်။ ဒါကြောင့်ဒုက္ခသည်တွေ ခံစားနေရတဲ့ စိတ်ဝေဒနာတွေကို ပြေပျောက်စေဖို့ အရေးပေါ်ဆောင်ရွက်ပေးဖို့လည်း IOMက မနေ့ကတိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့ တဲ့၂နှစ်တာကာလအတွင်း မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၂၈ဦးဟာ မိမိကိုယ်ကို သတ်သေခဲ့ပြီး အဆုံးစီရင်ဖို့ ကြိုးစားခဲ့သူ ၆၆ဦးရှိခဲ့တဲ့အတွက် ဒါဟာ နိုင်ငံတကာသေကြောင်းကြံစည်မှုနှုန်းထက် ၃ဆပိုများတယ်လို့လည်း ထောက် ပြထားပါတယ်။

အထူးသဖြင့် အသက်၅၀အောက်အမျိုးသားတွေအတွက် အများဆုံးစိုးရိမ်ရပြီး သတ်သေခဲ့သူ ၁၀ဦး အနက် ၄ဦးနီးပါးဟာ ပေါင်းပင်သတ်ဆေးကို အသုံးပြုခဲ့ပြီး သေဆုံးသူတဝက်နီးပါးဟာ မိသားစုပြဿနာကြောင့်ဖြစ် တဲ့အပြင် အရက်နဲ့တခြားမူးယစ်ဆေးသုံးစွဲမှုတွေကြောင့် သုံးပုံတပုံ သတ်သေခဲ့ကြတယ်လို့ဖေါ်ပြထားပါတယ်။

ထိုင်းအခြေစိုက် IOM စီမံကိန်းအရာရှိ Harry Smith က မယ်လစခန်းရှိ ဒုက္ခသည်တွေအကြားမှာ သတ်သေမှုနှုန်း တိုးလာတဲ့အတွက် စိတ်ပူပန်တုန်လှုပ်မိပြီး ဒီကိစ္စကို အရေးပေါ်ကိုင်တွယ်ဖြေရှင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ မိသား စုတွေအတွက် အကြံပေးနိုင်တဲ့ အဖွဲ့ဖွဲ့နိုင်ဖို့ အထောက်အကူပေးရေး အမှုထမ်းတွေကို သင်တန်းပေးရေး၊ စိတ်ရောဂါ အထူးကုဆရာဝန်တဦး စေလွှတ်ခန့်ထားရေးနဲ့ ပိုးသတ်ဆေးတွေ အလွယ်တကူမရနိုင်အောင် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

မယ်လဒုက္ခသည် စခန်းကို ၁၉၈၄ခုက တာ့ခ်ခရိုင်အတွင်း စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာစစ်အစိုးရ လက်ထက် ပဋိပက္ခကတွေကနေ ထွက်ပြေးခဲ့ကြတဲ့ အများဆုံးကရင်ဒုက္ခသည်တွေအပါအဝင် မြန်မာဒုက္ခသည်ပေါင်း ငါးသောင်းလောက်နေထိုင်ခဲ့တာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ခုထဲမှာ မယ်လ ဒုက္ခသည်စခန်းက အကြီးဆုံးဖြစ်ပါတယ်။

နိုင်ငံတကာဒုက္ခသည်များနေ့အထိမ်းအမတ်အဖြစ်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRက ထုတ်ပြန်တဲ့ Global Trends Report ကမ္ဘာတဝှမ်းဒုက္ခသည်များအခြေအနေဆိုင်ရာ အစီရင်ခံစာမှာလည်း စစ်ပွဲအပြင် အကြမ်းဘက်မှုနဲ့ ဖိနှိပ်မှုတွေကြောင့် ကမ္ဘာ့တဝှမ်းဒုက္ခသည်နဲ့ စစ်ဘေးရှောင် IDPအရေအတွက်ဟာ တိုးလာနေပြီး ၂၀၁၆ခုအကုန်မှာ ၆၅.၆သန်းရှိလာလို့ ၃စက္ကန့်တိုင်းမှာ လူတဦးစီဟာ ဒုက္ခသည် (ဒါမှမဟုတ်) စစ်ဘေးရှောင် IDP အခြေအနေကို ရောက်နေကြရတယ်လို့ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG