သုံးရလွယ်ကူစေသည့် Link များ

ထိုင်းရောက် မြန်မာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရ ဆွေးနွေး


ထိုင်းရောက် မြန်မာဒုက္ခသည်တွေ

ထိုင်းနိုင်ငံတွင်း တိမ်းရှောင်နေရတဲ့ မြန်မာ ဒုက္ခသည် ၁ သိန်းကျော် နေရပ်ရင်းတွေ ပြန်လာနိုင်ရေး မြန်မာ အစိုးရနဲ့ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒုက္ခသည်တွေ ဘေးအန္တရာယ် ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ရင်းတွေမှာ ပြန်ပြီး အခြေချနိုင်ရေး အတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ အပါအ၀င်ပြန်လည် ထူထောင်ရေး စီမံကိန်းတွေ ဆောင်ရွက်မယ့် အကြောင်းလည်း မြန်မာ အစိုးရဘက် က ပြောပါတယ်။ ဒုက္ခသည်တွေထဲမှာတော့ နေရပ်ရင်း ပြန်ရေး မဝေခွဲနိုင်သူတွေ ရှိနေပါတယ်။မသိင်္ဂင်္ီထိုက် စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံတွင်းက ဒုက္ခသည် စခန်း ၉ ခုမှာ ရှိနေကြတဲ့ ဒုက္ခသည် ၁ သိန်း ၅ ထောင်ထဲက နေရပ်ရင်းတွေကို ပြန်လည်အခြေချလိုသူတွေ အတွက် နေရပ်ရင်းတွေမှာ ပြန်လည် လက်ခံနိုင်ရေး လုပ်ငန်းစဉ် တရပ် ပေါ်ပေါက်လာဖို့ မြန်မာ အစိုးရနဲ့ ကုလ သမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး က မြန်မာဆိုင်ရာ ကိုယ်စားလှယ်တွေ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေး ခဲ့ကြတာပါ။ ဆွေးနွေးပွဲကိုတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဦးဆောင်ခဲ့ တာပါ။နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဒုတိယ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးက ဒုက္ခသည်တွေ နေရပ်ရင်း ပြန်လာနိုင်မယ့် အခြေအနေတွေ ရှိနေပြီလို့ ပြောဆိုပါတယ်။

“ထိုင်းမြန်မာနယ်စပ်တလျှောက်မှာဗျာ ကျနော်တို့ ယာယီစခန်း ၉ ခုမှာ ကျနော် တို့ဘက် က တိုင်းရင်းသားတွေ နေသေးတာရှိပါတယ်ခင်ဗျ။ အခြေအနေ အကြောင်းကြောင်းပေါ့နော် အခုကျနော်တို့ဆီက မြန်မာနိုင်ငံရဲ့အခြေအနေတွေက အမတို့သိတဲ့အတိုင်း တော်တော်လေးကောင်းမွန်လာတဲ့အတွက် ကျနော်တို့ရဲ့တိုင်းရင်းသားတွေက အခုအခါ ကိုယ့်အရပ်၊ ကိုယ့်ရွာပြန်လာဖို့ အခြေအနေလေးတွေရှိလာပါတယ်ခင်ဗျ။ အဲလိုရှိလာတဲ့အခါမှာ ကျနော်တို့က နယ်စပ်ဒေသတလျှောက်ဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီ ၊ ကယား၊ ပဲခူးပေါ့ အဲဒီတလျှောက်က ကျနော်တို့ရဲ့တိုင်းရင်းသားတွေကို တကယ်လို့ မြန်မာနိုင်ငံ ဘက်ကို ပြန်လာမယ်ဆိုရင် ကျနော်တို့က ဂုဏ်သိက္ခာရှိရှိလေး၊ လုံခြုံမှုရှိရှိနဲ့ ပြန်လာလို့ရအောင် ကျနော်တို့က စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည် တသိန်းကျော် နေရပ်ရင်း ပြန်လာနိုင်ရေး အတွက် မြန်မာ အစိုးရ နယ်စပ်ရေးရာ ၀န်ကြီးဌာနနဲ့ UNHCR တို့ ပူးပေါင်းပြီးကရင်၊ ကယား၊ မွန်၊ ရှမ်း၊ ချင်း ၊ တနသာင်္ရီနဲ့ ပဲခူးတိုင်းတို့မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ၂၀၁၃ ခုနှစ်က စလို့ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် မှာ မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကိုလည်း ထည့်သွင်းလုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဒုတိယ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးက ပြောပါတယ်။ ဒုက္ခသည်တွေ အမြန်ဆုံး ပြန်လာနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“ဒေသမှာရှိတဲ့အခြေအနေရယ် ကျနော်တို့ အစိုးရဘက် ကနေပြီးတော့ နိုင်ငံတော်အစိုးရရယ်၊ ပြည်ထောင်စု ၀န်ကြီးဌာနတွေရယ် ကျနော်တို့ဒီ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲတွေက စီမံပြီးတော့ ကျနော်တို့က မြန်နိုင်သမျှ မြန်မြန် ပြည်လာမယ်ဆိုရင်၊ ပြန်လာလို့ရအောင် ကျနော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျ။”

နယ်စပ်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ့ တပ်မတော်တို့ရဲ့ ဆယ်စုနှစ် ၆ ခုကျော်ကြာ စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်ရတဲ့ မြန်မာ ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေသလို စစ်ရဲ့ ဆိုးကျိုးအဖြစ် မြေမြုပ်မိုင်း အန္တရာယ်ကလည်း အတော်လေး စိုးရိမ်ရဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြသူတွေကတော့ နေရပ်ရင်း ပြန်ရေး အတွက် လုံခြုံရေး အရရော လူမှုရေး စီးပွားရေး အရပါ မရေရာမှုတွေ ရှိနေဆဲပါ။ ဒုက္ခသည် ၄ သောင်းလောက် ခိုလှုံနေတဲ့ မယ်လ ဒုက္ခသည် စခန်း ဥက္ကဌ ဆရာ အောနက် ကတော့ အခုလို ပြောပါတယ်။

“ပထမတဖွဲ့ကတော့ ထိုင်းနိုင်ငံမှာ အခြေချနေမယ့် မိသားစုတွေရှိရင်ရှိမယ်။ ဒုတိယတခုကျတော့ သူတို့ရဲ့ ထွက်လာခဲ့တဲ့ရွာ ဘာပဲဖြစ်ဖြစ် သူတို့ဆွေမျိုးတွေကနေ ဆက်သွယ်ထားတာတွေ ရှိရင် ရှိမယ်။ နောက်တခုကျတော့ ခေါင်းဆောင်ရဲ့အစီအစဉ် အောက်မှာ သူတို့ လိုက်သွားမယ့် မိသားစုတွေရှိရင်ရှိမယ်။ အဲဒါ ၃ ခုလောက်ပဲ ကျနော်တို့ သိထားတယ်လေ။ သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်လေ။”

ပြီးခဲ့တဲ့ လက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်းမှာလည်း မြန်မာနိုင်ငံသား ဒုက္ခသည်တွေ အားလုံး နေရပ်ရင်း ပြန်လာဖို့ လိုလားတဲ့ အကြောင်း ပြောဆိုပေမယ့် ဒီလို ပြန်လာနိုင်ဖို့ အတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ လုပ်ဖို့ လိုအပ်ချက်ကိုလည်း အသိအမှတ်ပြု ပြောခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာကတော့ မြန်မာနိုင်ငံဘက်က အဆင်သင့် ဖြစ်တဲ့ အချိန်ရောက်မှသာ ဒုက္ခသည်တွေကို ပြန်ပို့မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG