သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာတွေအရေး ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်စုဆွေးနွေး


ထိုင်းနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့မှာတော့ ထိုင်းအစိုးရ ထိပ်တန်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး၊ ရွှေ့ပြောင်းအလုပ်သမားရေး၊ ဒုက္ခသည်တွေ အရေး အပါအဝင် ၂ နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုး နဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံ သားတွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထိုင်းနိုင်ငံ ဒုတိယနေ့ ခရီးစဉ် နောက်ဆုံး အခြေအနေကိုတော့ ကိုရန်နိုင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံခရီးစဉ်ရဲ့ ဒုတိယနေ့မှာတော့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ နဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံ က ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ အကြောင်းကိုလည်း အဓိကထားပြောကြားသွားပြီး ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်နဲ့ချီပြီး နေထိုင်နေကြတဲ့ ဒုက္ခသည် ၁ သိန်းကျော်ကို ပြန်လည်ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အများကြီးလုပ်သွားဖို့ လိုတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“ကျမတို့ ဖြစ်စေချင်တာကတော့ တိုင်းပြည်ကို စွန့်ခွာသွားရတဲ့သူတွေ ကျမတို့ဆီ ပြန်လာစေချင်တာပါ။ နောင်ကို ဘယ်တော့မှ ထွက်မသွားချင်တော့တဲ့ အခြေအနေမျိုးမှာ ပြန်ရောက်လာစေချင်ပါတယ်။ ဒီအတွက် ကျမတို့ အများကြီး အလုပ်လုပ်ကြရပါလိမ့်မယ်။ ပြန်လာကြပါလို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။ ပြန်လာစရာ အိမ်ရှိဖို့လိုပါတယ်။ သူတို့သားသမီးတွေအတွက် စာသင်ကျောင်းတွေ လိုပါတယ်။ ကျန်းမာရေးအတွက် ဆေးရုံတွေလိုပါတယ်။ အများစုအတွက် အလုပ်အကိုင်တွေ လိုပါလိမ့်မယ်။ ကျမတို့တိုင်းပြည်မှာ အလုပ်အကိုင် ဖန်တီးရေးဟာ အရေးကြီးဆုံးကိစ္စတခုပါ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့စဉ်အတွင်း နယ်စပ်ဖြတ်ကျော်မှု၊ ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် အလုပ်သမားတွေအလုပ်အကိုင်ရရှိရေးသဘောတူညီချက် စတဲ့ နားလည်မှု စာချွန်လွှာ ၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီးချုပ်နဲ့ မတွေ့ဆုံခင်ကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တွေ့ဆုံခဲ့ပြီး၊ အဲဒီမှာ သီးခြား ဖိတ်ခေါ်ထားတဲ့ ထိုင်းနဲ့မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသားတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ အုပ်စုတွေကြား အောင်မြင်တဲ့ ပန်းတိုင်တခု ကို ရောက်ဖို့ဆိုရင် နိုင်ငံတွင်း ပဋိပက္ခတွေကို ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှုတွေအဖြစ် ပြောင်းလဲပစ်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

“၁၉၄၈ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံဖြစ်လာချိန်ကတည်းက ကျမတို့နိုင်ငံတဝန်းမှာ ငြိမ်းချမ်းရေးရှိထားတယ်လို့ မပြောနိုင်ပါဘူး။ ပဋိပက္ခတွေက အမြဲလိုရှိနေခဲ့တာပါပဲ။ အခုတော့ အဲဒီပဋိပက္ခတွေကို ဖယ်ရှားနိုင်ဖို့ လုပ်နေပါပြီ။ ပဋိပက္ခကို ချစ်ကြည်ရင်းနှီးမှုအဖြစ်၊ ပဋိပက္ခကို အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှု အဖြစ် ပြောင်းလဲပစ်ဖို့ လုပ်နေပါပြီ။ မတူကွဲပြားတဲ့ အုပ်စုတွေအကြား၊ လူပုဂ္ဂိုလ်တွေအကြား၊ နိုင်ငံတွေအကြားမှာ ဘယ်လို အောင်မြင်တဲ့ ပန်းတိုင်မျိုးမဆို ရဖို့ ယုံကြည်မှုက အခြေခံ ပါပဲ။ ဒါကြောင့် ယုံကြည်မှုရအောင် တည်ဆောက်ဖို့ လိုပါတယ်။ ယုံကြည်မှုကို လူငယ်တွေက အကောင်းဆုံး တည်ဆောက်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေဟာ အစွဲအလန်းနဲ့ ဘက်လိုက်တာတွေကနေ ကင်းဝေးလို့ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလတွေအတွင်း ပြည်တွင်းစစ်တွေနဲ့ ဖိနှိပ်မှုအမျိုးမျိုးကြောင့်၊မြန်မာနိုင်ငံကနေ မိမိတို့ရဲ့အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးပြီး ထိုင်းနိုင်ငံဘက်အခြမ်းက ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည်အဖြစ်နဲ့ ဆယ်စုနှစ်နဲ့ချီ နေထိုင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရပြီး၊ အစိုးရအဖြစ် အာဏာရလာပြီးတဲ့နောက် အဲဒီဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာနိုင်မယ်ဆိုပြီး မျှော်လင့်ချက်တွေလည်းဖြစ်လာနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ၃ ရက်ကြာခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ပထမနေ့ခရီးစဉ်အတွင်း မဟာချိုင်ဒေသက မြန်မာနိုင်ငံက အလုပ်သမားတွေ ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို သွားရောက်တွေ့ဆုံခဲ့စဉ်အတွင်း လုံခြုံရေး အခြေအနေကြောင့် မြန်မာ အလုပ်သမားတချို့နဲ့ တွေ့ဆုံနိုင်ခဲ့ပြီး၊ အလုပ်သမားတွေရ င်ဆိုင်နေရတဲ့ ပြဿနာအခက်အခဲတချို့ကို သိခွင့်ရခဲ့ပေမယ့်၊ အလုပ်သမား အများစုကတော့ သူတို့ရဲ့ အခက်အခဲတွေ ကို ပြောဖို့အခွင့်အရေးမရခဲ့ကြပါဘူး။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားအရေအတွက်ဟာ ၄ သန်းကျော်ရှိတယ်လို့ ထိုင်းနိုင်ငံရောက မြန်မာအလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG