သုံးရလွယ်ကူစေသည့် Link များ

မြန်မာ အလုပ်သမားအများစု နဲ့ တွေ့ခွင့်မရတဲ့ အတွက် ဒေါ်စုစိတ်ပျက်


ရွှေ့ပြောင်း အလုပ်သမား အများစုနဲ့ တွေ့ဆုံ စကားပြောခွင့် မရတဲ့ အတွက် စိတ်ပျက်ရတယ်လို့ ထိုင်းနိုင်ငံ ကို ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားပါတယ်။ ထိုင်းနိုင်ငံကို ဆိုက်ရောက်ပြီး မကြာခင်မှာဘဲ မြို့တော် ဘန်ကောက် အနီးက မြန်မာ အလုပ်သမားတွေရှိရာ မဟာချိုင်အရပ်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ တာ ဖြစ်ပါတယ်။ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ရမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ပြောဆိုသွားပါသလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံလို သူ ထောင်နဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ မဟာချိုင် အရပ်က ငါးပုစွန်ခန်းမ အပြင်မှာ ဆုတောင်းသံတွေ ကြွေးကြော်နေကြတာပါ။

ခန်းမပြင်က မြန်မာအလုပ်သမားတွေ
ခန်းမပြင်က မြန်မာအလုပ်သမားတွေ

ထိုင်းအာဏာပိုင်တွေ စီစဉ်တဲ့ ခန်းမထဲမှာ ရာနဲ့ချီတဲ့ မြန်မာ အလုပ်သမားတွေကို စကားပြောခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ခန်းမထဲမှာတော့ ဆင်တူ ၀တ်စုံ ၀တ် ထားတဲ့ မြန်မာ အလုပ်သမားတွေ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေ ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းပြောဆိုမှုကို နားထောင်နေခဲ့ကြပါတယ်။

ခဏအကြာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က စကားပြော စင်မြင့်ပေါ်က ဆင်းသွားပြီး ငြိမ်သက်နေတဲ့ မြန်မာ အလုပ်သမားတွေကြားကို သွားရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။

ခန်းမအပြင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အော်ဟစ် စောင့်ဆိုင်းနေတဲ့ မြန်မာ အလုပ်သမားတွေကို စကားပြောဖို့ စီစဉ်ခဲ့သေးပေမယ့် မိုး သည်းသည်းထန်ထန် ရွာတာကြောင့် စကားပြောဖို့ အခွင့်မသာ ဖြစ်ခဲ့ရပါတယ်။

ခန်းမပြင်က အလုပ်သမားတွေ
ခန်းမပြင်က အလုပ်သမားတွေ

စောင့်ဆိုင်းနေတဲ့ ထောင်နဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို စကားပြောခွင့် မရခဲ့တဲ့ အပေါ် စိတ်ပျက်ရတဲ့ အကြောင်းရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ဆောင်ရွက်မှု အဖွဲ့က Andy Hall ကို ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တာပါ။

"ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စကားမပြောရတဲ့ အတွက် သိပ်ကို စိတ်ပျက်ရတယ်လို့ ကျနော့်ကို ပြောပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စကားပြောချင်ပေမယ့် အခြေအနေက မပေးဘူး။ လုံခြုံရေးက သိပ်ကို အားနည်းပါတယ်။ ထိန်းသိမ်းနိုင်တဲ့ အခြေအနေလည်း မရှိတာကြောင့် သူမအနေနဲ့ အလုပ်သမားတွေကို စကားမပြောနိုင်ပါဘူး။ ဒါကြောင့် သူ စိတ်ပျက်ရတယ်လို့ ပြောတာ ဖြစ်ပါတယ်။ သူမအနေနဲ့လည်း အခက်အခဲကို ကောင်းကောင်းနားလည်တာကြောင့်ပြသနာတော့ မရှိပါဘူး။"

မဟာချိုင်အရပ်ကနေ ဘန်ကောက်မြို့တော်ကို ပြန်ဖို့ ကားပေါ် အတက်မှာ ဒေါ်အောင်ဆန်းစုကြည်က Andy Hall ကို အခုလို ပြောဆို ခဲ့တာပါ။ ဒါ့အပြင် တွေ့ခွင့်မရတဲ့ ခန်းမ အပြင်ဘက်က မြန်မာ အလုပ်သမားတွေ အတွက် လည်း စကားလက်ဆောင်ပါးခဲ့တဲ့ အကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ဆောင်ရွက်မှု အဖွဲ့က ဦးစိန်ဌေးက ပြောပါတယ်။

"သူကတော့ ထွေထွေထူးထူးတော့ မပြောလိုက်နိုင်ဘူး။ အခုလိုမျိုး ရာသီဥတု အခြေအနေကြောင့် အောက်မှာ စောင့်နေတဲ့သူတွေကိုပေါ့နော် စကားပြောချင်ပေမဲ့ စကားပြောခွင့်မရတာကို နားလည်ပေးပါပေါ့။ အဲ့တာလေးကို လူတွေသိအောင် ပြောပေးပါဆိုပြီးတော့ အဲ့လောက်ပဲ ပြောသွားပါတယ်ခင်ဗျ။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း မဟာချိုင် အရပ်က မြန်မာ ရွှေ့ပြောင်း အလုပ်သမား အားလုံးနဲ့ မတွေ့ဆုံနိုင်ခဲ့သလို ထမ်ဟင်း မြန်မာ ဒုက္ခသည် စခန်းကို သွားရောက်မယ့် အစီအစဉ်ကလည်း ရာသီဥတု အခြေအနေကြောင့် ဖျက်ခဲ့ရတာပါ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်က မူလ အစီအစဉ် အတိုင်း အပြည့်အ၀တော့ ဖြစ်မလာပါဘူး။ ဒီလို အခြေအနေမျိုး ရှိပေမယ့် လည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းအစိုးရကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကြိုတင် သဘောတူညီမှုတွေကတော့ အတိုင်းအတာ တခုအထိ ရှိနေတယ်လို့ ထိုင်းအခြေစိုက် ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်ဇော် က ပြောပါတယ်။

" အခု ဒီနေ့ဖြစ်တဲ့ကိစ္စမှာတောင်မှ ထိုင်းဘက်က အတော်ကို သူတို့ လုံခြုံရေးအရ မထိန်းသိမ်းနိုင်တာကို တွေ့ရတယ်ပေါ့လေ။ မနက်ဖြန်ဆိုရင်လည်း ကျနော်ထင်တယ် သူတို့ နှလုံးရောဂါတောင် ရသွားနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ထားတဲ့ မျှော်လင့်ချက်တွေ ၊ ရွှေ့ပြောင်း အလုပ်သမားတွေ ရဲ့မျှော်လင့်ချက်တွေပေါ့နော်။ အဲ့တာတွေကို ဘယ်လိုသွားမလဲ ဆိုတဲ့ ဒုက္ခသည်ကိစ္စတွေပေါ့။ အဲ့တာတွေဆို ဒီညဆိုလည်း သူတို့ခေါင်းခြောက်အောင် လုံခြုံရေးအတွက် အများကြီးကို ပြင်ဆင်ရမယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ တခြားတဖက်မှာတော့ ထိုင်းအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားထဲမှာတော့ နားလည်မှုတွေ အများကြီးရထားတယ်လို့ ကျနော်တို့ သူတို့အထဲမှာ ရှိတဲ့သတင်းတွေအရ သိရပါတယ်။"

ထိုင်းဝန်ကြီးချုပ် ဖရာရွဒ် ချန်းအိုချာနဲ့ တွေ့ဆုံချိန် မှာတော့ ရွှေ့ပြောင်း အလုပ်သမားအရေး၊ နှစ်နိုင်ငံ ပြည်ဝင်ခွင့်ကိစ္စတွေ အပါအ၀င် ဒုက္ခသည် အရေးတွေကို ဆွေးနွေးကြမယ်လို့လည်း ခန့်မှန်းကြပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ တရားဝင် ရွှေ့ပြောင်း အလုပ်သမား အဖြစ် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား ၁သန်းခွဲကျော် ရှိနေတာပါ။ ထိုင်းနိုင်ငံတွင်း တရားဝင်နဲ့ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးလာသူ မြန်မာနိုင်ငံသား ၅ သန်း နီးပါးကို လက်ခံထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG