သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေး ထိုင်းအစိုးရနဲ့ ဒေါ်စု ဆွေးနွေးမည်


ထိုင်းနိုင်ငံအတွင်း ရောက်နေကြတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စက အချိန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပေမဲ့လည်း ပြန်လိုတဲ့ ဒုက္ခသည်တွေကို မြန်မာအစိုးရက လက်ခံမယ်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ဗုဒ္ဓဟူးနေ့မှာပြောကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။

နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို ဇွန်လ ၂၃ ရက်ကနေ ၂၅ ရက်နေ့ အထိ ၃ ရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သေကြာနေ့မှာ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံတဲ့အခါ ထိုင်းနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေ အရေးနဲ့ စခန်း ၉ ခုမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေအရေးတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေးဖြစ်မယ်လို့ ဝန်ကြီးချုပ် Prayut Chan-o-cha က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အစဉ်သင့်ရှိနေတဲ့အကြောင်း၊ ဒါပေမဲ့ ဒုက္ခသည်တွေ နေထိုင်ဖို့ မြေနေရာ သတ်မှတ်ပေးတာ အပါအဝင် မြန်မာအစိုးရကို အချိန်ပေးဖို့ လိုကြောင်း၊ ထိုင်းနိုင်ငံရဲ့ အခြေအနေကို မြန်မာအစိုးရက နားလည်သလို ထိုင်းဘက်ကလည်း ပြန်နားလည်မှုပေးဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ ကိုယ့်ပြဿနာကိုယ် ရှိနေပေမဲ့လည်း လူသားချင်း စာနာမှုဆိုင်ရာကိစ္စကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး Prayut Chan-o-cha ပြောတာကို ကိုးကားပြီး ရေးသားထားပါတယ်။

မြန်မာဒုက္ခသည်တွေ နေရပ်ပြန်မယ့်ဖြစ်စဉ်ဟာ ထိုင်းနိုင်ငံ Saraburi ခရိုင်အတွင်းက Wat Tham Krakok ဒေသမှာ နေခဲ့ကြတဲ့ Hmong ဒုက္ခသည်တွေ နေရပ်ပြန်တဲ့ဖြစ်ရပ်နဲ့ အလားသဏ္ဍာန် တူကြောင်း၊ Hmong လူမျိုးတွေ နေရပ်ပြန်ရေးအတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရကြောင်း ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းက Mae Hong Son၊ Kanchanaburi၊ Ratchaburi နဲ့ Tak ခရိုင်တွေအတွင်းမှာ ရှိတဲ့ စခန်း ၉ ခုမှာ မြန်မာဒုက္ခသည်ပေါင်း ၁၀၀,၀၀၀ ကျော် ရှိတယ်လို့ ခန့်မှန်းထားကြတာပါ။

ဒီအတောအတွင်း မြန်မာသမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းကို သွားပြီးတဲ့အခါမှာ ကြေညာချက် ထုတ်ပြန်ဖို့ရှိတယ်လို့ ကုလသမဂ္ဂ သတင်းဌာနကို ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG