သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေရဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ မျှော်လင့်ချက်


အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်များ။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်များ။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်ပြဿနာကို မြန်မာအစိုးရသစ် လက်ထက်မှာ အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ ဒုက္ခသည်တွေ မျှော်လင့်နေကြပါတယ်။ အထူးသဖြင့်ကတော့ အရပ်သားအစိုးရရဲ့ အဆင့်မြင့်တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့သီတင်းပတ် ထိုင်းနိုင်ငံ ခရီးစဉ်မှာ ဒုက္ခသည်တွေရဲ့ အနာဂတ်ရေး ဆွေးနွေးနိုင်ဖို့ လည်း မျှော်လင့်နေ ကြတာပါ။ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထိုင်း-မြန်မာ နယ်စပ်ဒေသက ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပြီးနောက် ထိုင်းနိုင်ငံ နယ်စပ်ဒေသမှာ နှစ်ပေါင်းများစွာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအရေး ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာတာပါ။ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကြားမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အကြောင်း အုန်းဖျန်ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ပြောပါတယ်။

“UNHCR ကို အခုလ ၁၅ ရက်နေ့က ဇန်နဝါရီလကတည်းက ကျနော်တို့က ပြန်မယ့်အစီအစဉ်တင်ထားပြီးသား။ UNHCR မှာ အရင်ဆုံး ဇန်နဝါရီလကတည်းက တင်ထားတဲ့လူတွေကို အခုဟာက ဒုတိယအစီအစဉ်ထဲမှာ ခေါ်ယူမေးမြန်းခြင်း၊ တွေ့ဆုံမေးမြန်းခြင်းဖြစ်တယ်။ UNHCR က အချက် ၃ ချက် ချထားတယ်။ ၁ ချက်က ကိုယ့်ဟာကိုယ် ပြန်တဲ့အစီအစဉ်၊ ဒုတိယအချက်က UNHCR နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တဲ့အစီအစဉ် တတိယအချက်က အလုံးအရင်းနဲ့ပြန်မယ့်အစီအစဉ်။ အဲဒါကို ကျနော်တို့က ဒုတိယအစီအစဉ်ထဲမှာပါတယ်။ မြန်မာနိုင်ငံ UNHCR က ကျန်းမာရေး ၊ ပညာရေး၊ Immigration နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း၊ ဘဝလုံခြုံမှုရရှိရေး ၊ ပြန်လည်ထူထောင်ရေးတွေဖြစ်တဲ့အတွက်ကြောင့် အဲဒါကျနော်ကပြောတာ အိမ်ပေးပါလို့ပြောတော့၊ အိမ်ပေးမယ့်အစီအစဉ်မရှိဘူးတဲ့။ အဲဒီအစီအစဉ်မရှိရင် ကျနော်မပြန်ဘူးလို့ အဲဒီလိုပြောလိုက်တယ်။”

ထိုင်း-မြန်မာနယ်စပ်ဒေသက ဒုက္ခသည်စခန်း ၉ ခုမှာတော့ မြန်မာနိုင်ငံက လူနည်းစုတိုင်းရင်းသား အများစု အပါအဝင် ဒုက္ခသည် တသိန်းခွဲလောက် ခိုလှုံနေကြတာဖြစ်ပြီါ် ဒီအထဲက တချို့ကတော့ တတိယနိုင်ငံမှာ အခြေချနေထိုင်နိုင်ဖို့ စောင့်ဆိုင်းနေကြပေမဲ့လည်း နှစ်တွေနဲ့ချီ ကြာမြင့်လာနေတဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေကြတာပါ။ ဒုက္ခသည်စခန်းတွေမှာ နှစ်နဲ့ချီနေထိုင်နေကြရတဲ့အတွက် သားသမီးတွေ ပညာရေး တပိုင်းအတစ ဖြစ်နေရတဲ့ အခြေအနေမျိုးနဲ့လည်း ကြုံနေရပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက် အခြေအနေတွေ တည်ငြိမ်စ ပြုလာနေတဲ့အတွက် နေရပ်ရင်းပြန်လိုသူတွေ ရှိပေမဲ့လည်း၊ ပြန်လည်ထူထောင်ရေးအတွက် စိတ်မအေးတဲ့အတွက် တွန့်ဆုတ်နေကြတာပါ။ ဒီအတွက်လည်း ဒုက္ခသည်တွေ အနာဂတ်အတွက် အာမခံချက်ရှိမယ့် အခြေအနေတရပ် ဖန်တီးပေးစေချင်တယ်လို့ဒုက္ခသည် တယောက်က ပြောပါတယ်။

“အခုလက်ရှိအထိ ဒီဒုက္ခသည်တွေအများစုအတွက် အနာဂတ်ဆိုတဲ့ဟာက မျှော်လင့်ချက်လုံးဝမရှိသေးဘူးဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် အစိုးရသစ်ပြောင်းလဲလာတဲ့အပေါ်မှာ ဒုက္ခသည်တွေအတွက် အခြေအနေ တရပ်ရပ် ဘယ်လိုမျိုးပုံစံဖြစ်လာမလဲဆိုတာကို အကောင်းဆုံးနဲ့ အမြန်ဆုံးအဖြေရှာပေးဖို့အတွက် လိုအပ်တယ်လို့ထင်တယ်။ အဓိက ဒုက္ခသည်တွေဘဝက ဒုက္ခသည်စခန်းတွေထဲမှာ နှစ်ပေါင်းများစွာ ရင်းနှီးထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့တွေအတွက် အနာဂတ်ကို တခုခု အကောင်းဆုံးနဲ့ အမြန်ဆုံးဖန်တီးပေးဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ပြောချင်တယ်။ မြန်မာပြည် ပြန်လို့ရှိရင် ဘယ်လိုဆောင်ရွက်ပေးမယ်၊ ဘယ်လိုစီစဉ်ပေးမယ်ဆိုတာမျိုးကို UNHCR ကလည်းမပြောဘူး၊ ထိုင်းအစိုးရကလည်း မပြောဘူး။ အဲဒါကြောင့်မို့လို့ မြန်မာပြည်ပြန်ဖို့အတွက်ဆိုတာက ဒုက္ခသည်တွေမြန်မာပြည်ပြန်ပြီးရင် ဘယ်လိုအခြေချနေထိုင်မလဲဆိုတာက သူတို့အနာဂတ်ကို ဘယ်လိုမှ ပုံဖော်ယူလို့မရသေးဘူးခင်ဗျ။”

မြန်မာအစိုးရရဲ့ အဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြာသပတေးနေ့မှာ စတင်မယ့် ၃ ရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က ဒုက္ခသည်တွေအရေး ဖြေရှင်းပေးနိုင်မယ့် လမ်းစတခုအဖြစ်နဲ့လည်း မျှော်လင့်နေကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ထိုင်းဒုက္ခသည်စခန်းကိုလာမယ်လို့ကြားထားတယ်။ အဲဒီအပေါ်မှာ ဒုက္ခသည် အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် အပေါ်မှာ အများစုကတော့ အကုန်လုံးက မျှော်လင့်နေကြတယ်။ သူတို့အတွက် အနာဂတ် အတွက် ဘယ်လိုသတင်းကောင်း တခုခုကိုကြားရမလဲ ဆိုတာကို မျှော်လင့်နေကြတယ်ခင်ဗျ။”

ဒုက္ခသည်တွေဘက်ကတော့ ကုလသမဂ္ဂ က ဒုက္ခသည်တွေ အပေါ် ချမှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့ အညီ နေရပ်ရင်းကို ပြန်လိုတယ်လို့ ပြောဆိုနေကြပါတယ်။ ဒုက္ခသည်ကိစ္စဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ နယ်စပ်ရေးရာမှာ တာဝန်ယူနေတဲ့ဝန်ကြီးဌာနတွေလည်း သက်ဆိုင်တာမို့ အစိုရသစ် အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ပြီး ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ပြီးမှာသာ အဆင်ပြေနိုင်မယ်လို့ ဒုက္ခသည်တွေက ယူဆနေကြတာပါ။ အမျိုသားဒီမိုကရေစီအဖွဲချုပ်ကပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း အဓိကထား လုပ်ဆောင်မယ်လို့ ပြောဆိုထားပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လည်းဆွေးးနွေးမူတချို့စတင်နေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG