သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ်မရပ်ဘဲ ဒုက္ခသည် မပပျောက်နိုင်


ပြည်တွင်းစစ်ရပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ။ ( နိုဝင်ဘာ ၂၀၁၅)
ပြည်တွင်းစစ်ရပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ။ ( နိုဝင်ဘာ ၂၀၁၅)

လာမယ့် တနင်္လာနေ့မှာကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်းအနားတွေ ကို နိုင်ငံတကာမှာ ကျင်းပဖို့ ပြင်ဆင်နေချိန် - မြန်မာနိုင်ငံသား ဒုက္ခသည်တွေအနေနဲ့ ကတော့ နေရပ်ပြန်ဖို့ အလှမ်းဝေးနေဆဲလို့ - ဒုက္ခသည် အရေး ဆောင်ရွက်ပေးနေသူတွေ နဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တဦး က ပြောဆိုလိုက်ပါတယ်။ မြန်မာပြည်က ဒုက္ခသည်ပြဿနာဟာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဆက်စပ်နေတဲ့အတွက် သေနတ်သံတွေမစဲသ၍ ဒုက္ခသည်တွေ ပြန်နိုင်ဦးမှာ မဟုတ်ဘူးလို့ ထောက်ပြခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက ပြောပြပါမယ်။

ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ပိုမို သတိထားမိလာစေဖို့ ရည်ရွယ်ပြီး နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်းအနားတွေကို ပုံစံမျိုးစုံနဲ့ နိုင်ငံတကာမှာ ဆင်နွှဲလေ့ရှိကြပါတယ်။ ဒီနှစ်ကျရောက်တဲ့ ၂၀၁၆ ကမ္ဘာ့ဒုက္ခသည်နေ့ရဲ့ ဆောင်ပုဒ်ကတော့ We Stand Together With Refugee – “ဒုက္ခသည်တွေနဲ့ အတူတူ ရပ်တည်ကြမယ်” ဆိုတာပါ။

စစ်ပြေးဒုက္ခသည်များ
စစ်ပြေးဒုက္ခသည်များ

ကမ္ဘာတဝှမ်း ဒုက္ခသည်ဦးရေ သန်းပေါင်း ၆၀ ကျော်ထဲမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။ ဘာသာရေး၊ လူ့အခွင့်အရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ မြန်မာဒုက္ခသည်အများစုဟာ - အိမ်နီးချင်း ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ အဓိက ခိုလှုံခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် UNHCR အစီအစဉ်နဲ့ တတိယနိုင်ငံတွေဆီ ထွက်ခွာကြသူတွေလည်း ရှိပါတယ်။

ကချင်စစ်ပြေးဒုက္ခသည်များ
ကချင်စစ်ပြေးဒုက္ခသည်များ

Morrison Johnny ဟာဆိုရင် တချိန်က ထိုင်းနယ်စပ်ခိုလှုံဖူးပြီး စစ်ပွဲတွေက ထွက်ပြေးကြရတဲ့ IDP ဒုက္ခသည်တွေအရေး အဓိက ဆောင်ရွက်ခဲ့သူပါ။ လက်ရှိ အမေရိကန်ပြည်ထောင်စု မနီဆိုးဒါးပြည်နယ်မှာ နေထိုင်နေပေမဲ့ အတိတ်က သူ့အတွေ့အကြုံကို ပြန်ပြောင်း အမှတ်ရနေဆဲဖြစ်ပါတယ်။

“IDP ဆိုတာ ပြေးတဲ့လူတွေ ပြည်တွင်းထဲမှာရှိတယ်ဗျ။ ဒီလူတွေက တကယ်တော့ ဘာအပြစ်မှ ရှိတဲ့သူတွေမဟုတ်ဘူး။ မနက်ဖြန်ဆိုတာလည်း သူတို့အတွက် မရှိဘူး။ ဒီတော့ ဒီလူတွေကို ကျနောက်နေ ကျန်တဲ့လူတွေနဲ့ တွဲပြီးတော့ မိုင်းတွင်းထဲ၊ တိုက်ပွဲတွင်းထဲကနေ ဆွဲထုတ်၊ တချို့ကလည်း သေနတ်ဒဏ်ရာနဲ့ တချို့ကလည်း ရောဂါဘယနဲ့။ အများအားဖြင့် ကျနော်တို့ တွေ့ရတာကတော့ လူကြီး သက်ကြီးရွယ်အို အဖွားကြီးတွေ၊ ကလေးတွေပေါ့နော်။ ကျနော့်မျက်စိရှေ့မှာတင်ပဲ ဗုံးကွဲပြီးတော့ အပိုင်းပိုင်းဖြစ်သွားတာတွေ တွေ့ရတယ် တော်တော်တော့ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ခက်ခဲတဲ့ဘဝလေးတွေကို ကိုယ်က ကျော်လွှားလာခဲ့တယ်။ သူတို့ကိုလည်း ကျော်လွှားစေချင်တယ်။ သူတို့ကိုလည်း ဒီဘက် နယ်ခြားထဲ ပြန်ခေါ်လာပြီးတော့ လုံခြုံစိတ်ချတဲ့နေရာတွေ၊ ဒုက္ခသည်စခန်းတွေ ပို့ရတယ်ပေါ့။”

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။

လက်ရှိ မြန်မာနိုင်ငံမှာ လူထုက ရွေးချယ်တင်မြှောက်ခဲ့တဲ့ NLD အရပ်သားအစိုးရစစ်စစ် တက်လာခဲ့ပါပြီ။ ဒါကြောင့် ဆယ်စုနှစ်ပေါင်း များစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ မြန်မာဒုက္ခသည်တွေကြား - အိမ်ပြန်ရတော့မလား ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်တွေလည်း သန်းလာနေပါတယ်။ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့လည်း - ငြိမ်းချမ်းရေးကိစ္စဟာ အဓိက ဦးစားပေးကိစ္စရပ် ဖြစ်တယ်လို့ ပြောဆိုထားတာကြောင့် ဒီဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဘယ်လောက် နီးစပ်လာနေပြီလဲ။

Morrison Johnny ကတော့ - နယ်စပ်က ဒုက္ခသည်တွေ အိမ်ပြန်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ မြင်ပါတယ်။

“အဆင်သင့်မဖြစ်သေးပါဘူး။ အိမ်ကလေးဆောက်ပြီးရုံနဲ့ မဖြစ်နိုင်ပါဘူး။ အများကြီးလုပ်စရာတွေ ရှိနေပါသေးတယ်။ လူတွေပြောသံ ကျနော် တခါမှ မကြားသေးဘူး။ မိုင်းဘယ်နှစ်လုံး ရှင်းလို့ရပြီးပြီလဲဆိုတာ တခါမှ မကြားဖူးဘူး။ ကြားတာက အခုနောက်ပိုင်းဆိုရင် သေနတ်ပေါက်သံကြီးပဲ ကြားနေရ တယ်။ ဆိုတော့ ကျနော်တို့ တကယ်လုပ်ရမယ့် အလုပ်လေးတွေ အများကြီးရှိပါတယ်။ နှစ်ပေါင်း ၄၊ ၅၊ ၆၀ နဲ့ ချီပြီးတော့ တက်လာခဲ့တဲ့ ပြဿနာကို ၄၊ ၅၊ ၆ ရက်နဲ့ ဖြေရှင်းလို့ မရဘူးလေ။ ကျနော်ထင်တာ ခေါင်းဆောင်တွေလည်း သိပါတယ်။ ဒီတော့ အချိန်ကကုစားသွားပါလိမ့်မယ်။ အချိန်ကိုတော့ ကျနော်တို့ အကျိုးရှိရှိ အသုံးချဖို့ လိုအပ်တယ်။ မူတွေ ကျနော်တို့ ချပြီးတော့ ဒီဒုက္ခသည်တွေနဲ့ အခုအစိုးရတွေကတော့ ဆွေးနွေးနေတာပေါ့နော် အသေးစိတ်။ ကျနော်ထင်တာကတော့ တော်တော်လေးတော့ စောသေးတယ်ပေါ့။”

စစ်ရှောင်ဒုက္ခသည်များ
စစ်ရှောင်ဒုက္ခသည်များ

လက်ရှိ မြန်မာနိုင်ငံက လာရောက်တဲ့ ဒုက္ခသည် ၁ သောင်း ၂ ထောင် နေထိုင်ရာ အမေရိကန်ပြည်ထောင်စု မနီဆိုးဒါးပြည်နယ်က ကရင်ခေါင်းဆောင် တဦးဖြစ်တဲ့ မန်းရောဘတ်ဇံ ကလည်း - ဒီဒုက္ခသည်တွေ အတွက် အခြေခံလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို ထောက်ပြခဲ့ပါတယ်။

“ဒုက္ခသည်ပြဿနာက ပြည်တွင်းစစ်နဲ့ ပတ်သက်လာတာကိုး။ အဲဒီတော့ စစ်ကြောင့် ထွက်ပြေးလာကြရတဲ့အတွက် ဒီစစ်ကို အဆုံးသတ်နိုင်ဖို့ အရေးကြီးပါတယ်။ အခုက မကြာတော့မယ့်ကာလမှာ ၂၁ ပင်လုံခေါ် ငြိမ်းချမ်းရေးညီလာခံကို ဒေါ်စုခေါင်းဆောင်ပြီးတော့ လုပ်ကြတော့မှာဆိုတော့ သူ့ရဲ့ဆုံးဖြတ်ချက်တိုင်းကို ဗမာ့တပ်မတော်က လိုက်နာပါ့မလား။ စစ်မဖြစ်တော့ပါဘူးလို့ ဒေါ်စုတို့က တာဝန်ယူနိုင်မလား။ ကျနော်ကတော့ သံသယရှိ တယ်လေ။ ဆိုလိုတာက ဒီနေ့ အပစ်အခတ်ရပ်စဲထားတယ်။

သမ္မတကိုယ်တိုင်က အမိန့်ပေးလို့ မရဘူး စစ်တပ်ကို။ သူတိုက်ချင်တိုက်နေတာပဲ။ အခု စစ်တပ်တွေကလည်း သွားနေတာပဲ။ တိုက်ပွဲတွေလည်း ဖြစ်နေတာပဲ။ ကရင်တို့ မွန်တို့၊ ကရင်နီတို့ဘက်မှာ မဖြစ်သေးတာပဲရှိတယ်။ ကျန်တဲ့စစ်မြေပြင် မှာ နေ့တိုင်း သူတို့အစီအစဉ်အတိုင်း တိုက်နေတယ်။ အဲဒါကြောင့်မို့ တကယ် စစ်ပွဲကို ရနိုင်မယ်ဆိုရင်တော့ ပြန်သင့်ပါတယ်။ အဲဒီတော့ ပြည်တွင်းစစ် မရပ်ဘဲနဲ့ ဒုက္ခသည်တွေပြန်ရင် ဒုက္ခပိုရောက်သွားမယ်။ ဆိုလိုတာက မိုင်းတွေရှင်းရဦးမယ်။ ပြန်သွားလို့ ရှိရင် အဆောက်အဦးကအစ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အစပေါ့ဗျာ။ ဘယ်သူတွေက တာဝန်ယူမှာလဲ။ ကျနော့်စိတ်ထင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ကတော့ မလွယ်သေးဘူး ထင်ပါ တယ်။”

လာမယ့်သီတင်းပတ်ကျရင်တော့မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို ၃ ရက်ကြာ သွားရောက်မှာဖြစ်ပြီး၊ သူ့ခရီးစဉ်အတွင်း - ဒုက္ခသည်စခန်းတွေကို သွားရောက်လိုတယ်လို့ ပြောဆိုထားပေမဲ့ - ဘယ်စခန်းတွေကို သွားမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

အခုလို ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တဦးရဲ့ ထိုင်းနယ်စပ်က ဒုက္ခသည် စခန်းတွေဆီ သွားရောက်မှာ ပထမဦးဆုံးလို့ ဆိုနိုင်ပေမဲ့ - ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ကတော့ မသေချာ မရေရာ အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG