သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ အတွက် ခရစ္စမတ် ထမင်းတနပ် အလှူ


ခရစ္စမတ်၏ ပျော်ရွင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ချစ်ခြင်းမေတ္တာ အား စစ်ဘေးဒုက္ခရောက်နေသော ညီအစ်ကို မောင်နှမများ အား မျှဝေခြင်း အစီအစဉ် (ကချင်ငြိမ်းချမ်းရေးကွန်ရက်)
ခရစ္စမတ်၏ ပျော်ရွင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ချစ်ခြင်းမေတ္တာ အား စစ်ဘေးဒုက္ခရောက်နေသော ညီအစ်ကို မောင်နှမများ အား မျှဝေခြင်း အစီအစဉ် (ကချင်ငြိမ်းချမ်းရေးကွန်ရက်)

ဒီကနေ့မှာ ကျရောက်တဲ့ ခရစ်စမတ်နေ့မှာ ပြည်တွင်းစစ်ကြောင့် စစ်ဘေး တိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ပြေး ဒုက္ခသည်တွေ အတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်ကနေ ဦးဆောင်ပြီးတော့ ခရစ် စမတ် ထမင်းတနပ် အလှူလှုပ်ရှားမှု ပြုလုပ်နေတာပါ။ ဒီခရစ်စမတ် ထမင်းတနပ် အစီအစဉ် အတွက် ရှမ်းပြည်နယ် ဒုက္ခသည်စခန်း အားလုံးနဲ့ ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်ရာ ဒုက္ခသည် စခန်းတွေကို ရန်ပုံငွေ လှုဒါန်းခဲ့ပြီး ကျန်ရှိတဲ့ စခန်းတွေကိုလဲ နှစ်သစ်အမှီ လှူဒါန်းသွားမယ်လို့ ကွန်ယက်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအခြေအနေတွေကိုတော့ VOAထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေအခုလိုသတင်းပေးပို့ထားပါတယ်။

ဒုက္ခသည်စခန်းမှာ ရှိတဲ့ ဒုက္ခသည်တွေအတွက် လူတဦးလျှင် ကျပ်တထောင်နှုန်း တန်ဖိုးရှိတဲ့ ခရစ်စမတ် ထမင်းတနပ် လှုပ်ရှားမှုအစီအစဉ်ကိုတော့ ကချင်ငြိမ်းချမ်းရေး ကွန်ယက် တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါ်ခွန်ဂျာက အခုလိုပြောပါတယ်။

" အဓိက ရည်ရွယ်ချက်ကတော့ ဒီနှစ်ဆိုလို့ရှိရင် ခရစ်စမတ်ပွဲတော်ကို ကျင်းပ တာဟာ ကမ့်မှာ ကျင်းပတာ ငါးကြိမ်မြောက်ဖြစ်ပါပြီ။ ဒီဒုက္ခသည်တွေကို တစ်ယောက်ကို တစ်ထောင်နှုန်းနဲ့ ခရစ်စမတ်ပွဲတော်မှာ စားသောက်ဖို့အတွက် တာဝန်ခံပေးခြင်းဟာ သူတို့တွေ အတွက် အင်မတန်မှကို ဝမ်းသာပျော်ရွှင် စရာ ဖြစ်ပါတယ်။"

ခရစ်စမတ် ထမင်းတနပ် လှုပ်ရှားမှု အစီအစဉ်အတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်ကနေ ဦးဆောင်ပြီး မြစ်ကြီးနား ရန်ကုန် မန္တလေးနဲ့ နိုင်ငံတကာရောက် အလှူရှင်တွေကနေ ဒုက္ခသည်တွေအတွက် ရန်ပုံငွေလှူဒါန်းခဲ့တာပါ။

ဒီအစီအစဉ်အတွက် ရှမ်းပြည်နယ် ဒုက္ခသည်စခန်းအားလုံးနဲ့ ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်ရာ ဒုက္ခသည်စခန်း တွေကို ထမင်းတနပ် ရန်ပုံငွေ လှုဒါန်းခဲ့ပြီးလို့ ဒေါ်ခွန်ဂျာကအခုလိုပြောပါတယ်။

" ကျမတို့ ဒုက္ခသည် စခန်းကို လှူဒါန်းတာကတော့ ရှမ်းပြည်နယ်ထဲက စခန်းအားလုံးကို လှူဒါန်းပြီးပါပြီ။ ကျေးသီးဘက်က စခန်းသုံးခုစလုံးကိုလည်း လှူပြီးပါပြီ။ ရှမ်းပြည်နယ်ထဲမှာတော့ ကမ့်တခုမှ မကျန်ပါဘူး။ ကချင်ပြည်နယ် ထဲမှာတေ KIO ထိန်းချုပ်နေရာထဲက စခန်းတွေကို ဦးစားပေးပြီး လှူဒါန်းပါတယ်။ အဲ့ဒီ့အထဲက လူဦးရေ နှစ်သောင်းနီးပါးစာ ကျန်နေသေးပါတယ်။ အဲ့တာကိုလည်း ကျမတို့ နှစ်သစ်ကူးအမှီ ပြန်ပြီးမှ ပို့ပေးဖို့ ကျမတို့ ကြိုးစားနေကြပါတယ်ရှင့်။"

ကချင်ပြည်နယ်က ဒုက္ခသည်ပေါင်း(၅၀၀၀၀) နဲ့ ရှမ်းပြည်နယ် ဝမ်ဟိုင်း ကျေးသီးမြို့နယ် ဘက်က ဒုက္ခသည်တွေအတွက် ငွေလွှဲပေးပြီးဖြစ်သလို ထမင်းတနပ် ကျွေးမယ့် အစီအစဉ်ကိုတော့ သက်ဆိုင်ရာစခန်းကော်မီတီတွေကနေ စီစဉ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မြို့ပေါ်မှာရှိတဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက် ဝိုင်းမော်က ဒုက္ခသည် စခန်းတွေကိုတော့ ငွေကြေး ရန်ပုံငွေ အခက်ခဲ ကြောင့် လှူဒါန်းနိုင်ခြင်း မရှိသေးဘူးလို့လည်း ဒေါ်ခွန်ဂျာကပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်က စစ်ပြေးဒုက္ခသည် စခန်းတွေ ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၈) ရက်နေ့ မှာ ထွယ်ဂျန်ဒါ နဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကနေ ခရစ်စမတ် ထမင်းတနပ် အလှူကို လှူဒါန်းခဲ့တယ်လို့ အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ဒေါ်နန်ပူကပြောပါ တယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့တို့ အကြားဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲ ကာလအတွင်း စစ်ပြေးဒုက္ခသည် တစ်သိန်းကျော် ရှိနေသေးသလို ရှမ်းပြည်နယ်အတွင်းမှာလဲ စစ်ပြေးဒုက္ခသည် (၃၀၀၀) ကျော် ရှိနေသေးသလို နေရပ်ရင်းကိုပြန်ဖို့ လုံခြုံရေးအနေအထားအရ စိုးရိမ်နေရပါတယ်။

နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ အပြီး နောင်တက်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ စစ်ပြေးဒုက္ခသည်တွေရဲ့အရေးကိစ္စကို အကောင်အထည်ဖေါ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက် တာဝန်ရှိသူ ဒေါ်ခွန်ဂျာကအခုလိုပြောပါတယ်။

စစ်ပွဲတွေကြောင့် ဒုက္ခသည်အရေး ကိစ္စတွေဖြစ်ပွါးနေခဲ့လို့ စစ်ပွဲတွေအမြန် ရပ်တန့်ပေးဖို့နဲ့ နိုင်ငံတော် အစိုးရ အနေနဲ့ ဒုက္ခသည်အရေးကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ လည်း ဒေါ်ခွန်ဂျာကပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတို့ အကြားဖြစ်ပွါးတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်၊ ဧပြီလအထိ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက် ၂၄၀၀၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက် ထားမှု အကူအညီပေးရေး ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA) ကနေ သတင်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG