သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒုက္ခသည်များ နေရပ်ရင်း မပြန်နိုင်


အစိုးရတပ်နဲ့ ရခိုင်တပ်(AA) တို့ကြား စစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် တိုက်ပွဲဖြစ်သည့်နေရာ (သတင်းဓါတ်ပုံ-ပြန်ကြားရေး)
အစိုးရတပ်နဲ့ ရခိုင်တပ်(AA) တို့ကြား စစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် တိုက်ပွဲဖြစ်သည့်နေရာ (သတင်းဓါတ်ပုံ-ပြန်ကြားရေး)

အစိုးရတပ်နဲ့ ရခိုင်တပ်(AA) တို့ကြား စစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် တိုက်ပွဲဖြစ်လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေး ဒုက္ခသည် တွေမှာ နေရပ်ရင်းကို ပြန်ခွင့်မရပဲ ဒုက္ခသည် စခန်းတွေက နေရဆဲအခြေအနေမှာ တာဝန်ရှိသူတွေဘက်က အခြားနေရာကို ပို့ဆောင်ဖို့ စီစဉ်နေတဲ့အတွက် ဒုက္ခသည်တွေမှာ နေထိုင်ရေး အတော်လေးကို အခက်တွေ့နေကြတယ်လို့ မြောက်ဦးက ရခိုင် လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရာချီတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေး အာမခံချက် ပေးနိုင်တဲ့ ရေရှည်ဘဝ ရပ်တည်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ကိုလည်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့သူတွေက တောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ကနေ ဇန်နဝါရီလဆန်းအထိ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော် (AA) တို့အကြား ဆက်တိုက်ဆိုသလို တကျော့ပြန် ပြန်လည် ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲ တွေကြောင့် ဒေသခံ ရခိုင်ပြည်သူတွေဟာ သူတို့ရဲ့ တောင်ယာလုပ်ငန်းတွေ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ဘေးလွတ်ရာ နီးစပ်ရာနေရာတွေမှာ ခိုလှုံကြသူတွေရှိသလို များပြားလှတဲ့ ဒုက္ခသည်တွေအတွက် ဒုက္ခသည်စခန်းသုံးခု ဖွင့်လှစ်ပြီး လိုအပ်တာတွေအတွက် မြို့ခံတွေက ဝိုင်း ကူညီ ပေးနေကြတယ်လို့ မြောက်ဦးမြို့နယ် ANP ပါတီ ဒုဥက္ကဋ္ဌ(၁)လည်းဖြစ် မြောက်ဦးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေက အနိုင်ရလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းသာစိန်က ပြောပါတယ်။

“ဒုက္ခသည်စခန်း ၃ ခု ရှိတယ်။ ကျီရာပြင် မှာ ၁၁၇ ယောက်၊ စေတီတောင်မှာ ၇၉ ယောက်၊ ရွာမ ပြင်မှာက ၆၇ ယောက် အကုန်လုံး ၂၆၃ ယောက် အခုတော့ အရပ်ဖက်အဖွဲ့အစည်းတွေက ဒုက္ခသည်တွေဆီ ကိုတော့ ဆန်၊ဆီ၊ဆား အဝတ်အထည်တွေ လာပို့နေကြတယ်။ ပထမတော့ ရွာမှာ ရွာကိုပတ်ပြီးတော့ ကောက်ခံတယ်ပေါ့လေ။ ကောက်ခံလို့ရတာတွေနဲ့ ပထမဆုံးတော့ သူတို့ရဲ့ စားဝတ်နေရေးကို ဒီလို ရွာတွေက ဖြေရှင်းတယ်။ နောက်တော့ အရပ်ဖက်အဖွဲ့အစည်းတွေ သိသွားတော့ ဒီမေတ္တာမျှဝေဖောင်ဒေးရှင်းတို့ ဝံလက် ဖောင်ဒေးရှင်းတို့ အရပ်ဖက် အဖွဲ့အစည်းတွေက လာကြတယ်။ အခုဆိုရင်တော့ သူတို့ စားသောက်ရေးအတွက်တော့ နဲနဲဖူလုံသွားပြီလို့တော့ ပြောလို့ရတယ်။”

နှစ်ရာကျော်သုံးရာနီးပါးရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို အစိုးရတပ်နဲ့ ရခိုင်တပ်ကြား စစ်ရေးတင်းမာနေဆဲအခြေအနေ၊ နယ်မြေမတည်ငြိမ် မအေးချမ်းသေးတဲ့ အနေအထားတွေကြောင့်ဒုက္ခသည်တွေ ရောက်လာရာ နေရပ်ရင်းကို ပြန်ခွင့်မပေးပဲ အခြားနေရာတွေကို ပို့ဆောင်ပေးဖို့ စီစဉ်နေတဲ့အတွက် ဒုက္ခသည် တွေမှာ ရေရှည် နေထိုင် ရပ်တည်ရေး အတော်လေးကို စိတ်သောကရောက်နေကြတယ်လို့ ဝံလက်ဖောင်ဒေးရှင်းရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဦးထွန်းသာစိန်က ပြောပါတယ်။

“ဒီဇင်ဘာ ၃၀ ရက်နေ့ကနေ ကျီယာပြင်တို့၊ စေတီတောင်တို့၊ ရွာမပြင်တို့ကို ရောက်လာကြတယ်။ သူတို့ မှုလနေခဲ့တဲ့ရွာကတော့ ဗာဂျီဆိုတဲ့ရွာနဲ့ သံတံတားဆိုတဲ့ ရွာ၊ရွာမဟုတ်ပဲနဲ့ ရွာလိုမျိုး တဲစုတွေ အစုလိုက်အဖွဲ့လိုက် နေကြတဲ့ တဲစုတွေရှိတယ် အဲ့ဒီ့တဲစုတွေကနေ တဆင့် စေတီတောင်တို့ ရွာမပြင်တို့ကို ရောက်လာကြတာ။ သူတို့နေခဲ့တဲ့ ဗာဂျီရွာတို့ သံတံတားတို့ကိုတော့ Local Government တွေက မပို့ဘူး။ ဒီရွာတွေကတဲ့ ခင်ဗျားတို့နေတဲ့ရွာတွေက ပြည်ထဲရေးအထိ မပေါက်သေးဘူး။ ရွာမဟုတ်သေးဘူး။ တဲစုတွေ အဆင့်ပဲ ရှိသေးတယ်။ အဲ့တာကြောင့်မို့လို့ တရားဥပဒေစိုးမိုးရေးမရှိဘူး။ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ခင်ဗျားတို့ စစ်ဘေး၊ စစ်ဒဏ် သင့်ရတာ။ ဒါကြောင့်မို့ ခင်ဗျားတို့ စစ်ဘေး၊ စစ်ဒဏ်သင့်တဲ့နေရာတွေကို သွားဝံ့သလား။ သွားရဲသလား။ အဲ့လိုမေးကြတယ်ပေါ့လေ။ IDP တွေကလည်း သူတို့ဆန္ဒသဘောထားကတော့ Local Government တွေက အေးချမ်းသွားပြီ၊ လုံခြုံသွားပြီလို့ Mandate ပေးရင် သူတို့နေခဲ့တဲ့ ဗာဂျီတို့ သံတံတားတို့ကို ပြန်မှာပဲ သူတို့ကလည်း အာမခံချက်မပေးတော့ သူတို့က ဘယ်မှာ နေရမလဲ အဲ့လို ဇဝေဇဝါဖြစ်နေကြတယ်။”

ဒုက္ခသည်တွေအတွက် စားဝတ်နေရေးနဲ့ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေအတွက် မြို့ခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေဘက်က ကူညီထောက်ပံ့ပေးနေပေမဲ့ သူတို့အတွက် သူတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဖြစ်တဲ့ မိရိုးဖလာ တောင်ယာ လုပ်ငန်းနဲ့ နေ့စဉ်ဘေးကင်းလုံခြုံစွာ လုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုပါတယ်လို့လည်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က ပြောပါတယ်။

“ အခု ကျနော်မေးကြည့်တော့ သူတို့တွေက ဘာပြောကြသလဲဆိုတော့ ကျနော်တို့က တောတောင်ကို မှီခိုလို့ လုပ်စားလာကြတဲ့သူတွေပါ။ တောနဲ့တောင်နဲ့ သိပ်မဝေးတဲ့ ကျီရာပြင်တို့ စေတီတောင်တို့မှာ မှီခိုပြီးတော့ ကပ်ခိုပြီးတော့ နေရလို့ရှိရင် အဆင်ပြေပါတယ်လို့ ကျနော်တို့ကို ပြောကြတာပါပဲ။ သူတို့တွေ နေချင်တဲ့ နေပျော်တဲ့ နေရာတွေမှာ အဲ့ဒီ့ရွာတွေမှာ ထားလိုက်လို့ရှိရင် သူတို့အတွက် အဆင်ပြေမယ်လို့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်အစိုးရဘက်က ဒုက္ခသည်တွေအတွက် ကူညီ ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကိုသိရအောင် ဆက်သွယ်ခဲ့ပေမဲ့လို့ ဆက်သွယ်လို့မရခဲ့ပါဘူး။ လက်ရှိရခိုင်ပြည်နယ်တွင်း အခြေအနေမှာတော့ အခုလို တကျော့ပြန် တိုက်ပွဲတွေကြောင့် ဒေသတွင်း ခရီးသွားလာရေးတွေမှာလည်း တင်းကျပ်တဲ့ စစ်ဆေးမှုတွေကြောင့် လုံခြုံရေးအန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း ရခိုင်တပ်မတော် AA နဲ့ မြန်မာစစ်တပ်တို့ကြား တကျော့ပြန်တိုက်ပွဲတွေ ဆက်တိုက ်ဆိုသလိုဖြစ်ပွားခဲ့ရာက အနည်းဆုံး တိုက်ပွဲ(၁၅)ကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်ဘက်က တပ်ရင်းမှူးနဲ့ အရာရှိစစ်သည် တပ်သားတချို့ကျဆုံးခဲ့ရသလို ရခိုင်တပ်ဘက်မှာလည်း ကျဆုံးမှုတွေရှိခဲ့ပါတယ်။ ဒေသတွင်း မတည်ငြိမ်လို့ စားဝတ်နေရေးနဲ့လုံခြုံရေး အသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်နိုင်ရေး အခက်အခဲတွေ တွေ့ကြုံနေရတဲ့အတွက် ကျောက်တော်မြို့မှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ကိုလည်း ဒေသခံရခိုင်ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

XS
SM
MD
LG