သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့ ဒုက္ခသည်များနေ့ကို ရည်စူးပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက ကမ္ဘာ့ တစ်ဝှမ်း ပဋိပက္ခကြီးတွေ ဖြစ်ပွားခဲ့တဲ့ အတွက်ကြောင့် အိုးအိမ်ပစ် စွန့်ခွာ ထွက်ပြောခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ စံချိန်တင်ပြီး ၆၅ သန်းတို့ ရှိခဲ့တဲ့အတွက် ဒါဟာ လွန်ခဲ့တဲ့ တစ်နှစ်ကထက် စာရင် ငါးသန်းကျော် တယ်လို့ ဆိုပါတယ်။ ဆီးရီးယား ပြည်တွင်း စစ်ကြောင့် ဒုက္ခသည် ၁၁သန်း အိုးအိမ်မဲ့ ဖြစ်ခဲ့ကြသလို၊ အီရတ်မှာ IS အစ္စလာမ်မစ် အစွန်းရောက်တွေရဲ့ ဒဏ်၊ ယီမင်နဲ့ တောင်ဆူဒန် တို့မှာ ပြည်တွင်းစစ် ကြောင့် စသည်ဖြင့် ပဋိပက္ခတွေကို ထောက်ပြခဲ့ပြီး ဒုက္ခသည်တွေရဲ့ ခံနိုင်ရည် ရှိမှုနဲ့ သတ္တိ ကိုလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက သူ့ရဲ့ ကြေငြာချက်မှာ ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်ဦးရေ တိုးလာသလို ဒုက္ခသည်တွေကို ဆက်လက် အကူအညီပေးသွားမှာ ဖြစ်တဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Josh Ernest က တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

”အသက်ဘေးအန္တရယ်နဲ့ နှိပ်ကွတ်မှုကနေ ထွက်ပြေး လွတ်မြောက်ခဲ့ကြတဲ့ ဒုက္ခသည်တွေ ကို အကာကွယ်ပေးပြီး ခိုလှုံခွင့်ပေးတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုက ကမ္ဘာမှာ ထိပ်ဆုံးက ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကစလို့ ဒုက္ခသည် ၃.၂ သန်းကျော်ကို ဒီနိုင်ငံမှာ လာရောက် အခြေချခွင့်ပြုခဲ့တာ လည်းဖြစ်ပါတယ်။ သမ္မတကကော နိုင်ငံခြားရေးဝန်ကြီးကပါ ကြိမ်ဖန်များစွာ ပြတ်ပြတ်သားသား ပြောခဲ့ပြီးဖြစ်တာက ဖိနှိတ်မှုအောက်ကနေ ထွက်ပြေးခဲ့ကြသူတွေအနေနဲ့ ငြိမ်းချမ်းပြီး ဘေးအန္တရယ် ကင်းတဲ့ ဘ၀မှာ နေထိုင်လိုကြတဲ့ သူတွေကို ဒီမှာ အခြေချနေထိုင်ဖို့ လက်ခံ ကြိုဆိုမှာ ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားအဖြစ် ဗာဂျီးနီးယား ပြည်နယ် Sterling မှာ Dulles မွတ်စလင် လူ့အဖွဲ့အစည်းကနေ ကြီးမှုး ကျင်းပတဲ့ ဘာသာပေါင်းစုံ ဧည့်ခံပွဲကို ၀န်ကြီးကယ်ရီနဲ့အတူ တက်ရောက်ခဲ့သူကတော့ ဒုက္ခသည်များအရေးကို မနားမနေ ဆောင်ရွက်ခဲ့လို့ UNHCR ရဲ့ အထူး သံတမန်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ နာမည်ကျော် ရုပ်ရှင် မင်းသမီး Angelina Jolie ပဲ ဖြစ်ပါတယ်။ သူက ဒုက္ခသည်များကို ကမ္ဘာကြီးက မမေ့ဖို့ကို ခုလိုက ပန်ကြားခဲ့ပါတယ်။

“ ဒီနေ့ဟာ ကမ္ဘာ့ ဒုက္ခသည်များနေ့ ဖြစ်ပါတယ်။ ကျမအနေနဲ့ လူတွေကို ဒီကနေ့ စဉ်းစားကြစေလိုတာကတော့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကနေ့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်များအရေးရဲ့ အတိုင်းအတာ ကြီးမားမှုဟာ ဘယ်လောက်သွားပြီး သက်ရောက်မှု ရှိနိုင်သလဲ ဆိုတဲ့အချက်ပါပဲ။ ပဋိပက္ခတွေကြောင့် လူပေါင်း ၆၅ သန်း အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတဲ့အတွက်ကြောင့် ကမ္ဘာကြီးအနေနဲ့ သူတို့ကို ကြောခိုင်း သွားဖို့ မသင့်ပါဘူး။ ဒီလိုကြောခိုင်းသွားရင် အမျှော်အမြင် နည်းရာကျမှာ ဖြစ်တဲ့အပြင် တာဝန်မဲ့ပြီး အန္တရယ်လည်း ကြီးမားတာဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ကြေငြာချက်မှာတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာမှု အကူအညီအဖြစ် ကမ္ဘာ့ တစ်ဝှမ်း ဒုက္ခသည်များ ပြန်လည် အခြေချရေး အစီအစဉ်ကို တိုးချဲ့ ဖော်ဆောင်သွားမှာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်ပေါင်း ၇သောင်း လက်ခံခဲ့ရာက၊ ၂၀၁၆ ခုနှစ်မှာ ၈၅၀၀၀ အထိ တိုးပြီး လက်ခံမယ်လို့ ဖော်ပြထားပါတယ်။

ခုလို ကမ္ဘာ့ တစ်ဝှမ်း ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စုမှာ လာရောက် အခြေချခွင့်ပြုရာမှာ မြန်မာနိုင်ငံက ၁၉၈၀ ခုနှစ်များ နောက်ပိုင်း စစ်အစိုးရ ခေတ် အဆက်ဆက် နှိပ်ကွပ်ခံရမှုတွေကြောင့် ထွက်ပြေးခဲ့ကြတဲ့ ကရင်၊ ကချင်၊ နဲ့ ချင်း တိုင်းရင်းသား အများစု အပါအ၀င် မြန်မာနိုင်ငံက ဒုက္ခသည် ဦးရေ ၈သောင်းကနေ တစ်သိန်းအတွင်း အမေရိကန် ပြည်ထောင်စုမှာ အခြေချခဲ့ကြပါတယ်။

နော်မိုင်းရာ ဒါဂေးဖော ကတော့ ကရင် တိုင်းရင်းသူ ဖြစ်ပြီး၊ သူက ကမ္ဘာ့ ဒုက္ခသည်များနေ့ အစီအစဉ်များထဲက တစ်ခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ လာရောက် အခြေချတဲ့ ဒုက္ခသည်တွေ အနေနဲ့ သူတို့ရောက်ရာ လူ့အဖွဲ့အစည်းကို အကျိုးပြုပုံကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ တချို့လူက refugee လို့တောင် မခေါ်ချင်ကြဘူး။ terrorism တွေ ဘာတွေ ကြောက်ကြတဲ့အတွက်ကြောင့် ဘာညာပေါ့နော်။ ဒါပေမယ့် သမီးတို့ သွားပြောတဲ့ ဟာကတော့ ကျွန်မတို့ refugee တွေက ကျွန်မ ပြောရဲတယ်။ ဒီမှာ လာနေတဲ့ refugee တွေက သူတို့ အခြေတိုင်သည် အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ သူတို့ တတ်နိုင်သလောက် ပြန်ပေးကြပါတယ်။ ဒါပေမယ့် အချို့ ဘယ်သူမဆို တချို့တွေက refugee တွေ လာပြီ ဆိုရင် သူတို့ရဲ့ Social Welfare system တွေကို ပိုက်ဆံကုန်မယ်။ သူတို့ရဲ့ အလုပ်တွေကို ယူမယ်။ ဒါပေမယ့် အမှန်တကယ်ကလဲ ကျွန်မတို့ refugee တွေက ဒီလို ကိစ္စကို စိတ်ဝင်စားတာ မဟုတ်ပဲနဲ့ အရေးအကြီးဆုံးက ကိုယ့်ရဲ့ လုံခြုံရေးအတွက်၊ ပြီးတော့ နောက်ဆုံး ဒီနိုင်ငံကို အကောင်းဆုံး ဘယ်လိုပြန်ပေးနိုင်မလဲ။ ကိုယ်တတ်နိုင်တဲ့ အရာကို ကိုယ်လုပ်တယ်။ ကိုယ်ပြန်ပေးတယ်။ အဲဒီလိုမျိုးပေါ့။ ”

အမေရိကန် ပြည်ထောင်စုမှာ လာရောက် အခြေချတဲ့ မြန်မာ ဒုက္ခသည်တွေ အများဆုံးရှိတဲ့ မြို့တွေက Fort Wyne မြို့ နဲ့ Indianapolis မြို့တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG