သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရနဲ့ ဒေါ်စု လူ့အခွင့်အရေးဆွေးနွေးဖို့ HRW တိုက်တွန်း


ထိုင်းနိုင်ငံကို ဒီနေ့ဆိုက်ရောက်မယ့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ထိုင်းအစိုးရနဲ့ တွေ့ဆုံရာမှာ လူ့အခွင့်အရေး ကိစ္စတွေကို ဦးစားပေး ဆွေးနွေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ကိုရဲခေါင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်းမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးပါတဲ့ စီးပွားရေး၊ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စတွေကို အဓိက ဆွေးနွေးဖို့ ရှိပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကိစ္စတွေကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ တိုက်တွန်းကြပါတယ်။

Human Rights Watch အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Brad Adams ကတော့ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီပြီးရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို လူကုန်ကူးခံရတာနဲ့ ခေါင်းပုံဖြတ်ခံရတာတွေနဲ့ ပက်သက်လို့ ဦးစားပေး ဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုတွေဟာ ပုံစံအမျိုးမျိူးနဲ့ ရှိနေပါတယ်။ လိင်လုပ်ငန်းတွေ၊ စက်ရုံတွေနဲ့ ထိုင်းငါးဖမ်းသင်္ဘောတွေပေါ်မှာ အခိုင်းခံကြရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နှိပ်စက်ညှဉ်းပန်း ခံရတာရှိသလို၊ တခါတရံ အသတ်ခံရတာလည်း ရှိပါတယ်။ အများအားဖြင့်တော့ လစာအနှိမ်ခံရတာ၊ အလုပ်ချိန် ပိုခိုင်းတာ၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် အခြေအနေမှာ အလုပ်လုပ်ကြရတာတွေ ဖြစ်နေပါတယ်။ တကယ်တော့ ထိုင်းနိုင်ငံဟာ နှစ်တော်တော်များများကြာအောင် မြန်မာလုပ်သား နှစ်သန်းလောက်အထိရဲ့ လုပ်အားကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်း ပဋိပက္ခတွေနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဝင်ငွေရှာရခက်တာကြောင့် ထွက်ပြေးလာကြတဲ့ သူတွေကို ထိုင်းက လက်ခံထားတာ ဖြစ်ပါတယ်။ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက လုပ်သားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေနဲ့ ထိုင်းစီးပွားရေးကို အဓိက ပံ့ပိုးခဲ့တာ ဖြစ်ပါတယ်။ ဒါကို ရပ်တန်းက ရပ်သင့်ပါပြီ။ ဒီလို အမြတ်ထုတ်တဲ့အထဲမှာ ထိုင်းစစ်တပ်နဲ့ ရဲတွေလည်း ပါဝင်ပါတယ်။ ဒီလို စိုးရိမ်မကင်းဖြစ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိုင်းအစိုးရနဲ့ တွေ့ဆုံရာမှာ ပြောဆိုဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အလားတူပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့က စိုးရိမ်မကင်းဖြစ်တဲ့ ကိစ္စတခုက မနှစ်က မြန်မာနိုင်ငံက ထွက်ပြေးလာပြီး၊ ပင်လယ်ထဲမှာ လူကုန်ကူးသူပွဲစားတွေ စွန့်ပစ်ခဲ့တာကို ကယ်ဆယ်ထားတဲ့ ရိုဟင်ဂျာ မူဆလင် ၇၀၀၀ ကျော်ရဲ့ ရှေ့ရေးနဲ့ပက်သက်လို့လည်း ဒီခရီးစဉ်အတွင်းမှာ ထည့်သွင်းဆွေးနွေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက မျှော်လင့်နေကြပါတယ်။

မြန်မာနိုင်ငံကို စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အရေအတွက် လျော့ကျလာပေမဲ့ ဒေသဆိုင်ရာ အစိုးရတွေအနေနဲ့ ပိုပြီး ကျယ်ပြန့်တဲ့ အရေးကိစ္စတွေကို ဖြေရှင်းဖို့ လိုနေတုန်းပဲလို့ Fortify Rights အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး Matthew Smith က ပြောပါတယ်။

“လက်ရှိ ပြဿနာက ဒေသဆိုင်ရာအစိုးရတွေက လွတ်မြောက်လာသူတွကို အကာအကွယ်ပေးဖို့ကို ဦးစားပေး မလုပ်တာပါ။ မနှစ်က လူကုန်ကူးမှုကနေ လွတ်မြောက်လာတဲ့ သူတွေဟာ ခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲပါ။”

မနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူကုန်ကူးသူတွေ အသုံးပြုတဲ့ စခန်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ မြှှုပ်နှံထားတဲ့ အလောင်း ဒါဇင်ပေါင်းများစွာကို တွေ့ရှိခဲ့ပါတယ်။ လူကုန်ကူးမှုနဲ့ ဆက်စပ်နေသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ရာမှာ ထိုင်းအာဏာပိုင်အချို့လည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ထိန်းသိမ်းရေး စခန်းတခုကနေ ရိုဟင်ဂျာ ၁၂ ဦး ထွက်ပြေးခဲ့ရာမှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့ပါတယ်။ Mahidol တက္ကသိုလ် လူသား အရင်းအမြစ် အင်စတီကျူ့က Siriprapha Petcharamesree က ရိုဟင်ဂျာတွေ ကြုံနေရတဲ့ ပြဿနာတွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ နိုင်ငံမဲ့ဖြစ်မှုတွေက အပြောင်းအလဲ မရှိသေးဘူးလို့ ဆိုပါတယ်။

“ပြဿနာတွေက ရှိနေဆဲပါ။ အရင်ကအတိုင်းပါပဲ။ ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ သူတွေ မလွတ်မြောက်သေးပါဘူး။ နေရာဒေသ အမျိုးမျိုးက ရိုဟင်ဂျာတွေဟာ ဖမ်းဆီးခံရပြီး၊ ထိန်းသိမ်းခံရဖို့ ဒါမှမဟုတ် ပြန်ပို့တာခံရဖို့ အန္တရာယ်ရှိနေပါတယ်။ သူတို့ဟာ ဒီလို အန္တရာယ်ကျရောက်ဖို့ ဖြစ်နိုင်ခြေ မြင့်မားနေတာ အပြောင်းအလဲ မရှိပါဘူး။ သူတို့ရဲ့ အခွင့်အရေးတွေအတွက် အကာကွယ်မရှိပါဘူး။ ကျနော်မြင်တာကတော့ ဒါဟာ မအောင်မြင်မှု တခုပါပဲ။”

ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အပါအဝင် တောင်းဆိုချက်တွေ တင်သွင်းဖို့ မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG