သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ် သတင်းယူခွင့် ကန့်သတ်


၂၀၁၂ ဇွန်လ တုန်းက ဒေါ်အောင်ဆန်းစုကြည် Mae la ဒုက္ခသည်စခန်းကိုသွားရောက်စဉ်
၂၀၁၂ ဇွန်လ တုန်းက ဒေါ်အောင်ဆန်းစုကြည် Mae la ဒုက္ခသည်စခန်းကိုသွားရောက်စဉ်

မြန်မာအစိုးရရဲ့ အဆင့်မြင့် ခေါင်းဆောင်တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် သုံးရက်ကြာ သွားရောက်မယ့် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း၊ သတင်းရယူနိုင်ရေး အကန့်အသတ်တွေ ရှိနေတဲ့အတွက် ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ အခက်ကြုံနေကြရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ် လုံခြုံရေးအတွက် အိမ်ရှင်ထိုင်းနိုင်ငံက သတင်းမီဒီယာတွေကိုပါ ကန့်သတ်မှုတွေ ထုတ်ပြန်လိုက်သလို၊ မြန်မာအာဏာပိုင်တွေ အနေနဲ့လည်း သတင်းသမားတွေအတွက် စီစဉ်ပေးထားတာတွေဟာ အားနည်းတယ်လို့ သတင်းထောက်တွေက ပြောဆိုနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံခရီးစဉ် နောက်ဆုံးအခြေအနေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပါမယ်။

ကြာသပတေးနေ့မှာ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း သတင်းယူမယ့် သတင်းထောက်တွေအနေနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ဖို့၊ သတင်းထောက် အသုံးအဆောင် ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ ယူဆောင်ကြဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်တာပါ။ သတင်းထောက်တွေ အနေနဲ့ ဧည့်သည်တော် ဒေါ်အောင်ဆန်းစုကြည်ကို လူတွေမေးမြန်းခွင့်မရှိသလို၊ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတောင် မေးခွန်း ထုတ်ခွင့် ပေးမှာ မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို သတင်းယူမယ့် ထိုင်းအခြေစိုက် ဧရာဝတီသတင်းထောက် မငြိမ်းငြိမ်းကတော့ သတင်းသမားတွေအပေါ် ကန့်သတ်မှုတွေနဲ့အတူ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အစီအမံတွေကို အခုကတည်းက စတင်ပြင်ဆင်နေပြီလို့ ပြောပါတယ်။

“အခက်အခဲက ကိုယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကို သေချာမသိရဘူးအမ။ ဟိုလူ့ကိုမေး၊ ဒီလူ့ကိုမေးလိုက် သမ္မတရုံးကိုမေးလိုက်၊ နိုင်ငံခြားရေးရုံးကိုမေးလိုက်နဲ့ပေါ့ အကုန် လိုက်မေးရတယ်အမ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့လေ။ ဒါပေမယ့် တိတိကျကျတော့ ဘာမှမရဘူး အမ။ နောက်ဆုံးဒီနေ့အထိ သိရတာက ထိုင်းကခွင့်ပြုရင် လိုက်ယူလို့ရတယ်၊ ထိုင်းက သူကြေညာထားတဲ့အတိုင်းပဲ မီဒီယာ တွေဆိုရင် အစိုးရမီဒီယာတွေဆိုရင် ဘယ်နေရာတွေမှာလိုက်ယူလို့ရတယ်။ ပြင်ပမီဒီယာတွေဆိုရင် ဘယ်အပိုင်းတွေမှာလိုက်ယူလို့ရတယ်ဆိုတဲ့ ထုတ်ပြန်ချက်ထုတ်လိုက်တယ်ပေါ့နော်။”

မြန်မာနိုင်ငံဘက်ကတော့ နိုင်ငံတော်ခရီးစဉ်အတွင်း နိုင်ငံပိုင်ရုပ်မြင်သံကြားဌာန MRTV တခုတည်းကိုသာ လိုက်ပါသတင်းယူခွင့် ပြုထားတဲ့အတွက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေ သတင်းရယူနိုင်ဖို့ အခက်ကြုံနေကြရတာပါ။ ခရီးစဉ်မှာ လိုက်ပါ သတင်းယူနိုင်အောင် မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်ကလည်း လိုအပ်တဲ့ ပံ့ပိုးမှုတွေ မရှိဘူးလို့လည်း ဧရာဝတီမဂ္ဂဇင်း သတင်းထောက် မငြိမ်းငြိမ်းက ပြောပါတယ်။

“Delegation နဲ့ကျတော့ အစိုးရပိုင်မီဒီယာတွေက MRTV တခုထဲ လိုက်ခွင့်ရှိတယ်လေ။ ပြန်ကြားရေးကနေပြီးတော့ ကြေညာပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နိုင်ငံတော်ခရီးစဉ်မှာတော့ ပြင်ပမီဒီယာတွေ လိုက်ခွင့်ရှိမယ်ဆိုတဲ့ဟာမျိုးခွင့်ပြုမယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့အမရယ်။ လွယ်လွယ်ကူကူနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာမျိုး သိရတာပေါ့။”

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုတွေ အဆုံးသတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အရပ်သား အစိုးရတရပ် တက်လာချိန်မှာဘဲ၊ ထိုင်းနိုင်ငံမှာတော့ စစ်တပ်ကအာဏာသိမ်းပြီး အစိုးရအဖြစ် အုပ်ချုပ်နေတဲ့အတွက် အိမ်နီးချင်း ၂ နိုင်ငံရဲ့ အခြေအနေဟာ ပြောင်းပြန်ဖြစ်နေပြီဆိုပြီး အများရဲ့ အ ဝေဖန်ခံနေရတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံကိုယ်တိုင် သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေကို ပံ့ပိုးမှုတွေမှာတော့ အားနည်းနေတုန်းပဲလို့လည်း သတင်းစာဆရာဦးစည်သူအောင်မြင့်က မြင်ပါတယ်။

“ပြန်ကြားရေးမှာလည်း ဆရာဖေမြင့် တယောက်ပဲ ဝင်လာတာရှိတယ်။ ကျန်တာအကုန်လုံးဟာ အရင်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝန်ထမ်းတွေကြီးပဲ။ ဆိုတော့ အဲဒီ ဝန်ထမ်းတွေအနေနဲ့ ဒီလိုမျိုး သတင်းတွေ ထုတ်ပြန်ပေးရာမှာ နောက်ပြီးတော့မှ အခုလို နိုင်ငံခြားခရီးစဉ်တွေမှာ သတင်းလိုက်ယူဖို့ကိစ္စတွေ စီစဉ်ပေးရာမှာ သူတို့ကို အကျွမ်းတဝင်မရှိသေးဘူးလို့ထင်တယ်လေ။ ဆိုတော့ ဒီလိုမျိုး အခြေအနေမျိုးတွေရှိနေသေးတဲ့အခါကျတော့ သူတို့အနေနဲ့ ဒါကို ကောင်းကောင်းကိုင်တွယ်လို့မရသေးဘူး အဲဒီလိုပဲထင်တယ်။ နောင်သိပ်မကြာခင်မှာတော့ သူတို့ဒါတွေနဲ့ ပတ်သက်လို့ လုပ်တဲ့ကိုင်တဲ့ဟာမှာ ပိုပြီးတော့ အဆင်ပြေသွားမယ်လို့ထင်ပါတယ်။”

ကြာသပတေးနေ့ကနေ စနေနေ့အထိ ၃ ရက်ကြာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာတော့ သန်းနဲ့ချီရှိနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအရေး ကိုယ်တိုင်သိနိုင်အောင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံမှာဖြစ်သလို၊ ထိုင်း-မြန်မာနယ်စပ်က ထမ်ဟင်ဒုက္ခသည် စခန်းကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းကို သွားရောက်တဲ့ ခရီးစဉ်ကိုတော့ အစိုးရပိုင် သတင်းမီဒီယာတွေကိုသာ သတင်းယူခွင့်ပေးမှာ ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးဖို့ ရှိနေချိန်မှာပဲ ထိုင်းနိုင်ငံက အစိုးရမဟုတ်တဲ့အဖွဲ့ NGO ၂၃ ဖွဲ့ကတော့ ထားဝယ်အထူးစီးပွားရေးဇုန်၊ သံလွင်မြစ်ပေါ် ရေကာတာဆောက်လုပ်မယ့် အစီအစဉ်တွေ အပါအဝင် ၂ နိုင်ငံ ပူးတွဲဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ ဒေသခံလူမှုအသိုင်းအဝိုင်းတွေအပေါ် ဆိုးကျိုးတွေ ရိုက်ခတ်လာနိုင်တယ်ဆိုပြီး ဆိုင်းငံ့ထားဖို့လည်း တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG