သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားတွေ နစ်နာကြေး ရမည်


ဘန်ကောက် အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားတွေ နစ်နာကြေးရမည်-ဓါတ်ပုံ ရဲမင်း (AAC)
ဘန်ကောက် အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားတွေ နစ်နာကြေးရမည်-ဓါတ်ပုံ ရဲမင်း (AAC)

ထိုင်းနိုင်ငံဘန်ကောက်မြို့က အထည်ချုပ်စက်ရုံတခုမှာ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်ဆိုပြီး မြန်မာအလုပ်သမား ၄၀၀ ကျော် ဆန္ဒပြခဲ့ကြပြီးနောက် လုပ်ငန်းရှင်က ဘတ်ငွေ ၃ သန်းနီးပါး နစ်နာကြေးပေးဖို့ သဘောတူလိုက်ပါတယ်။ တရားဝင်သတ်မှတ်ထားတဲ့ လုပ်အားခနဲ့ အချိန်ပိုကြေး အပြည့်မရတဲ့ အတွက် မနေ့ကဆန္ဒပြခဲ့ပြီးနောက် အခုနောက်ဆုံး KH အထည်ချုပ် စက်ရုံက နစ်နာကြေးပေး ကျေအေးလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားတဲ့ လုပ်ခ နဲ့ ခံစားခွင့်တွေ မပေးဘူး ဆိုပြီး မြန်မာအလုပ်သမား ၄၀၀ ကျော် ဆန္ဒပြခဲ့တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရာက အခုနောက်ဆုံး စက်ရုံပိုင်ရှင်ဘက်က နစ်နာကြေးပေးဖို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရက အလုပ်သမားတွေကို တနေ့လုပ်အားခ ထိုင်းဘတ်ငွေ ၃၀၀ နဲ့ တနာရီ အချိန်ပိုကြေး ၅၆ ဘတ်နှုန်း ပေးဖို့ သတ်မှတ် ထားပေမဲ့၊ ဒီအခွင့်အရေးအတိုင်း မပေးတဲ့အတွက် KH အထည်ချုပ် စက်ရုံက မြန်မာ အလုပ်သမားတွေ မနေ့က ဆန္ဒပြခဲ့ကြတာပါ။

ဒီနောက်မှာတော့ လုပ်ငန်းရှင်က နစ်နာကြေးပေးဖို့ ညတွင်းချင်းပဲ အလုပ်ရှင်ဘက်က သဘောတူခဲ့တာ ဖြစ်တဲ့အကြောင်း အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။

" ည ၈ နာရီ၊ ၉နာရီလောက်မှာ အလုပ်ရှင်နဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ ကျနော်တို့အဖွဲ့နဲ့ပေါ့နော် ဒီဘက်က ထိုင်းဘက်က ခေါင်းဆောင်တွေ အားလုံး သဘောတူညီမှုအရ ထိုင်းဥပဒေအရ အရင်တုန်းက ၈ကျပ်၊ ၉ကျပ်လောက် ဖောက်ဖျက်ထားတယ်။ အဲ့တာတွေ အကုန်လုံးကို သူ့ဘက်က မှားတယ်ဝန်ခံပြီးတော့ အကုန်လုံးကို ဒီကနေ့ကစပြီးတော့ လုပ်အားခ အပြည့်အဝပေါ့နော်။ လုပ်အားခအပြည့်အဝနဲ့ ခံစားခွင့်တွေ စပေးပြီ။ တနေ့ကို ဘတ်သုံးရာ၊ တနာရီကို ၅၆ဘတ်၊ ပြီးတော့ ရုံးပိတ်ရက်တွေမှာ နှစ်ဆ မရတာတွေ ပြန်ပေးမယ်။ အရင်တုန်းက ဆရာဝန်လက်မှတ်မပါရင် ပိုက်ဆံမပေးဘူး။ နေ့စားခတွေ မပေးဘူး။ အခု ဆရာဝန်လက်မှတ် ပါရင် နေ့စားခတွေပေးမယ် စသည်ဖြင့် အရင်တုန်းက ဖောက်ဖျက်ထားတဲ့ အချက် (၉) ချက်ပြန်ရလာတာပေါ့။ အရေးကြီးတဲ့အချက်တွေ ပြန်ရလာတယ်။ အဲ့မှာ နေ့စားသမားတွေ နှစ်အလိုက်ပြန်ပေးတာ အားလုံး ဘတ်နှစ်သန်းကျော် ပြန်ရမယ်။ မနက်ဖြန်ဆို သူတို့ကိုပေးမယ်။ ငွေရမယ့်သူတွေပေါ့။ သူ့ငွေအချိုးအစား အလိုက်၊ နှစ်အလိုက် သူ့ရဲ့ ကုန်ဆုံးထားတဲ့ဟာ အလိုက်ပြန်ပေးမယ်။ အခုလက်ရှိက သုံးရာ၊ အရင်တုန်းက ၂၆၀ပဲ ပေးတယ်။ ၄၀ ထပ်ဖြည့်တယ်။ ပြီးရင် တနာရီ ၅၆ ။ အရင်တုန်းက ၃၇ ပဲပေးတာ။ ၅၆ ပြည့်အောင် ထပ်ဖြည့်တယ်။ အဲ့တာတွေကို ပေါင်းလိုက်တာပေါ့။ နောက်ကြောင်းပြန် နစ်နာကြေးလို့ ခေါ်တယ်။"

အလုပ်သမားတွေရဲ့ ပူးပေါင်းမှုနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တခြား အလုပ်သမား ဖြန်ဖြေရေးအဖွဲ့တွေနဲ့ လက်တွဲပြီး၊ နစ်နာမူတွေကို AAC အဖွဲ့က ကူညီဖြေရှင်းပေးခဲ့ရာမှာ၊ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ မြန်မာအလုပ်သမားတွေအတွက် နစ်နာကြေး ဘတ်ငွေ သိန်း ၈၀ကျော်အထိ ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီ လို့လည်း ဆိုပါတယ်။

" ဒီနှစ်ထဲမှာတင်ပေါ့နော်။ ၂၀၁၅ ကျနော်တို့စကတည်းက ၂၀၁၆ ဒီလပိုင်းအထိပေါ့။ အလုပ်သမားတွေအတွက် နစ်နာကြေး အားလုံးပေါင်း ကျနော်တို့က ၈သန်းကျော်လောက်၊ ဘတ်သိန်း ၈၀ကျော်လောက် ရအောင် တောင်းပေး ထားပြီးပြီ။ နေရာစုံကပေါ့။ အိမ်ဖော်တွေ အိမ်လခမရတာတွေ၊ သူဌေးက လုပ်အားခ မပေးတာတွေ၊ လက်ပြတ်သွားလို့ အသက်သေဆုံးသွားလို့ နစ်နာကြေး မပေးတာတွေ အခုလိုမျိုး အလုပ်ထဲမှာ မတရားခိုင်းထားပြီးတော့ ငွေလျော့ပေး တာတွေကို နောက်ကြောင်းပြန် ပြန်တောင်းတာတွေ အားလုံးပေါင်းလိုက်ရင် ဘတ်သိန်း၈၀ကျော်လောက် ခန့်မှန်းရှိနေပြီပေါ့နော်။

ထိုင်းနိုင်ငံမှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၃ သန်းကျော်လောက် အလုပ်လုပ်ကိုင် နေတာဖြစ်ပြီး၊ မကြာခန အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ကြုံရလေ့ ရှိပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီလနှောင်းပိုင်း ထိုင်းနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို သွားရောက်တွေ့ဆုံဖို့ ရှိပါတယ်။ အထူးသဖြင့် ကျေးကျွန်လို စေခိုင်းခံရတာတွေ ရှိတယ်လို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့တဲ့ ပင်လယ်စာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ကို တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG