သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလုပ်သားတွေ သင်္ကြန်တွင်း ဌာနေပြန်ခွင့်ပြုမိန့် ထိုင်းအစိုးရထုတ်ပြန်


ထိုင်းနိုင်ငံအတွင်းမှာ ပန်းရောင်ကဒ်ပတ်စ်ပို့ ယာယီပတ်စ်ပို့ ကိုင်ဆောင်ပြီး အလုပ်လုပ်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို သင်္ကြန်ကာလအတွင်း လွတ်လပ်စွာ အိမ်ပြန်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်ကနေ အထူးအမိန့် မနေ့က ထုတ်ပြန်ခဲ့တာပါ။

ထိုင်းအစိုးရအနေနဲ့ အိမ်ပြန်ဖို့ ခွင့်ပြုရက်ဟာ နည်းပါးနေသလို ထိုင်းနိုင်ငံအတွင်း မြန်မာကျွမ်းကျင်လုပ်သားတွေကို အထူး လိုအပ်နေတဲ့ အခြေအနေကြောင့်လို့လည်း မြန်မာ့အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအစိုးရကနေ နိုင်ငံအတွင်းမှာ အလုပ်လုပ်နေတဲ့ နိုင်ငံရပ်ခြား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သင်္ကြန်ကာလ ၁၀ ရက်အတွင်း လွတ်လပ်စွာ အိမ်ပြန်ခွင့်ပြုတဲ့အမိန့် ထုတ်ပြန်ထားကြောင်း ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမိုးကြိုး က အခုလို ပြောပါတယ်။

“ထိုင်းနိုင်ငံရောက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုအတွက် ၃ နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ရည်ရွယ်တာပေါ့ဗျာ။ သင်္ကြန်ကာလမှာ မိခင်တိုင်းပြည်မှာ ပြန်ပြီးတော့ ပျော်ရွှင်စွာ ရေပက်ကစားနိုင်ဖို့ ရည်ရွယ်ပြီးတော့ ထိုင်းအစိုးရကနေ ၁၀ ရက်၊ ဧပြီလ ၁၁ ရက်ကနေ ဧပြီလ ၂၀ ရက်နေ့အထိ ရွှေ့ပြောင်းမြန်မာတွေ နေရပ်ကို လွတ်လပ်စွာ ပြန်နိုင်တယ်။ အဲ့လိုပြန်တဲ့နေရာမှာ ပန်းရောင်ကဒ်လို့ခေါ်တဲ့ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ပဲ ကိုင်ထားကိုင်ထား၊ ယာယီပတ်စ်ပို့ပဲ ကိုင်ထားကိုင်ထား အဲဒီစာရွက်စာတမ်းတွေမှာ သက်တမ်းပဲရှိရှိ၊ မရှိရှိ၊ သက်တမ်းပဲ သေနေနေပေါ့ဗျာ လွတ်လပ်စွာ ပြန်လို့ရတယ်။ ခွင့်ပြုတာ ၁၀ ရက်ပေါ့။”

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကနေ ဧပြီလ ၁၁ ရက်နေ့ ရက်စွဲနဲ့ အထူးအမိန့် ပုဒ်မ ၄၄ အသုံးပြုပြီး ထုတ်ပြန်ခဲ့တာပါ။ ပုဒ်မ ၄၄ ဆိုတာ စစ်အစိုးရ ထိုင်းဝန်ကြီးချုပ်အတွက် ပေးထားတဲ့ အထူးအာဏာတခုလည်း ဖြစ်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေအတွက် အိမ်ပြန်ဖို့ ခွင့်ပြုရက်ဟာ နည်းပါးနေတယ်လို့ ကိုမိုးကြိုးက ဆက် ပြောပါတယ်။

“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက များသောအားဖြင့်က တနှစ်ပတ်လုံး အလုပ်လုပ်ပြီးတော့ ဒီကာလမှာ ပြန်ကြတယ်။ ပြန်ကြတဲ့အခါမှာ တချို့ဆိုရင် ကရင်ပြည်နယ်တို့၊ မွန်ပြည်နယ်တို့၊ ပဲခူးတိုင်းတို့ကတော့ ထိုင်း-မြန်မာနယ်စပ် တနှံ့တလျားမှာ ကပ်နေတဲ့ဟာတွေက သိပ်ပြဿနာမရှိဘူး။ စစ်ကိုင်းတိုင်းတို့၊ မန္တလေးတိုင်းတို့၊ တချို့ဆိုရင် ကချင်ပြည်နယ်တို့၊ ကယားပြည်နယ်တို့ ပြန်ရမယ့်သူတွေကျတော့ ဒီရက်အကန့်အသတ်နဲ့တော့ မလုံလောက်ဘူး။ သူတို့ပြန်ကြတာတွေက သူတို့ဆိုရင် ၁ လ ၉ သီတင်း ပြန်ကြတာတွေက များတယ်။”

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ သင်္ကြန်မတိုင်ခင်မှာ မိမိတို့ရပ်ရွာကို ပြန်လေ့ရှိကြသလို ရှင်ပြုရဟန်းခံ အလှူဒါနပြုလုပ်ပြီး သင်္ကြန်အလွန်မှာ ထိုင်းနိုင်ငံမှာရှိတဲ့ မိမိအလုပ်ခွင်ကို ပြန်ဝင်လေ့ ရှိကြပါတယ်။ အခုလို ထိုင်းအစိုးရအနေနဲ့ ဧပြီလ ၁၁ ရက်နေ ၂၀ ရက်အထိ ၁၀ ရက်လောက်ပဲ ခွင့်ပြုတာဟာ ထိုင်းနိုင်ငံအတွင်း မြန်မာကျွမ်းကျင်လုပ်သားတွေကို အထူး လိုအပ်နေတဲ့ အခြေအနေတခုကြောင့်လို့ ကိုမိုးကြိုးက အခုလို ပြောပါတယ်။

“သူတို့လုပ်ငန်းရှင်တွေကလည်း ခွင့်မပြုချင်ပေမဲ့လည်း ခွင့်ပြုထားရတာများတယ်။ ထိုင်းအစိုးရကလည်း သူ့လုပ်ငန်းရှင်တွေက ကျွမ်းကျင်အလုပ်သမားတွေကို လက်မလွှတ်ရအောင် အလိုလိုက် အကြိုက်ဆောင်ပြီး လုပ်ပေးရတာ အခြေအနေနဲ့ လျော်ညီစွာ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှု၊ ကျွမ်းကျင်အလုပ်သမားတွေ လက်မလွှတ်ရအောင် အလိုလိုက် အကြိုက်ဆောင်လိုက်တဲ့ သဘောပါပဲ။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ပုံ ၁ ပုံလောက် ပြန်ကြပြီ။”

ဒီလို ပြန်တဲ့နေရာမှာလည်း နယ်စပ်ဂိတ်ကနေ အထောက်အထား တခုခုနဲ့ စီစဉ်ပေးပြီး တံဆိပ်တုံးထု လုပ်ဆောင်ပေးမှာဖြစ်ပြီး ငွေကြေးတစုံတရာ လုံးဝ ပေးစရာမလိုဘူးလို့လည်း ဖော်ပြထားပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူလမ်းကြောင်းကနေ ဝင်ထွက်နေတဲ့ ပတ်စ်ပို့ကိုင် ရွှေ့ပြောင်း အလုပ်သမားတဦးကတော့ သက်ဆိုင်ရာ ထိုင်းစိစစ်ရေးဂိတ်တွေမှာ ငွေပေးဆောင်နေဆဲလို့ မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။

“ဘုရားသုံးဆူလမ်းကတော့ ထိုင်းနိုင်ငံအတွင်းကို တရားဝင် ဝင်ထွက်သွားလာခွင့်တော့ မရှိဘူး။ ဒါပေမဲ့ နားလည်မှုနဲ့ ဝင်ထွက်နေရတာပေါ့။ သုံးဆူကနေ ဘန်ကောက်အထိတော့ ဂိတ်ပေါင်း ၂၀ ကျော်တယ်။ အလျဉ်းသင့်သလို ပေးဆောင်သွားရတာပဲ။ ပတ်စ်ပို့ကိုင်တဲ့ သူတွေကလည်း ကြားခံပွဲစားတွေကနေ တံဆိပ်တုံးထုခ ၃၀၀ လောက်တော့ ယူနေတယ်။ အကုန်ကျများနေတာပေါ့။”

ထိုင်းနိုင်ငံအတွင်းကို နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်၊ မြဝတီ ကော့သောင်း အစရှိတဲ့ လမ်းကြောင်းတွေသာ တရားဝင် လမ်းကြောင်းအဖြစ် နှစ်နိုင်ငံ အစိုးရကနေ သတ်မှတ်ထားတာဖြစ်ပြီး ကျန်တဲ့ လမ်းကြောင်းတွေဟာ တရားဝင်အဖြစ် အသိအမှတ် မပြုတဲ့အတွက် ငွေကုန်ကျများတဲ့ အကြောင်းရင်းတခုလို့ အဲဒီရွှေ့ပြောင်းအလုပ်သမား က ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေးနိမ့်ကျမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေလဲနှုန်းကွာဟမှုတွေကြောင့် ဒေသ အသီးသီးက လူအများအပြားဟာ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင် နေရပါတယ်။

လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရသစ်လက်ထက်မှာ နိုင်ငံရဲ့ အခြေခံ အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် ပြည်တွင်းမှာပဲ အလုပ်လုပ်ကိုင်ဖို့ ဆန္ဒရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားတချို့က ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းလောက် ရှိမယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပေမဲ့ တရားမဝင် အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အများအပြား စာရင်းမဝင်သေးတာကြောင့် ဒီထက်များပြားနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG