သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံ မြန်မာ ၃၂ဦး ထိုင်း ကယ်တင်


ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေ ဖယ်ရော့ ငါးဖမ်းလှေဆိပ် က လှေတွေပေါ် မှာ ရောင်းစား ခံရတဲ့ မြန်မာနိုင်ငံသား။
ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေ ဖယ်ရော့ ငါးဖမ်းလှေဆိပ် က လှေတွေပေါ် မှာ ရောင်းစား ခံရတဲ့ မြန်မာနိုင်ငံသား။

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေ ဖယ်ရော့ ငါးဖမ်းလှေဆိပ် က လှေတွေပေါ် မှာ ရောင်းစား ခံရတဲ့ မြန်မာနိုင်ငံသား ၃၂ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များ အဖွဲ့က ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ကြာသပတေးနေ့ ညနေပိုင်းမှာ ကယ်တင်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံ အပမ်းဖြေကျွန်း ဖြစ်တဲ့ ဖူးခက်ကျွန်းရဲ့ကမ်းခြေ က ငါးဖမ်းလှေတွေပေါ်မှာ ဘတ်ငွေ ၂၄၀၀၀နဲ့ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၃၂ဦးကို ကြာသပတေးနေ့ ညနေပိုင်းမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ရဲ့အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းကဆိုပါတယ်။

" ထိုင်းဥပဒေကြောင်းအရ တိုင်ကြားတဲ့သူရှိရင် ရှိတဲ့နေရာကို ကျနော်တို့က ဝင်ရောက် စီးနင်းရတယ်ဆိုတော့ အခန်းတခန်းထဲမှာ အလုံပိတ်အခန်းထဲမှာ တခါတည်း ချွေးတွေ တဒီးဒီးကျနေတာ လူ ၃၂ယောက် မြန်မာနိုင်ငံသားတွေပေါ့။ အသက်ကတော့ ၁၈နှစ်ကနေ ၅၀ အထိ ပါတာပေါ့။ ၅၀အထိဆိုတာ လူကြီးတွေလည်း ပါတယ်။ ကျန်တဲ့သူတွေကလည်း ၂၀ကျော်၊ ၃၅ ဝန်းကျင်တွေပေါ့။"

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးကနေ လာကြသူတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ ကြိုးစားရင်းနဲ့ လူကုန်ကူးခံရတာဖြစ်ပါတယ်။ သူတို့တွေ ဟာ လှေပေါ် မလိုက်ခင် ၃လလောက် အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ခံ ထားရတဲ့ အကြောင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က လူငယ်တဦး ကပြောပါတယ်။

" ငါးဖမ်းရတယ်။ ငါးဖမ်းပြီး ပြန်ရောက်လာလို့ရှိရင် ငါးပိချပြီးလို့ရှိရင် အခန်းကို ပြန်ပို့ တယ်။ ရေခဲချပြီးရင်။ လှေထဲမှာ မထားတော့ဘူး။ လှေထဲမှာ ထားလို့ရှိရင် ထွက်ပြေးမှာစိုးလို့တဲ့။ သူ့လူတွေ စောင့်နေတယ်။ အဲ့ဒီ့ကမ်းနားမှာ။ ပြောမယ်ဆိုရင် ဟိုး ကိုးလပိုင်းကတည်းကပေါ့။ အခန်းထဲမှာပဲ အမ။ ဘာမှ မမြင်ရဘူး။ ဘယ်သူနဲ့မှ စကားမပြောရဘူး။ ဖုန်းပါရင်လည်း အဆက်အသွယ်လုပ်လို့မရဘူး။ "

လှေပေါ်မှာ အရိုက်အနှက်ခံရပြီးတဲ့နောက် သူအပါအဝင် တခြားလူတွေ လွတ်မြောက်အောင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ကို အကူညီတောင်း ခဲ့တဲ့ လူငယ်တဦးလည်း လှေပေါ်ကအတွေ့အကြုံကို အခုလိုပြောပြပါတယ်။

" လှေပေါ်မှာတော့ ကျနော့်ကို ဂေါ်ပြားနဲ့ရိုက်တယ်။ ကျနော့် မျက်နှာယောင်နေတယ်။ ကျနော့်ကို ခြိမ်းခြောက်တယ်။ ရိုက်နှက်တယ်။ ကျနော်တို့ ဒီအလုပ်ကို မလုပ်နိုင်ဘူး။ ကျနော့်တို့ကို ငွေပြန်အမ်းပါ ပြောတော့ မရဘူးလို့ပြောတယ်။ မင်းတို့ ကောင်တွေ အားလုံးကို တောထဲခေါ်သွားပြီး သေနတ်နဲ့ပစ်သတ်မယ်။ မင်းတို့ကို ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်တယ်။"

သူတို့တွေကို တောလမ်းတွေ ကားလမ်းတွေကနေ လူပွဲစားတွေက ခေါ်ဆောင် လာခဲ့ပြီး ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ခွင့်ရှိတဲ့ အလုပ်လုပ်ခွင့် ကဒ်ဖြစ်တဲ့ ပန်းရောင်ကဒ်တွေကို ပြုလုပ်ပေးပြီးမှ လှေပေါ်ကို တင်လိုက်ကြတာလို့ ဆိုပါတယ်။ သူတို့တွေဟာ လှေပေါ်မှာ မလုပ်ချင်တဲ့ကြောင်း ပြောဆိုချင်ပေမဲ့ လူပွဲစားတွေ စောင့်ကြပ်ပြီး ကဒ်ပြားတွေ လုပ်ခဲ့ရတယ်လို့လည်း ဧရာဝတီတိုင်းက လူငယ်တဦးက ပြောပါတယ်။

" ၃၊ ၄ ယောက်က ကျနော်တို့ကို အမြဲတမ်း စောင့်ကြည့်တယ်။ မေးတဲ့သူလည်း တယောက်မှ မရှိဘူးပေါ့နော်။ ခေါ်လာတုန်းကလည်း ဒီလိုမျိုး လှေလိုက်ရမယ် လို့ ပြောမလာဘူး။ အလုပ်ကောင်းကောင်းရမယ် လို့ဆိုပြီးတော့ပဲ ခေါ်လာ တာပေါ့နော်။"

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ဟာ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးထောက်လှမ်းရေး DSI နဲ့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်မှာ လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်မှာ ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်မှာ ၁၂၀ဦ်း ၂၀၁၅ခုနှစ်မှာ လူကုန်ကူးခံရသူ ၁၇၁ ဦးနဲ့ ၂၀၁၆ခုနှစ်ထဲမှာ ဆိုရင် ဒီနေ့နောက်ဆုံး ကယ်ခဲ့ရတဲ့လူ၃၂ဦးနဲ့ဆိုရင် ၅၁ဦး ကို ကယ်ဆယ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

အခုလို ကယ်ဆယ်လာတဲ့ လူကုန်ကူးခံရသူတွေကို ထိုင်းနိုင်ငံက ကယ်ဆယ်ရေး စခန်းတွေမှာ လနဲ့ချီ ထားပြီး လူကုန်ကူးတဲ့ ပွဲစားတွေကို ဖမ်းဆီးပြီး အမှု ရင်ဆိုင်စေတဲ့ အခါမှာ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုပေးရ တာပါ။ မြန်မာနိုင်ငံမှာ ထိုင်းနဲ့ မြန်မာ လူကုန်ကူးမူ တိုက်ဖျက်ရေး အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဒီရက်ပိုင်းမှာပဲ ဆွေးနွေးပွဲလုပ်နေချိန်လည်းဖြစ်ပါတယ်

ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်ရှာဖွေဖို့ လာကြတဲ့မြန်မာနိုင်ငံသားတွေထဲက တချို့ဟာ လူကုန်ကူးခံရပြီး များသောအားဖြင့် ငါးဖမ်းလှေတွေနဲ့ ရေထွက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အလုပ်ရုံတွေမှာရောင်းစားခံရမှုတွေ ရှိနေတယ်လို့ လူအခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ ကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာ ထည့်ထားပေ မယ့် မြန်မာနိုင်ငံ သား ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံ ကတော့ Tier-3 အဆိုးဆုံး အဆင့်ကို သတ်မှတ်ခံထားရပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အမေရိကန် စောင့်ကြည့်လေ့လာရေးအဖွဲ့ တဖွဲ့ ဒီကနေ့မှာပဲ ကွင်းဆင်းပြီး သွားရောက်လေ့လာနေ တာပါ။ ဒီနှစ်လည်ပိုင်းမှာထုတ်ပြန်မယ့် တကမ္ဘာလုံးမှာ လူကုန်ကူးမှု တိုက်ဖျက် ရေးဆိုင်ရာ အစီရင်ခံစာအတွက် ထိုင်းနိုင်ငံကို သွားရောက်လေ့ လာနေတာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန၊ လူကုန်ကူး မှု စောင့်ကြည့်ရေးနဲ့ တိုက်ဖျက်ရေးဆိုင်ရာရုံးက ကျွမ်းကျင်သူတွေဟာ ဘန်ကောက်မြို့ အနီးမဟာချိုင်ဆိပ်ကမ်းမြို့မှာ ထိုင်းတာဝန်ရှိသူတွေနဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG