သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်သားများနဲ့ ဒေါ်စုတွေ့ဆုံဖို့ ထိုင်းအစိုးရစီစဉ်မှု မကျေနပ်ချက်တွေ ထွက်ပေါ်


နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ၃ ရက်ကြာ တရားဝင် ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ စီစဉ်တဲ့နေရာမှာ ထိုင်းလုပ်ငန်းရှင်တွေနဲ့ ဒေသခံ အာဏာပိုင်တွေက သူတို့ တွေ့စေချင်တဲ့ မြန်မာအလုပ်သမားတွေနဲ့ပဲ တွေ့ခွင့်ပေးဖို့ စီစဉ်နေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ကို ရောက်ရောက်ချင်း တည်းခိုမယ့် ဟိုတယ်ကို မသွားခင် မြန်မာသံရုံးအသစ် တည်ဆောက်မှုကို သွားရောက် ကြည့်ရှုပြီး သံရုံးဝန်ထမ်းတွေနဲ့ နေ့လည်စာ စားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ရောက်ပြီး မကြာခင် မဟာချိုင်မြို့က ထလေထိုင်ရပ်ကွက်မှာ မြန်မာအလုပ်သမားတွေနဲ့ ညနေ ၄ နာရီကနေ ၆ နာရီအကြား ၂ နာရီကြာ တွေ့ဆုံဖို့ စဉ်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားတွေ တွေ့ဆုံတဲ့နေရာမှာ အဆင်ပြေ ချောမွေ့စေရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“၂၀ ရက်နေ့က သံအမတ်ကြီးကနေပြီးတော့ ကျနော်တို့အပါအဝင် NGO ၃ ခုနဲ့ အလုပ်သမား ကူညီစောင့်ရှောက်တဲ့အဖွဲ့ ၁၀ ဖွဲ့ စုစုပေါင်း ၁၃ ဖွဲ့ကို ခေါ်တွေ့တယ်။ ခေါ်တွေ့တဲ့အချိန်အခါမှာ ကျနော်တို့ ၁၃ ဖွဲ့က အဖွဲ့ခေါင်းဆောင်တွေ တယောက် တယောက်ဆီက သံရုံးကပေးထားတဲ့ ရင်ထိုးနဲ့အတူ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမား ၅၀၀ ကြားထဲမှာ နေခွင့်ပေးတယ်။ ဒါပေမဲ့ သူက ဘယ်သူ့ကို ဘာပြောပါ။ အလုပ်သမားတွေကိုလည်း ဘယ်သူ့ကို ဘာပြောပါ။ အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေကိုလည်း ဘယ်သူက ဘာပြောပါဆိုပြီးတော့ ရွေးမထားဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြိုက်တဲ့မေးခွန်း၊ ကြိုက်တဲ့လူတွေ မေးပါစေ ဆိုပြီးတော့ အစီအစဉ်ချထားတယ်။”

မြန်မာသံရုံးနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမားတွေ လွတ်လပ်စွာ တွေ့ဆုံနိုင်ရေးအတွက် စီစဉ်နေပေမဲ့လည်း တဘက်မှာ အိမ်ရှင် ထိုင်းနိုင်ငံဘက်က လုပ်ငန်းရှင်တွေနဲ့ ဒေသခံ တာဝန်ရှိသူတွေက မြန်မာအလုပ်သမားတွေအပေါ် ထိုင်းလုပ်ငန်းရှင်တွေဘက်က မတရားဖိနှိပ်တာ၊ လုပ်အားခ နှိမ်ထားတာတွေကို ဒေါ်အောင်ဆန်းစုကြည် သိရှိသွားမှာ စိုးရိမ်တဲ့အတွက် သူတို့စိတ်တိုင်းကျ မြန်မာအလုပ်သမားတွေကို ရွေးချယ်ပြီး တွေ့ဆုံပွဲမှာ တက်ခိုင်းဖို့ စီစဉ်နေတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

“ဒီနေ့ဖြစ်လာတဲ့ အခြေအနေက ဘာလဲဆိုတော့ မဟာချိုင်မှာ ဖွန်းဝဆိုတာက အရပ်သားလူကြီးပေါ့ မြို့နယ်မှူး ကျနော်တို့ မြန်မာလိုဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူးပေါ့ သူကနေပြီးတော့ ကျနော်တို့ဘက်က ထွက်တဲ့အသံတွေ မြန်မာသံရုံးက စီစဉ်တဲ့အစီအစဉ်ကို တားတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ မြန်မာအလုပ်သမားတွေကို ဖိနှိပ်ထားတာ ကျနော်တို့တိုင်းပြည်ကို အရင်အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ကလည်းပဲ ကျနော်တို့ အလုပ်သမားတွေအပေါ်မှာ ကာကွယ်စောင့်ရှောက်မှု မရှိခဲ့သလို ဖြစ်ခဲ့လေတော့ သူတို့ ရက်စက်ချင်တိုင်း ရက်စက်၊ နှိပ်ကွပ်ချင်တိုင်း နှိပ်ကွပ် မတရားမှု ပြုချင်တိုင်း ပြုလို့ရတဲ့ လူတန်းစားတရပ်ဟာ ကျနော်တို့ မြန်မာအလုပ်သမားပဲ။ အဲဒီအခင်းအကျင်းတွေကို ကျနော်တို့ နှစ်ပေါင်းများစွာ ဆယ်စုနှစ်တွေချီပြီးတော့မှ အလုပ်သမားရေး လုပ်နေတဲ့ ကျနော်တို့လိုလူတွေ နောက်ပြီးတော့ အဲ့ဒီလိုပဲ တာရှည်လုပ်နေတဲ့ အလုပ်သမားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဖြစ်လို့ရှိရင် သူတို့တိုင်းပြည်မှာ အလုပ်သမားတွေကို နှိပ်ကွပ်ထားတာ ပေါ်သွားမှာကို စိုးရိမ်ဟန်တူတယ်။ အဲဒါကြောင့်မို့လို့ ထိုင်းအစိုးရနဲ့ ထိုင်းလုပ်ငန်းရှင်ကြီးတွေနဲ့ ဖက်စပ်လုပ်နေတဲ့ အလုပ်ရုံကြီးတွေက သူတို့ စိတ်ကြိုက် အလုပ်သမားတွေကို ခေါ်ပြီးတော့မှ သွင်းမယ်လို့ ကျနော်တို့ သတင်းရထားတယ်။”

ဒေါ်အောင်ဆန်းစုကြည် မရောက်ခင် တရက်အလို ဗုဒ္ဓဟူးနေ့အထိ တွေ့ဆုံပွဲမှာ တက်မယ့် အလုပ်သမားတွေ ရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်လို့ ထိုင်းဘက်နဲ့ မြန်မာဘက်အကြား ညှှိနှိုင်းလို့ မရသေးဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။ ထိုင်းလုပ်ငန်းရှင်တွေနဲ့ ဒေသခံ အာဏာပိုင်တွေက အဲဒီလို စီစဉ်နေတယ်ဆိုတဲ့အကြောင်း သိရှိသွားကြတဲ့အတွက် မြန်မာအလုပ်သမားတွေကြားမှာလည်း မကျေနပ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ဆုံး မြန်မာအလုပ်သမားတွေဘက်က လိုချင်တဲ့ပုံစံအတိုင်း လွတ်လပ်စွာ တွေ့ဆုံတာမျိုး မဟုတ်ပဲ၊ ထိုင်းဒေသခံ အာဏာပိုင်တွေဘက်က အတင်းအဓမ္မ သူတို့လူတွေကို ဆွဲထည့်တာမျိုး ဖြစ်ခဲ့ရင်တော့ မကျေနပ်တဲ့ မြန်မာအလုပ်သမားတွေဖက်က ဆန္ဒပြတာမျိုးအထိ ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မြန်မာအလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကတော့ - အရင် အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ မြန်မာအလုပ်သမားများဆိုင်ရာ စာချွန်လွှာတွေဟာ ပွဲစားတွေက ကြားကနေ ခေါင်းပုံဖြတ်ဖို့ အခွင့်အရေး ဖန်တီးပေးထားသလို ဖြစ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လမ်းဟောင်းကိုမလိုက်ဘဲ အလုပ်သမားတွေအရေး တကယ် အကျိုးရှိစေမယ့် သဘောတူညီချက်တွေ ချမှတ် လုပ်ဆောင်ပေးဖို့ နိုင်ငံခြားရေးနဲ့ အလုပ်သမားရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့ထံ အိတ်ဖွင့်ပေးစာ ပေးထားတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ် ဒုတိယနေ့၊ သောကြာနေ့မှာတော့ မြန်မာဒုက္ခသည်တွေအရေး ထိုင်းနိုင်ငံတောင်ပိုင်း ထာဟင်း ဒုက္ခသည်စခန်းကို သွားဖို့ စီစဉ်ထားပေမယ့် တကယ် သွားဖြစ်မယ်၊ မဖြစ်ဘူးဆိုတဲ့အပေါ် အတိပြုလို့ မရနိုင်သေးပဲ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွင်း ဝန်ကြီးချုပ် Prayut chan-o-cha နဲ့ တွေ့ဆုံတဲ့အခါ မြန်မာဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးကိစ္စကို ဆွေးနွေးလိမ့်မယ်လို့ ဒီခရီးစဉ်အကြောင်း သိရှိသူထားသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေးနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် MOU နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးကြဖို့ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာသမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဒုက္ခသည်စခန်းကို သွားပြီးတဲ့အခါမှာ ကြေညာချက် ထုတ်ပြန်ဖို့ရှိတယ်လို့ ကုလသမဂ္ဂ သတင်းဌာနကို ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG