သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်သတ်ချက်တွေကြောင့် ထိုင်းရောက်မြန်မာအများစု ဒေါ်စုနဲ့ တွေ့ခွင့်မရ


ခန်းမအပြင်ဘက်က ဒေါ်စုကို တွေ့ချင်လို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာအလုပ်သမားတွေ။
ခန်းမအပြင်ဘက်က ဒေါ်စုကို တွေ့ချင်လို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာအလုပ်သမားတွေ။

မြန်မာအစိုးရရဲ့ အဆင့်မြင့်ခေါင်းဆောင်တဦးအဖြစ် ထိုင်းနိုင်ငံကို ဒီကနေ့ပဲရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ခရီးရောက် မဆိုက် မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ အရင်ဆုံး တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့၊ ထိုင်းအာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေကြောင့် လွတ်လွတ် လပ်လပ် တွေ့ဆုံခွင့် မရဘူးလို့ မြန်မာနိုင်ငံသားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြော ပါတယ်။ မြန်မာအလုပ်သမား အများစုရှိရာ မဟာချိုင် အရပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမားတွေ လွတ်လွတ်လပ်လပ် တွေ့ဆုံဖို့ မူလက စီစဉ်ထားပေမဲ့၊ ဒီကနေ့ တွေ့ဆုံတဲ့ အချိန်မှာတော့ အကန့်အသတ်နဲ့ သာ တွေ့ဆုံခွင့်ပေးဖို့ အာဏာပိုင်တွေက လုပ်ဆောင်လာတဲ့ အတွက် အလုပ်သမားတွေက မကျေမနပ် ကန့်ကွက်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၃ ရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သား အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်အောင်၊ တိုက်ရိုက်တွေ့ဆုံမှုတွေလုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ သတင်းတွေ ထွက်နေတဲ့ ပင်လယ်စာ လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေ နဲ့ တွေ့ဆုံလိုတဲ့ အကြောင်း ပြောဆို ထားတဲ့ အတွက်လည်း ဒီကနေ့ မဟာချိုင်အရပ်က ငါးပုဇွန်ခန်းမ မှာ မြန်မာ အလုပ်သမား တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တာပါ။

ဒါပေမဲ့လည်း တွေ့ဆုံချိန်မှာ လူဦးရေကန့်သတ်ထားသလို၊ အလုပ်သမားတွေကို လည်း လိုသလို ရွေးချယ်ခဲ့တဲ့အတွက် မကျေမနပ် ဖြစ်တာတွေ ရှိခဲ့တယ်လို့လည်း အလုပ်သမားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြော ပါတယ်။ မြန်မာ အလုပ်သမားရေးဆောင်ရွက်နေတဲ့ FED အဖွဲ့က ဒါရိုက်တာ ဦးထူးချစ် ကတော့ မနက်ပိုင်းကစပြီး ရုန်းရင်းဆန်ခတ်မူတွေဖြစ်ပွားရတဲ့ အခြေအနေတွေကို အခုလိုရှင်းပြခဲ့ပါတယ်။

" အလုပ်သမားတွေအနေနဲ့ကတော့ မကျေနပ်တဲ့အလုပ်သမားတွေကတော့ များတာပေါ့။ တချို့ဆိုရင် အော်ဟစ် ဆန္ဒပြတဲ့သဘောမျိုးအထိ ဖြစ်တယ်လေ။ ဘာကြောင့်လဲဆိုတော့ တချို့ဆိုရင် မနက် ၄နာရီ၊ ၅နာရီလောက်ကတည်းက လာစောင့်နေတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ အဲ့တာကို လုံးဝ ပေးမဝင်ပဲနဲ့ ထိုင်းအစိုးရကနေ စနစ်တကျ စီစဉ်ထားတဲ့စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေကို ခေါ်လာပြီးတော့ ပေးထိုင်ခိုင်းတယ်။ ပြီးတော့ သူတို့ကို မေးချင်တာ ပြောချင်တာ ပြောခိုင်းတယ်။ အဲ့လိုမျိုး ဖြစ်တယ်။ အဓိက ကတော့ အစောကပြောတဲ့ စက်ရုံတွေကနေ ရွေးထားပြီးတော့ လွှတ်တဲ့သူပေါ့။ လမ်းလျောက်လာတာရှိတယ်။ ယူနီဖောင်းတွေနဲ့ ကားတွေနဲ့ လာတာရှိတယ်။ အဲ့တာကို မကျေနပ်တဲ့ အလုပ်သမားတွေကို ကားတွေကိုပိတ်ပြီး လမ်းကြောင်းကနေ ပြန်ခိုင်းတာတွေ လုပ်တယ်ပေါ့။ အဲ့လောက်အထိဖြစ်တယ်။ နောက်တခုက ထိုင်းအစိုးရကလည်း လုံခြုံရေးတွေ မြှင့်တင်တယ်။ ဆေးရုံကား အစီးလေး ငါးဆယ်လောက် ခေါ် ထားတာတို့။ မီးသတ်ကားတွေနဲ့ အဲ့လောက်မျိုးတွေ အထိ ဖြစ်သွားတာ ရှိတယ်ဗျ။ နောက် ဖမ်းမယ် ဆီးမယ်အထိ ခြိမ်းခြောက် တယ်။ နောက် မျက်ရည်ယိုဗုံး၊ ရေပန်းနဲ့ထိုးမယ်ဆိုတဲ့အထိ ခြိမ်းခြောက်ပြီးတော့ ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောဆိုတာမျိုးတွေရှိခဲ့တယ်။ "

ဒေါ်အောင်ဆန်းစုကြည် ရောက်လာချိန်မှာတော့ ပြင်ပမှာ စောင့်ဆိုင်းနေသူ ထောင်သောင်းချီတဲ့ အလုပ်သမားတွေက တွေ့ဆုံခွင့်ရဖို့ လုံခြုံရေးစည်းကို ကျော်ဖြတ်တဲ့ အထိ ဖြစ်ခဲ့ရပါတယ်။

မြန်မာသံရုံးကို ကိုယ်စားပြုပြီး ဒေါ်စုနဲ့တွေ့ဆုံဖို့စီစဉ်ထားတဲ့ အလုပ်သမားရေး ဆောင်ရွက်နေ တဲ့ အဖွဲ့အစည်းတွေ လည်း တွေ့ဆုံခွင့်မရခဲ့ပါဘူး ဒီအခြေအနေအပေါ်မှာလည်းြ်မန်မာသံရုံးဘက်က စီစဉ်မူတွေမှာ အားနည်းချက်တွေရှိ တယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူ ဦးထူးချစ်ကပြောပါတယ်။

" မနေ့ကဆို ဒေသခံအာဏာပိုင်တွေက ထွက်ပြောတယ်။ ခင်ဗျားတို့ NGO တွေရော အလုပ်သမားရေး လှုပ်ရှားသူတွေရော ပေးဝင်လို့မရဘူးလို့ ထိုင်းဘက်ခြမ်းကနေ အစည်းအဝေးမှာ တရားဝင်ပြောတာမျိုး ရှိတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့က သံရုံးက ပေးထားတဲ့ လက်မှတ်တွေနဲ့သွားပြောတာတောင်မှ ခင်များတို့သံရုံးက ဝင်ဖို့ဆိုပြီး ကျနော်တို့ကို အကြောင်းကြားတာမရှိဘူး။ ဆိုတော့ ကျနော်တို့အနေနဲ့ အဲ့တာကို တော်တော်လေးတော့ ရှုပ်ထွေးနေတာပေါ့။ ကျနော်တို့ကို သံရုံးက ဝင်လို့ရတဲ့ပုံစံမျိုးနဲ့ပြောထားရက်သားနဲ့ သံရုံးကိုယ်တိုင်က ကျနော်တို့ကို ဝင်ခွင့်မရအောင် လုပ်ပေးထားတဲ့ပုံစံမျိုး အနေအထားမျိုးတွေရှိနေတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ၃ရက်ကြာခရီးစဉ်ကို ဒီကနေ့မှာ စတင်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်က ထမ်ဟင်းဒုက္ခသည်စခန်းကို သွားရောက်ဖို့ မူလကစီစဉ်ထားပေမဲ့၊ ရာသီဥတု အခြေအနေကြောင့် သွားဖြစ်မှာ မဟုတ်ဘူးလို့လည်း ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG