သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာတို့အရေး ဒေါ်စုဆောင်ရွက်မည်


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအားလုံးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိနိုင်အောင် NLD အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်သွားနေကြောင်း (၃)ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ သောကြာနေ့မှာ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha နဲ့တွေ့ဆုံရာမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တင်ပြဆွေးနွေးပေးစေ လိုကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ မအင်ကြင်းနိုင်ကအပြည့်အစုံကိုတင်ပြမှာပါ။

မနေ့ ကြာသပတေးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ကို ရောက်ရှိ လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘန်ကောက်မြို့နားမှာရှိတဲ့ မဟာချိုင်ဒေသက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အရင်ဆုံး သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေ စီစဉ်ထားတဲ့ ငါးပုစွန်ဈေးခန်းမ အဆောက်အဦး မှာ မြန်မာအလုပ်သမား ရာဂဏန်းလောက်ကို မိန့်ခွန်းပြောကြားရာမှာတော့ ထိုင်းမှာရှိတဲ့ မြန်မာနိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို ရရှိနိုင်အောင် NLD အစိုးရအနေနဲ့ ကြိုးစားဆောင်ရွက်နေကြောင်းအခုလိုပြောကြားခဲ့ပါတယ်။

"နိုင်ငံသူနိုင်ငံသားများအားလုံး ဟာ ဥပဒေဘောင်အတွင်းက ဒီနိုင်ငံရဲ့ ဥပဒေဘောင်အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အားလုံးရဖို့က ကျမတို့ တတ်နိုင်သလောက် ကြိုးစားပြီးတော့ လုပ်ပေးပါ့မယ်။"

ဒါအပြင် မြန်မာအလုပ်သမားတွေ တရားဝင်အလုပ်လုပ်ကိုင်ခွင့်အတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ နိုင်ငံကူးလက်မှတ်တွေထုတ်ပေးနိုင်အောင် စီစဉ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် က တက်ရောက်လာတဲ့ အလုပ်သမားတွေကို အခုလိုရှင်းပြခဲ့ပါတယ်။

" ကျမတို့တွေက ပတ်စပို့တွေ ထုတ်ပေးဖို့ စီစဉ်မှာပါ။ အခုလောလောဆယ် က စောစောက ပြောတဲ့အတိုင်း ဘာမှ စာရွက်စာတမ်းမရှိတဲ့ လူတွေကို CI (certificate of identity) ထုတ်ပေးဖို့ စီစဉ်ပါတယ်။ ဒါကလည်း ကျမတို့ရဲ့ တောင်းဆိုချက်အရပါ။ အရင်တုန်းကဆိုရင် သိပါလိမ့်မယ်။ Temporary passports ပေါ့နော်။ အဲ့တာတွေကို ထုတ်ပေးပါတယ်။ ထုတ်ပေးနေပြီးတော့မှ ကျမတို့နိုင်ငံက အရင်တုန်းက ဝန်ကြီးဌာနကနေပြီးတော့ CI (certificate of identity) ထုတ်ပေးဖို့ လိုလားတယ်ဆိုပြီးတော့ ထိုင်းအစိုးရကလည်း ဒါကို လိုက်လျောပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့အတွက်ကတော့ ပတ်စပို့ထုတ်ပေး တာက ကျမတို့နိုင်ငံသူနိုင်ငံသားတွေအတွက် အဆင်ပြေမယ်ဆိုပြီး ဆုံးဖြတ်ပြီး ပတ်စပို့ပဲထုတ်ပေးချင်ပါတယ်။ ဒါပေမဲ့လည်း ကျမတို့ကပဲ ကျမတို့နိုင်ငံအစိုးရကပဲ CI (certificate of identity) ထုတ်ပေးဖို့ ကိစ္စကို ကမ်းလှမ်းပြီးတော့ တောင်းဆိုခဲ့လို့ ဒီဘက်ကနေ ခွင့်ပြုခဲ့တာပါ။ ကျမတို့ကနေပြီးတော့ ပတ်စပို့ပဲ ထုတ်ပေးချင်ပါတယ် ဆိုရင်လည်း ထုတ်ပေးမှာပါတဲ့။ ဒါပေမဲ့ အရင်တုန်းက CI (certificate of identity) ပဲ တောင်းခဲ့လို့ တောင်းခဲ့တဲ့အတိုင်း ဖြစ်မြောက်ရေး လိုက်လျောပြီးတော့ လုပ်ပေးခဲ့တဲ့ ကိစ္စတွေရှိခဲ့တော့ ဒါတွေကိုပြန်ပြင်ဖို့ ဆိုတာကတော့ အချိန်ယူရပါလိမ့်မယ်။ အခုချက်ခြင်းလက်ငင်းဆိုရင်တော့ ကျမတို့ CI (certificate of identity) ထုတ်ပေးပါတယ်။"

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ အလုပ်ရှင်တွေဘက်က မြန်မာအလုပ်သမားတွေကို ရွေးချယ် စီစဉ်ခဲ့တဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ပျက်ခဲ့ကြောင်း တက်ရောက်ခွင့်ရခဲ့တဲ့ မနွေးနွေးဦးက ဗွီအိုအေကိုပြောပါတယ်။

" ဒီလူတွေကိုကြည့်လိုက်တော့ အလုပ်သမားတွေကို ရွေးချယ်ထားတဲ့ သူတွေကိုပဲ ရွေးတက်ခိုင်း တယ်။ ကျန်တဲ့သူတွေက သူ့ကိုတွေ့ချင်နေကြတယ်ဆိုတာ သူအရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ ပြီးတော့ နောက်တခုက ကျမတို့ တင်ပြစရာ ရှိတဲ့သူတွေ ထ ပြီး တင်ပြတဲ့အချိန်မှာ နှစ်ယောက်ပဲ ပြောခွင့်ရပြီးတော့ မိုက်ကို သူတို့ဖျောက်လိုက်တယ်။ ရှာလို့မတွေ့တော့ဘူး။ အဲ့အချိန်မှာ သူအရမ်းကို ဒေါသထွက် သွားတယ်။ နောက်ထပ်တင်ပြတဲ့သူတွေကျတော့ သူက အားမရတဲ့အတွက်ကြောင့် အောက်ကိုဆင်းလာပြီး အလုပ်သမားတွေကို သူပြောပါတယ်။ အောက်ကိုဆင်းလာတဲ့အလုပ်သမားတွေဆီမှာ သူ့ဆီကို တင်ပြစရာတွေ အများကြီးရှိတယ်ဆိုတာ သူသိတယ်။ ကျမတို့ ဒီအပေါ်မှာ ပြောတဲ့အခါကျတော့ ကျမတို့ရဲရဲဝင့်ဝင့်တင်ပြလို့မရဘူးဆိုတာလည်း သူသိတယ်။ သိတဲ့အတွက် အမေစုအနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်ပြီး အောက်ကလူတွေကို ဆင်းတွေ့မယ်။ အောက်ကလူတွေ ကိုတွေ့ပြီး တင်ပြတာကို နားထောင်မယ်။ အောက်က အလုပ်သမားတွေ ပြောတာကို သားတို့သမီးတို့ကို သူဘယ်လိုစီစဉ်ဆောင်ရွက်ပေးမယ်ဆိုတာကို သူပြောသွားပါတယ်။"

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဦးဆောင်နေသူတွေက လည်း ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ဒီကနေ့ သောကြာနေ့မှာ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha နဲ့တွေ့ဆုံရာမှာ မြန်မာအလုပ်သမားတွေဖိနှိပ်ခံရတဲ့ အခြေအနေတွေ ကို တင်ပြဆွေးနွေးပေးစေ လိုကြောင်း မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး မဟာမိတ်က ကိုရဲမင်းက ဗွီအိုအေကိုပြောပါတယ်။

" ထိုင်းမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ လုပ်ငန်းခွင် အခွင့်အရေး ပြည့်ပြည့်ဝဝ မရသေးပါဘူး။ အခုအချိန်အထိခက်ခဲနေတုန်းပဲဆိုတာကို အမေစုအနေနဲ့ မှန်မှန်ကန်ကန် သံုံးသပ်ပြီးတော့ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ရင် လိုအပ်တာတွေကို တင်ပြပေးပါလို့ ကျနော်ကတော့ အဓိက မှာချင်တယ်ခင်ဗျ။ ကျနော်တို့ တကယ်တွေ့ချင်တယ်။ အခက်အခဲတွေကို ရင်ဖွင့်ချင်တယ်။ ကျနော်တို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ အရမ်းကိုခက်ခဲနေတယ်။ တကယ်ဒုက္ခရောက်တဲ့သူတွေ တကယ်ထောင်ကျပြီး ပြန်လွတ်လာတဲ့သူတွေ တကယ့်ကို သူဌေးအနိုင်ကျင့်ခံထားရတဲ့သူတွေ ပြီးတော့ အမှုလက်ရှိရင်ဆိုင်နေရတဲ့သူတွေ ပြီးတော့ ထိုင်းလူမျိုးတွေရဲ့မုဒိမ်းကျင့်စော်ကားခံရတဲ့သူတွေ ကျနော်ခေါ်လာတယ်ဗျ အကုန်လုံး။ သူတို့တွေကို တွေ့ခွင့်ပေးဖို့ တယောက်မှ သူတို့တွေ ပေးတွေ့ခွင့် လုံးဝ မရခဲ့ပါဘူး။"

မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်ဖို့ မြန်မာ အလုပ်သမားထောင်နဲ့ ချီ လာရောက်ခဲ့ပေမဲ့ ထိုင်းအာဏာပိုင်တွေက သူတို့ကို ခန်းမထဲ ဝင်ခွင့်မပေးပဲ တားမြစ်ခဲ့တာကြောင့် နှစ်ဘက် ထိပ်တိုက် ပြဿနာတွေဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အပြင်မှာစောင့်ဆိုင်းနေသူတွေကို မိန့်ခွန်းပြောဖို့စီစဉ်ခဲ့ပေမဲ့ ရာသီဥတု ဆိုးရွားမှုကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရတဲ့အပေါ်မှာ သူဘက်က စိတ်ပျက်မိကြောင်း အလုပ်သမားအရေးဦးဆောင်သူတွေနဲ့ အပြင်ဘက် မှာတွေ့ဆုံနှုတ်ဆက်စဉ် ပြောဆိုခဲ့တာပါ။

ဒီကနေ့ သောကြာနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ ဆုံပြီး နှစ်နိုင်ငံသဘောတူညီချက်စာချုပ်တွေကို လက်မှတ်ရေးထိုးဖို့ ရှိသလို ထိုင်းတက္ကသိုလ် ကကျောင်းသူကျောင်းသားတွေနဲ့တွေ့ဆုံပြီး ဟောပြောဖို့ရှိပါတယ်။ စနေနေ့မှာတော့ ရတ်ချ်ဘူရီခရိုင်က ထမ့်ဟင်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို သွားရောက်ဖို့ စီစဉ်ထားပေမဲ့ ဒီအစီစဉ် ဖျက်သိမ်းကြောင်း ထိုင်းအာဏာပိုင်တွေက သူတို့ကိုအကြောင်းကြားခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေဘက်က သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG