သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ မြန်မာအလုပ်သမားအရေး အာဏာပိုင်တွေရဲ့ ထိရောက်တဲ့ အကူအညီလိုအပ်


ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေထောင်နဲ့ချီ ဖမ်းဆီးခံနေရတဲ့နောက်၊ မြန်မာအလုပ်သမားအများအပြား မြန်မာပြည်ကို ပြန်ဝင်လာကြရာမှာ မြန်မာအာဏာပိုင်တွေဘက်က အကူအညီပေးနေတယ်ဆိုပေမဲ့၊ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ထိရောက်တဲ့ အကူအညီမျိုး မရှိသေးဘူးလို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နေရပ်ပြန်လာကြတဲ့ မြန်မာ အလုပ်သမားတွေကို ဝန်ကြီးဌာနတွေ၊ သံရုံးတွေ ပူးပေါင်းပြီး စနစ်တကျ ကူညီဆောင်ရွက်ပေးနေတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောသွားပါတယ်။ အပြည်စုံကို စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်နေ့က အသစ်ပြဌာန်းလိုက်တဲ့ အလုပ်သမားဥပဒေသစ်ကြောင့် ထိုင်းနိုင်ငံတဝှမ်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ ထောင်နဲ့ချီ ဖမ်းဆီးခံရတာရှိသလို၊ ကိုယ့်အစီအစဉ်နဲ့ကို နေရပ်တွေကို ပြန်နေကြတာဖြစ်ပါတယ်။ လက်ရှိစာရင်းအရ မြန်မာနိုင်ငံကို ပြန်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမား သုံးသောင်းကျော်ရှိပြီး ဒီလို နေရပ်ပြန်လာကြတဲ့ အလုပ်သမားတွေကို မြန်မာအစိုးရက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကူညီ ဆောင်ရွက်ပေးနေတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသွားပါတယ်။

“စုစုပေါင်း ကျနော်တို့ ဒီကနေ့ ၁၀ နာရီအထိ ၃ သောင်း ၄ ထောင်နဲ့ ၆၉ ယောက်ရှိပါတယ်။ အဲဒီထဲမှာ တချို့လည်းခိုင်လုံတဲ့ အထောက်အထားအပြည့်အစုံနဲ့ အလုပ်သမားတွေပါသလို တချို့လည်း အထောက်အထားမပြည့်စုံတဲ့ အလုပ်သမားတွေလည်း ပါတာဖြစ်ပါတယ်။ အဲလိုစပြီးတော့မှ တဆက်တည်း ဖမ်းဆီးပြီးတော့မှ ရောက်တဲ့အချိန်မှာလည်း ဒီဘက်မှာရှိတဲ့ အလုပ်သမားဦးစီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေပြီးတော့ ၊ မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်တွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းပြည်နယ်အစိုးရဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ လူမှုရေးအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေ ကျနော်တို့ နယ်စပ်ဒေသမှာ သွားရောက်ကြိုဆိုခဲ့ပါတယ်။”

ဒါပေမဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အရေး ဆောင်ရွက်နေသူတွေကတော့ - မြန်မာအစိုးရ အနေနဲ့ နယ်စပ်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပြန်လာကြတဲ့ အလုပ်သမားတွေကို ကြိုဆိုလက်ခံတာကလွဲရင် တကယ်တမ်း လက်ရှိ အခက်အခဲကြုံနေတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ခုချိန်ထိ ထိရောက်တဲ့အကူအညီတွေ ပေးနေတာမရှိသေးဘူးလို့ ဝေဖန်ပါတယ်။ မြန်မာအလုပ်သမားတွေ အများအပြား အလုပ်လုပ်ကိုင်နေတဲ့ ဘန်ကောက်နဲ့ မဟာချိုင် လို ဒေသတွေ အပါအဝင် ထိုင်းနိုင်ငံ အနှံ့အပြားမှာ ဖမ်းဆီးမှုတွေ ဒီနေ့အထိ ဆက်ရှိနေပြီး နေရပ်မပြန်နိုင်ကြတဲ့ အလုပ်သမားတွေ ထောင်ပေါင်းများစွာ ရှိနေတယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတဦးဖြစ်တဲ့ ဦးကျော်သောင်းက ပြောပါတယ်။

“ထိုင်းနိုင်ငံအထဲက သွားနေကြတဲ့အလုပ်သမားတွေ ပက်စပို့ရှိတဲ့အလုပ်သမားတွေ လေယာဉ်နဲ့ ပြန်လို့ရအောင် ၊ နောက်ပြီးတော့ တချို့ဆိုရင်လည်း ရှိတဲ့လူတွေရော၊ မရှိတဲ့လူတွေရော ကားလက်မှတ်ဝယ်ပြီးတော့ ဥပမာ- ရိုးရိုးတန်းဆိုရင် ၃၇၀ ကုန်တယ်၊ VIP ဆိုရင် ၅၀၀ ကုန်တယ်။ ဘယ်လိုပဲကုန်ကုန်ကားဂိတ်မှာ အထုတ်အပိုးနဲ့ သွားမယ်၊ ကားလက်မှတ်ဝယ်မယ်။ သွားလို့ရအောင်အဆင့်အထိ ၊ ဒီနေ့ဒီအချိန်အထိ အခုကျနော်စကားပြောနေတဲ့အချိန်အထိ မြန်မာသံရုံးအလုပ်သမားဝန်ကြီးဌာန ၊ ဌာန ၂ ခုလုံးကနေပြီးတော့ ထိုင်းအစိုးရနဲ့ တစုံတရာကြေညာချက်ထုတ်တာမရှိသေးဘူး။ ဒါကြောင့်မို့လို့ အလုပ်သမားတွေ ဘယ်သွားနေရသလဲဆိုတော့ ပွဲစားနဲ့ ထိုင်းလဝကကို ဘက်ငွေ ၃၅၀၀ ကနေ ၆၀၀၀ အထိ၊ ကျပ်နဲ့ တွက်မယ်ဆိုရင် ၁ သိန်းကနေ ၄ သိန်းလောက်အထိကို ပေးပြီးသွားနေရတာဖြစ်တယ်။ ဒါကြောင့် မလေးရှားနဲ့ ထိုင်းနိုင်ငံက အိမ်ပြန်နေတဲ့အလုပ်သမားတွေကို စနစ်တကျကူညီတယ်ဆိုတာက အလကားပြောတာပါ။”

ထိုင်းအစိုးရက ဥပဒေသစ် မထုတ်ပြန်ခင် အချိန်ကတည်းက ဒီဥပဒေနဲ့ပတ်သက်တဲ့ အသိပေး ကြေညာချက်တွေ ထုတ်ပြန်ပြီး ထိုင်းမှာရှိတဲ့ မြန်မာသံရုံးနဲ့ အလုပ်သမားရေးရာရုံးတွေ ပူးပေါင်းပြီး မြန်မာအလုပ်သမားတွေကို ကူညီ ဆောင်ရွက်ပေးခဲ့တဲ့အကြောင်း ဝန်ကြီး ဦးသိန်းဆွေက ပြောသွားပေမဲ့လည်း တကယ်တမ်းကတော့ - အဲဒီအသိပေးကြေညာချက်ဟာ ထိုင်းနိုင်ငံမှာ ဥပဒေသစ်ပြဌာန်းပြီး ဖမ်းဆီးမှုတွေ ပြင်းထန်လာပြီးတဲ့နောက်မှာမှ ထွက်လာခဲ့တာဖြစ်ပြီး ထုတ်ပြန်တဲ့ ရက်စွဲ၊ နိုင်ငံတော်တံဆိပ်ခေါင်းတွေ မပါသလို၊ ဘယ် တာဝန်ရှိသူက ထုတ်ပြန်တယ် ဆိုတာတောင် မသိရတဲ့ ထုတ်ပြန်ချက်မျိုး ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ လတ်တလော အခြေအနေကို ရှောင်တခင် ကိုင်တွယ်နိုင်လောက်အောင် စဉ်းစား ပြင်ဆင်ထားတာ မရှိဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။

“နယ်စပ်မှာ ပြန်သွားတဲ့အလုပ်သမားတွေမှာ သူဌေးတွေရှိပြီးသား၊ သူတို့က စာရွက်စာတန်းတွေ ရှိတယ်၊ နေထိုင်ခွင့် တွေရှိတယ်။ အဲဒီလူတွေကို မင်းတို့ပြန်လာကြ၊ မြန်မာသံရုံးကလည်း ဒီလူတွေကိုတော့ လာခွင့်ပြုပါ။ အပန်းရောင် ဘက်ကဒ်ရှိမယ်၊ CI ရှိမယ်၊ ပတ်စပို့ရှိမယ်။ ဒါတွေကိုင်ပြီးတော့ မင်းတို့ ပြန်လာကြ ။ ဒီကိုရောက်တာနဲ့ ကိုယ့်လုပ်ငန်းရှင်နဲ့ ကိုယ့် work Permit ကိုအသစ်ပြန်လုပ်ကြဆိုတဲ့ ဖြေလျှော့ပေးမှုဟာ ထိုင်းအတွက်ရော ကျနော်တို့ အလုပ်သမားတွေအတွက်ရော အင်မတန်ကို အကျိုးရှိစေတယ်။ ဒါပေမယ့် အဲဒီဟာကို သူတို့မမြင်ဘူး။ ကျနော်မြင်လို့ အကြောင်းကြားတာကိုလည်း အခုဒီနေ့အထိ တစုံတရာ ပြောတာဆိုတာကတော့ မကြားသေးဘူး။"

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကတော့ - လက်ရှိ မြန်မာအလုပ်သမားတွေ အရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံစလုံးအတွက် အကျိုး ထိခိုက်စေမယ့် အခြေအနေတွေ မဖြစ်ရအောင် ထိုင်းနဲ့မြန်မာ အစိုးရတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီအတောအတွင်း မလေးရှားနိုင်ငံမှာလည်း ဒီရက်ပိုင်း တရားမဝင် အလုပ်သမားတွေ ထောင်နဲ့ချီ ဖမ်းဆီးနေတာမှာ ဒီအထဲမှာ မြန်မာနိုင်ငံသား ၁၀၂ ယောက်ပါဝင်နေတာကို ဝန်ကြီးဌာနက သိရှိထားတဲ့အကြောင်းနဲ့ မလေးရှားရောက် မြန်မာအလုပ်သမားတွေအရေးနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာနိုင်ငံက ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေအတွက် အကောင်းဆုံး အခြေအနေဖြစ်အောင် ကူညီ ဆောင်ရွက်ပေးနေတဲ့အကြောင်း ဝန်ကြီး ဦးသိန်းဆွေက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG