သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနဲ့ မလေးရှားရောက် အခက်တွေ့ မြန်မာအလုပ်သမားများအရေး၊ မြန်မာတာဝန်ရှိသူတွေ ကြိုးစားညှိနှိုင်း


အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေ တဲ့ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေကို အထူးစီမံချက်တွေနဲ့ အဖမ်းအဆီးတွေ က အခုရက်ပိုင်းတွေထဲ အတော်လေးကြမ်းလာနေပါတယ်။ ခိုင်လုံတဲ့ အထောက်အထား မရှိလို့ အဖမ်းအဆီးခံရသူတွေကိုရော မိမိတို့နေရပ်ရင်းပြန်လိုကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးအလုပ်သမား တာဝန်ရှိသူတွေ က ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးနေကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပေးပါမယ်။

သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီကို တရားဝင်လမ်းကြောင်းကရော တရားမဝင်လမ်းကြောင်းကပါ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေခဲ့ကြတာမှာတော့ ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းတွေမှာ မလေးရှားနဲ့ ထိုင်း နှစ်နိုင်ငံစလုံးမှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးမှုတွေက အတော်လေးကို ကြမ်းလာနေတာကြောင့် မြန်မာအလုပ်သမားတွေ နေထိုင်လုပ်ကိုင်ရေး ခက်ခဲလာပါတယ်။

ထိုင်းနိုင်ငံမှာတော့ ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေသစ် ပြဌာန်းဖို့ ဇွန်လ ၂၀ရက်နေ့ကစလို့ ထိုင်းအစိုးရဘက်က အထူးစီမံချက်တွေနဲ့ဆောင်ရွက်ခဲ့ရတာကနေ ထိုင်းအလုပ်ရှင် အလုပ်သမား အခက်အခဲတွေဖြစ်လာရလို့ ဥပဒေသက်ရောက်ချိန် ရက်ပေါင်း ၁၂၀တိတိ ဆိုင်းငံ့လိုက်ပြီဖြစ်ပါတယ်။

ဒီအတောအတွင်း လက်ရှိအလုပ်သမားတွေအတွက် တရားဝင်ခိုင်လုံတဲ့အထောက်အထားရအောင် ဆောင်ရွက်ပေးနေသလို နေရပ်ရင်းပြန်ဖို့ နယ်စပ်ဂိတ်အသီးသီးကို ဖြတ်ကျော်ထွက်ခွာနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအရေးကိုလည်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိတွေဘက်က နယ်စပ်ဂိတ်တွေအထိ လိုက်လံကူညီဖြေရှင်းပေးနေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ဗွီအိုအေမြန်မာပိုင်း ကို ပြောပါတယ်။

“ ကျနော်တို့ ရနောင်းမှာဆိုရင် သံအရာရှိတယောက်ထားတယ် ဦးအောင်ခိုင်မြင့်၊ မဲဆောက်မှာဆိုရင် ဦးအောင်ကိုသန်းရှိတယ်။ မယ်ဆိုင်မှာဆိုရင် ဦးမျိုးထက်သူ ရှိတယ်။ ကျနော်တို့ ချိတ်ဆက်ပြီးအကုန်လုံးကို လုပ်ပေးနေတယ်။ ကျနော်တို့သံအရာရှိတွေအားလုံးပေါင်းပြီးတော့ နေ့စဉ် report တက်တယ်၊ ဘာတွေလုပ်နေသလဲဆိုတာလည်း တက်နေတယ်။ မြန်မာဘက်က ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီးတော့လုပ်ဖို့ ကျနော်တို့ မြဝတီမှာဆိုရင်လည်း ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းကိုယ်တိုင်လည်း ကွတ်ကဲပြီးသူတို့လုပ်နေတယ်။ ကျနော်တို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်လည်း ကွတ်ကဲပြီးတော့ လုပ်နေပါတယ် အကောင်းဆုံးဆောင်ရွက်နေပါတယ်။ ပြီးတော့ ကျနော်တို့ ၂ နိုင်ငံဆွေးနွေးတာတွေလည်း အများကြီးပဲ။ ညတုန်းဆိုရင်လည်း ၂ နာရီလောက်ကနေ ၉ နာရီလောက်အထိဆွေးနွေးကြတယ် သံအမတ်ကြီးလည်းရှိပါတယ်၊ သံအမတ်ကြီးလည်း အစည်းအဝေးက ပြန်လာတဲ့အချိန်မှာ ဘာလုပ်ပါဆိုတဲ့ သူ့ညွန်ကြားချက်နဲ့ ကျနော်တို့လည်း ဒီဘက်က ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီးအကောင်းဆုံးလုပ်နေတယ်။ နောက်ဆုံး အထောက်အထားတွေကအစ ကျနော်တို့ အကောင်းဆုံးပေါ့နော် ဆောင်ရွက်ပေးနေတာလေးတွေရှိတယ်။ နောက်ပြီးတော့ ထိုင်းထဲမှာလည်း စခန်းတွေ ထပ်ဖွင့်ပြီးတော့ အကောင်းဆုံးလုပ်ဖို့ရှိပါတယ်။”

ထိုင်းနိုင်ငံတွင်း သိန်းချီရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးကိစ္စကိုလည်း ထိုင်း-မြန်မာနှစ်နိုင်ငံကြား အလုပ်သမားရေးတာဝန်ရှိသူတွေ၊ အလုပ်သမားသံအရာရှိတွေနဲ့ သံရုံးတာဝန်ခံတွေကြား အလေးအနက်ထား ဆွေးနွေးနေကြတဲ့အကြောင်း ဦးမိုးအောင်ခိုင်ကပြောပါတယ်။

“ကျနော်တို့ သံရုံးဘက်ကတော့ ဘာတွေလုပ်နေသလဲဆိုရင်တော့ အတတ်နိုင်ဆုံး ၂ နိုင်ငံအစည်းအဝေးတွေမှာ တင်ပြထားတယ်။ ဖမ်းတာဆီးတာတွေနဲ့ ပတ်သက်လို့ အထောက်အထားမရှိတဲ့ဟာတွေဆိုရင် ပြန်ဖို့ ။ အထောက်အထားနဲ့ လွဲနေတယ်ဆိုရင် ပြန်တည့်ဖို့ လုပ်ပေးထားတယ်။ နောက်တခုက နယ်စပ်တွေမှာရှိတဲ့တာဝန်ကျအသင်းနဲ့ သံအရာရှိတွေထားထားတယ်။ သူတို့လည်း အတတ်နိုင်ဆုံး ဝိုင်းကူညီ ပံ့ပိုးပေးနေတယ်။ နောက်ပြီးတော့ ၂ နိုင်ငံမှာလည်း ကျနေ်ာတို့ အစည်းအဝေးတွေလုပ်နေကြတယ်။ မကြာသေးဘူးကျနော်တို့ ၂ နိုင်ငံအစည်းအဝေး ရန်ကုန်မြို့ကန်တော်ကြီးဟိုတယ်မှာလုပ်တာ။ သူတို့လည်း မကြာခင်မှာ တရားဝင်ညွှန်ကြားချက်တွေ ထုတ်ပေးပါလိမ့်မယ်။ CI စာအုပ်တွေ ကျနော်တို့ထုတ်ပေးတယ်၂ နိုင်ငံ၊ နောက်တခုကဘာလဲဆိုတော့ လွဲနေ၊ ချော်နေတာတွေကို ပြန်တည့်ဖို့ ၂ နိုင်ငံဆွေးနွေးထားတာတွေရှိတယ်။ အခုမကြာခင်မှာလည်း သူတို့လုပ်ဖို့ ၊ ဆောင်ရွက်ပေးဖို့၊ ညွန်ကြားချက်တွေထုတ်ပေးဖို့ ကျနော်တို့ ပြောထားပြီးပြီ။ ဆိုတော့ မကြာခင်မှာ သူတို့လုပ်ပေးနိုင်တာတွေကို သူတို့လုပ်ပေးမှာပါ။”

မလေးရှားနိုင်ငံမှာတော့ မြို့တော်ကွာလာလမ်ပူအပါအဝင်တနိုင်ငံလုံး အတိုင်းအတာနဲ့ ဇူလိုင် ၁ရက် စနေနေ့က စလို့ တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေကို စီမံချက်ချ ပိုက်စိတ်တိုက်ရှာဖွေ ဖမ်းဆီးနေတာမှာ မြန်မာအလုပ်သမား ရာနဲ့ချီ အများအပြား အဖမ်းခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးဘက်ကတော့ အလုပ်သမားတွေလိုအပ်တဲ့ တရားဝင်ခိုင်လုံတဲ့ အထောက်အထားတွေရအောင် ဆောင်ရွက်ပေးနေသလို ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့အလုပ်သမားတွေကို ကူညီပေးနိုင်ရေး စီစဉ်ပေးနေပါတယ်။ မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးတာဝန်ရှိသူတွေနဲ့အတူ မလေးရှားရောက်မြန်မာတွေအရေးလိုက်လံကူညီပေးနေတဲ့ ကမ့်တာဝန်ခံ ကိုသီဟမောင်မောင်က လက်ရှိမလေးရှားရောက်မြန်မာတွေရဲ့အခြေအနေ အခုလိုပြောပြပါတယ်။

“ပြီးခဲ့တဲ့ First July က စတာပေါ့နော် အဲဒီမှာကတော့ ၁၀၃၅ ဦးပေါ့ ၊ အဲဒီမှာ မြန်မာက ၁၀၅ ဦးပါသွားတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့တော့ သူလုပ်တာပဲ၊ ကွာလာလမ်ပူမှာလုပ်ပြီး ကျန်တဲ့နေရာတွေမှာ မလုပ်ပဲနဲ့ နေတာမဟုတ်ဘူး၊ နေရာအနှံ့လုပ်နေတာပေါ့နော် ဖြစ်တဲ့နေရာတွေကတော့ construction ပိုင်းကို အဓိကထားဝင်တယ်ပေါ့နော်။ ပထမဦးစားပေး ဖမ်းနေတာကတော့ ကျနော်တို့ဒီမှာတွေ့နေတာက construction ပိုင်းကို အဓိကထားဖမ်းနေတယ်။ အဖမ်းခံရတဲ့လူကို လက်တလောရုံးအနေနဲ့ ဘာမှအကူအညီပေးလို့မရဘူးဆိုတာက သူ့နိုင်ငံသူ့ဥပဒေရှိတာမို့လို့ ပုံမှန်ဆိုရင် ဒီမှာ အဖမ်းခံရတယ်ဆိုတာနဲ့ တရားရုံးတက်ရတယ်ပေါ့နော်၊ တက်ပြီးပြီဆိုတာနဲ့ သူတို့သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ပေ့ါနော် ၃ လဆိုရင် ၃ လ ပေါ့နော်။ ၃ လအကျခံပြီးပြီဆိုရင် ထိန်းသိမ်းရေးစခန်းတွေရောက်မှ ကျနော်တို့ သံရုံးအနေနဲ့ သွားပြီးတော့ စိစစ်ရတယ်ပေါ့နော် အခု E-card တွေကိုထုတ်ပေးပြီးသွားပြီ သူတို့သတ်မှတ်ထားတဲ့ ကာလကလည်း ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပက်စပို့ထုတ်ပေးဖို့ကို အဓိကထားပြီး ထုတ်ပေးတာပေါ့နော်။”

တရားမဝင်အလုပ်သမားတွေကို တရားဝင်အဖြစ် ငှားရမ်းနိုင်ဖို့အတွက် မလေးအစိုးရဘက်က ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလမှာ နိုင်ငံခြားအလုပ်သမားတွေအတွက် အလုပ်သမားမှတ်ပုံတင် E-card တွေကို ထုတ်ပေးခဲ့ပြီး အဲဒီကဒ် လျှောက်ထားခွင့်ဟာ ဇွန်လ ၃၀ နေ့မှာ ကုန်ဆုံးသွားပြီဖြစ်လို့ ဇူူလိုင် (၁)ရက်ကစပြီး ဖမ်းဆီးမှုတွေ လုပ်ရတာဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဘက်က သတင်းထုတ်ပြန်ပါတယ်။

အခုလို မလေးရှားနဲ့ထိုင်းနိုင်ငံတွေမှာ သိန်းချီရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြား တရားဝင်ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ အလုပ်လုပ်နိုင်ခွင့်ရဖို့ တိကျတဲ့စနစ်တွေနဲ့ တင်းကျပ်တဲ့အလုပ်သမား ဥပဒေတွေပြဌာန်းနိုင်ဖို့ဆောင်ရွက်နေချိန်မှာ အခက်အခဲကြုံနေရတဲ့အလုပ်သမားတွေအရေးသက်ဆိုင်ရာနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်နေချိန်လည်းဖြစ်ပါတယ်။

XS
SM
MD
LG