ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားများရဲ့အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေစီမံချက် အသစ်ထွက်ပေါ်လာပြီးနောက် နေရပ်ပြန်တဲ့ မြန်မာတွေ သောင်းနဲ့ ချီရှိသွားပြီဖြစ်ပါတယ်။ ဒီလိုနေရပ်ပြန်ကြတဲ့ အတွက်ထိုင်းနိုင်ငံရဲ့ ရေလုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတဲ့ အလုပ်တွေမှာ တရားမဝင်မြန်မာနိုင်ငံသားတွေကို အားထားပြီး လုပ်ကိုင်နေရတဲ့ ထိုင်းလုပ်ငန်းရှင်တွေ အတွက်လည်း အခက်အခဲတွေဖြစ်သွားစေပါတယ်။ ဒါကြောင့် အလုပ်သမားတွေအတွက် ဈေးသက်သာနိုင်တဲ့ နည်းလမ်းနဲ့ လက်မှတ်အထောက်အထားတွေကို လုပ်ပေးဖို့လည်း နှစ်နိုင်ငံအစိုးရတွေကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားများရဲ့အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေစီမံချက် အသစ်ထွက်ပေါ်လာပြီးနောက် အဖမ်းဆီးတွေဆက်တိုက်လုပ်လာတဲ့အတွက် ဇူလိုင်လ ၃ရက်နေ့ထိ နေရပ်ပြန်သူတွေ သောင်းနဲ့ချီရှိသွားပါပြီ။ ဒီလိုအလုပ်သမားတွေ နေရပ်ပြန်တဲ့အတွက် ထိုင်းလုပ်ငန်းရှင်တွေအတွက် လည်းထိခိုက်နစ်နာတွေရှိကြောင်း ထိုင်းစီးပွာရေးလုပ်ငန်းရှင်တွေကပြောဆိုနေတာပါ။ အရင်ဆယ်စုနှစ်တခုကျော်က ဖြစ်ခဲ့တဲ့ ပေါ်လစီတွေနဲ့ နှိုင်းယှဉ်ပြီးထိုင်းအစိုးရအနေနဲ့ ဖမ်းဆီးနေပြီး နေရပ်ခိုင်းပြန်ရုံနဲ့ အလုပ်သမားတွေရဲပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်တဲ့အကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ က အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေကဆိုပါတယ်။
“ပြန်ရုံနဲ့တော့ ပြဿနာဖြေရှင်းသွားမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ်သမားတွေက ထိုင်းနိုင်ငံကို စပြီးလာတယ်ဆိုကတည်းက မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး အထူးသဖြင့်တော့ စီးပွားရေး မပြေလည်မှုတွေကြောင့် အိုးအိမ်ပစ်ပြီးတော့ လာကြတယ်။ တချို့မိသားစုတွေဆိုရင် အိုးအိမ် ပါမရှိတော့ဘူး၊ အဲဒီလိုလာကြတဲ့အနေအထားမျိုးပေါ့နော်။ ဒီထိုင်းအစိုးရကလည်း အစိုးရအဆက်ဆက်ပေါ့နော် ပြန်ပို့ရေးပေါ်လစီပေါ့ အထူးသဖြင့် ၁၉၉၇ အာရှစီးပွားပျက် ကပ်ဆိုက်တဲ့အချိန်တုန်းကလည်း ဒါအကြီးဆုံးပေါ့နော်၊ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ အထောက်အထားရှိတဲ့လူရော၊ မရှိတဲ့လူရော ပြန်ပို့ကြတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေ အထူးသဖြင့် ဆန် စက်ရုံ ၂၀၀ ကျော် ပိတ်လိုက်ရတယ်။ ထိုင်းအလုပ်သမားတွေနဲ့ အစားထိုးဖို့လုပ်တယ်၊ ဗီယက်နမ် အလုပ်သမားတွေနဲ့ အစားထိုးဖို့လုပ်တယ် ဒါပေမယ့် မအောင်မြင်ဘူး။ နောက်ဆုံးမှာ ထိုင်းအစိုးရကနေ ပြန်စဉ်းစားပြီးတော့ ပြန်ဖွင့်ပေးရတယ်။ ဒါက ၁၉၉၈-၁၉၉၉ မှာ တခါဖြစ်ခဲ့တယ်။ အဲဒီနောက်မှာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာလည်း ဒါမျိုးဖမ်းဆီးပြီးတော့ ပြန်ပို့တာတွေလုပ်တယ်။ ဒါပေမယ့် အဲဒီအစီအစဉ်က မအောင်မြင်ပါဘူး၊ ဒီအလုပ်သမားတွေက ဖမ်းဆီးတဲ့အချိန်ခဏလေးပဲ ၊ ပြန်ပြီးတော့ ထိုင်းနိုင်ငံကို နည်းလမ်းပေါင်းဆုံကနေ ပြန်ရောက်လာကြတယ်။”
မြန်မာနိုင်ငံသားတွေကတော့ ညစ်ပတ်တဲ့ အလုပ်၊ ခက်ခဲတဲ့အလုပ်တွေ အန္တရယ်ရှိတဲ့အလုပ်တွေမှာ လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေကတော့ ဒီလိုအလုပ်တွေကိုမလုပ်ကြတော့တဲ့ အတွက် လုပ်သားလိုအပ်ချက်အရ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကိုပဲ ဌားရမ်းလုပ်ကိုင်ခိုင်းခဲ့တာပါ။ ဒါပေမဲ့ ဒီလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေ လုပ်အားခ ခေါင်းဖြတ်ခံရမူတွေနဲ့ လူကုန်ကူးမူတွေဖြစ်နေကြောင့် ထိုင်းအစိုးရဟာ ဝေဖန်မူတွေခံနေရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က နှစ်စဉ်ထုတ်ပြန်တဲ့ လူကုန်ကူးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပျက်ကွက်တာကြောင့် Tier၃ အဆိုးဆုံးအဆင့်သတ်မှတ်ခံထားရတဲ့ အထိအခြေအနေဖြစ်သွားခဲ့တာပါ ။ ဒီနောက် ထိုင်းနိုင်ငံဟာ စစ်အစိုးရတက်လာ ပြီးတဲ့နောက် တရားမဝင် အလုပ်သမားပြဿနာနဲ့ လူကုန်ကူးမူတိုက်ဖျက်ရေး လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန်လုပ်လာခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က စလို့ တီယာ ၂စောင့်ကြည့်စာရင်းထဲမှာ သတ်မှတ်ခံခဲ့ရပါတယ်။ အမေရိကန်အစိုးရ ရဲ့၂၀၁၇ခုနှစ် လူကုန်ကူးမူအစီရင်ခံစာမထွက်ခင်မှာပဲ ထိုင်းအစိုးရဥပဒေစီမံချက် အသစ်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဥပဒေထွက်ပြီးနောက် တရားမဝင်အလုပ်သမားတွေကို စေခိုင်းတဲ့ အလုပ်ရှင်တွေအပေါ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပေးတော့မယ်ဆိုတာကြောင့် အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို လက်မခံရဲတော့ပဲဖြစ်သွားခဲ့ပါတယ်။ ဒီအတွက်စီးပွားရေးထိခိုက်နစ်နာမူတွေရှိတယ်လို့ထိုင်းလုပ်ငန်းရှင်တွေက အကြံပြုဝေဖန်ခဲ့ပါတယ်။ ဒီအတွက် သောကြာနေမှာတော့ အစိုးရက ဥပဒေပုဒ်မတချို့ ကို ရက်ပေါင်း၁၂၀ ဆိုင်းငံ့ထားပြီး ပြန်လည်သုံသပ်မယ်လို့ ဆိုထားတာပါ။
ထိုင်းနိုင်ငံမှာလည်း အလုပ်သမားလိုအပ်ချက်တွေရှိနေတာရယ် စီးပွားရေးကြပ်တည်း လွန်းတာကြောင့်နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ မြန်မာအလုပ်သမားတွေအတွက် နှစ်နိုင်ငံအစိုးရတွေ ညှိနိုင်းပြီးအလုပ်သမားတွေ အတွက်ဈေးနှုံး သက်သာစေမယ့် နည်းလမ်းတွေကိုသာ အသုံးပြုပြီး အထောက်အထားလက်မှတ်တွေ ထုတ်ပေးသင့်တယ်လို့လည်း ဦးမိုးဆွေကဆက်ပြောပါတယ်။
“ရှိနေတာကတော့ ၂ နိုင်ငံအစိုးရကြားထဲမှာ ခဏကြာရင် လက်မှတ်တွေကို MOU စနစ်နဲ့ လေးနှစ် သက်တမ်းလက်မှတ်တွေ ၊ နောက်တခါ ပန်းရောင်ကဒ်စနစ်တွေလုပ်တယ်။ အဲဒီကနေ ပတ်စပို့စနစ်တွေလုပ်တယ်။ နောက်တခါ CI စနစ်ဆိုပြီးတော့ အဆင့်ဆင့်လုပ်ကြတယ်။ အဆင့်တိုင်းအဆင့်တိုင်းမှာ အလုပ်သမားတွေဘက်က ငွေကုန်ကျတာပိုများသွားတယ်။ ဆိုတော့ ကျနော်တို့ဖြစ်စေချင်တာကတော့ ခုနကပြောတဲ့ ၂ နိုင်ငံ ညှိနှိုင်းပြီးတော့ ထိုင်းနိုင်ငံအတွင်းမှာပဲ အလုပ်သမားတွေကို ငွေကုန်ကျတာများများမရှိနိုင်တဲ့နည်းတွေကို စဉ်းစားပြီးတော့ လုပ်မယ်ဆိုရင် ကျနော်တို့ ရနိုင်ပါတယ်။”
ထိုင်းနိုင်ငံမှာ တရားဝင်ကော ၊ တရားမဝင်ပါ အလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမား ၃သန်းကနေ ၄သန်းလောက်ထိရှိနေပြီး တရားဝင်အထောက်အထားတွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေကတော့ သိန်းဂဏန်းလောက်ပဲရှိတာပါ။ အခုအခါမှာတော့ အလုပ်သမား၆သောင်းကျော်ဟာ နေရပ်ပြန်နေကြတာကြောင့် ထိုင်းနိုင်ငံဘက်ကလည်း အလုပ်သမားတွေကို ထရပ်ကားတွေနဲ့ ပြန်ပို့ ပေးနေသလို မြန်မာဘက်ကလည်း ပရဟိတလုပ်ဆောင်နေတဲ့ အဖွဲ့ တွေကလည်း နေရပ်ရင်းကိုပြန်နိုင်ဖို့ အတွက် ကားတွေနဲ့စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်းမှာတော့ အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေးပြေလည်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ရနိုင်ဖို့ ဆိုတာကတော့ အာမခံချက်မရှိသေးတာဘူးလို့ အလုပ်သမားတွေကတော့ ဆိုပါတယ်။