သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးစည်းဝေးပွဲ ရိုဟင်ဂျာဒုက္ခသည်အရေးဆွေးနွေး


အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အောက်တိုဘာလ ၃ ရက်၊ အင်္ဂါနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနမှာကျင်းပခဲ့တဲ့ ၆ ကြိမ်မြောက် လုံခြုံရေးဆိုင်ရာ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တွေအနက် ရခိုင်ပြညိနယ်မြောက်ပိုင်း၊ မောင်တောဒေသမှာ သြဂုတ်လ ၂၅ ရက်ကစ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ မူဆလင်ဒုက္ခသည် ၅ သိန်းကျော် အရေးလည်း အဓိက အကြောင်းရပ် တခုအဖြစ် ပါဝင်ခဲ့ပါတယ်။

“မြန်မာနိုင်ငံက အကြမ်းဖက်အခြေအနေတွေအပေါ် အမေရိကန်ပြည်ထောင်စုက အထူးပဲ စိုးရိမ်မိပါတယ်။ လူသား ဘေးဒုက္ခအကျပ်အတည်းအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက ထောက်ထား ညှာတာမှုနဲ့ ကူညီ လုပ်ဆောင်ပေးတဲ့အပေါ် ချီးကျူးပါတယ်။ ဘေးဒဏ်သင့် လူထုအတွက် အကူအညီတွေ ရောက်ရှိစေရေး ဆက်ပြီးကြိုးပမ်း လုပ်ဆောင်နေတဲ့ အပေါ်လဲ ကျေးဇူးတင် ပါတယ်။ မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ခွာပြီး မြန်မာနိုင်ငံ တွင်းမှာရော၊ ပြည်ပ ဘင်္ဂလားဒေ့ရှ်မှာပါ ထွက်ပြေး ခိုလှုံနေကြရ သူတွေအတွက် ၂၀၁၇ ခုနှစ်အတွင်း အမေရိကန် အစိုးရနဲ့ အခွန်ထမ်းလူထုက ဒေါ်လာ ၉၅ သန်း အကူအညီ ပေးထားပြီးပါပြီ။” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert က အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကလဲ ခုလို လူသားချင်းစာနာမှု ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းနေစဉ် အမေရိကန်ရဲ့ အကူအညီအတွက် အထူးကျေးဇူးတင်မိကြောင်း ပြောခဲ့ ပါတယ်။ ဒါ့အပြင် မူဆလင်ဒုက္ခသည်တွေ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေးကိုလဲ ၂နိုင်ငံ တို့ ဆွေးနွေးခဲ့ကြ တယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ မူဆလင်ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီဒေါ်လာ (၃၂)သန်းပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြီးခဲ့တဲ့လက ကြေညာထားတဲ့ထဲမှာ (၂၈)သန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပေးမှာဖြစ်ပြီး ကျန်တာကို မြန်မာနိုင်ငံကို ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ USAID ကလည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကို ဒေါ်လာ (၆)သန်းပေး မယ်လို့ စက်တင်ဘာ ၂၈ ရက်နေ့က ကြေညာထားပါတယ်။

တရက်ကြာ ကျင်းပခဲ့တဲ့ နှစ်နိုင်ငံအကြားအစည်းအဝေးကို အမေရိကန်ဘက်က နိုင်ငံရေး နဲ့ စစ်ဘက်ရေးရာ ယာယီ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Miller က ဦးဆောင် တက်ရောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ နိုင်ငံခြားရေးဌာန၊ အမေရိက နိုင်ငံများရေးရာ ညွှန်ကြားရေးမှူးချုပ် Abida Islam က ဦးဆောင် တက်ရောက်ပါတယ်။

ဆွေးနွေးပွဲမှာ အဓိကဆွေးနွေးခဲ့ကြတဲ့ တခြား အကြောင်းအရာတွေကတော့ လူသားချင်း စာနာမှု အကူအညီဆိုင်ရာနဲ့ သဘာ၀ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှု၊ ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်ရေး၊ စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး၊ ရေကြောင်း သွားလာမှု လုံခြုံရေးနဲ့ ဒေသဆိုင်ရာ တခြားကိစ္စရပ်တွေ ပါဝင်ပါတယ်။

ခုနစ်ကြိမ်မြောက် အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ အစည်းအဝေး ကိုတော့ Dhaka မြို့တော်မှာ၂၀၁၈ ခု ကျရင် နှစ်နိုင်ငံ အဆင်ပြေတဲ့နေ့ရက် သတ်မှတ်ကျင်းပမှာဖြစ်ပါတယ်။

အမေရိကန်-ဘင်္ဂလားဒေ့ရှ် စည်းဝေး
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG