သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး နိုင်ငံတကာ ဖိအားတွေကို မြန်မာအစိုးရ တုံ့ပြန်ဖြေရှင်းမည်


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာစစ်တပ်နဲ့ တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ရှင်းလင်းတင်ပြမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တုံ့ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်သိန်းနဲ့ချီ ထွက်ပြေးရတဲ့အတွက် နိုင်ငံတကာ ဖိအားတွေ တိုးလာနေတဲ့ အခြေအနေတွေကိုတော့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုတွေ ကျုးလွန်နေတဲ့အပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာပဲ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာပါ။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်လို့ အမေရိကန် အစိုးရက ယုံကြည်ထားတဲ့ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား အရေးယူမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ မြန်မာအစိုးရ အနေနဲ့ကတော့ အခြေအနေမှန်ကို သိနိုင်အောင် ရှင်းလင်းတင်ပြမှာဖြစ်တယ်လို့ ပြောပါတယ်။

“မနေ့တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရဆိုရင် အမေရိကန်နိုင်ငံရဲ့ ဝါဒတရပ်လို့ ကျနော်တို့ သတ်မှတ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်တိုးတက်မှုဟာ ပြည်သူတရပ်လုံးပါဝင်တယ်ဆိုပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာ ၁၉ မှာ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ သံတမန်တွေကို ရှင်းပြတဲ့အခါမှာ ပြောကြားထားပြီးဖြစ်ပါတယ်။ ပြည်သူတရပ်လုံးလို့ပြောတဲ့နေရာမှာ တပ်မတော်လည်းပါပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်ဟာဆိုရင် ဒီမိုကရေစီလမ်းကြောင်းမှာဆိုရင် ပြည်သူနဲ့အတူတူ ကျနော်တို့နဲ့ အတူတူ ရပ်တည်နေမယ်လို့ ကျနော်တို့ ယူဆပါတယ်။ ၂ နိုင်ငံကြားမှာ တပ်မတော်ရဲ့ ဆက်ဆံရေးက အရင်ကတည်းကနေပြီးတော့ အကန့်အသတ်တွေက ရှိပြီးသားဖြစ်ပါတယ်။ အခု သူတို့ချမှတ်ထားတဲ့ ဆုံးဖြတ်လိုက်တာတွေဆိုရင်တော့ ကန့်သတ်မှုတွေ ပိုပြီးတော့ များလာမှာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဘာလဲဆိုတော့ နိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်တွေကို ကျနော်တို့ ရုံးဆိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာအပါအဝင် အမေရိကန်အစိုးရ လွှတ်တော်နဲ့ ပြည်သူတွေကို ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ဆက်လက်ပြီးတော့ ကျနော်တို့ နားလည်သဘောပေါက်အောင် ရှင်းလင်းသွားဖို့ ရှိပါမယ်။”

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အဖွဲ့ကို လိုက်လံရှင်းလင်းမှုတွေရဲ့ နောက်ဆက်တွဲအဖြစ်၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသူ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော်အထိ ရှိနေပြီလို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားတာပါ။မောင်တောခရိုင် ကျီးကန်းပြင်ဌာနချုပ်က အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးက နယ်ခြားစောင့်တပ် ဒုရဲမှူးကြီးစိုးမြင့်ဦးကတော့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေဟာ လက်တွေ့အခြေအနေနဲ့ ကင်းကွာနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ လုံခြုံပေးအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကာကွယ်ပေးမယ်။ လိုအပ်တဲ့ထောက်ပံ့မှုတွေနဲ့ သက်ဆိုင်ရာအစိုးရ ၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အစိုးရများရော NGO အဖွဲ့အစည်းများ ကလည်း ပံ့ပိုးပေးနေတယ်။ အလုပ်အကိုင်နဲ့ ရပ်တည်ဖို့အတွက်လည်း ထောက်ပံ့ပေးမှုတွေလည်း လုပ်နေတယ်။ ဘာကြောင့်ပြေးသလဲဆိုတော့ ဘယ်ရက်၊ ဘယ်ရက်မှာ လာခဲ့ မင်းတို့ မလာဘူးဆိုရင်တော့ မင်းတို့ကို လာပြီးတော့ သတ်မယ် ၊ ဒါကြောင့်မို့လို့ သူတို့မှာ ဒီလိုအကြမ်းဖက်အဖွဲ့အစည်းရဲ့ ခြိမ်းခြောက်မှုကြောင့် သူတို့ အသက်အန္တရာယ် စိုးရိမ်လို့ ဟိုဘက်ကို ပြောင်းရပါတယ်ဆိုတာ တော်တော်များများက ဒီအတိုင်းပဲ ကျနော်တို့ဆီကို ဖြေဆိုတာမျိုးတွေ ရှိတဲ့အတွက် ကျနော်တို့ လုံခြုံရေးဆောင်ရွက်မှုအပိုင်းမှာရော သူတို့ရဲ့အသက်အန္တရာယ်ရော၊ သူတို့ကို ခြိမ်းခြောက်တာရော သူတို့ကို ဖိအားပေးအကျပ်ကိုင်တာရော ဘယ်လိုဆောင်ရွက်မှုမျိုးကို တစုံတရာမှာ ဆောင်ရွက်ခြင်းမရှိဘူး ဆိုတာကိုတော့ ကျနော့်အနေနဲ့ ပြောလိုပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်က အခြေအနေတွေကြောင့် မြန်မာစစ်တပ်အပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာက ဖိအားတွေ တိုးလာနေတဲ့ တချိန်တည်းမှာပဲ မြန်မာစစ်တပ်ကတော့ လုံခြုံရေးအတွက် ဆောင်ရွက်မှုတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော် အစိုးရတို့နဲ့ တိုင်ပင်ညှိနှိုင်းဆောင်ရွက်နေကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ထားတာပါ။ အမေရိကန် အပါအဝင် နိုင်ငံတကာက မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား အရေးယူလာတဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ယူဆပါတယ်။

“အနောက်နိုင်ငံတွေရဲ့ ချဉ်းကပ်မှုက သူက ရခိုင်ကိစ္စတခုလောက်ကိုပဲပေါ့နော် အဲဒီမှာ အာရုံသွားစိုက်လိုက်တယ်ဆိုရင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အသွင်ကူးပြောင်းရေးမှာ သွားပြီးတော့ အနှောင့်အယှက်တွေ၊ ပြီးတော့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ လုပ်ငန်းတွေ အနှောင့်အယှက်သွားပြီးတော့ ဖြစ်စေနိုင်တယ်လို့ ကျနော်တဦးချင်းတော့ ယူဆတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်အစိုးရ ကိုင်တွယ်ပုံက ဘာပဲပြောပြော တိုင်းပြည်ထဲမှာ တပ်မတော်က အရေးကြီးတယ်။ တပ်မတော်ရဲ့ အနေအထားအောက်မှာပဲ ပြေပြေလည်လည်ရှိမှပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရော၊ ရခိုင်ကိစ္စရော တခြားသော တိုက်ပွဲဖြစ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စရော သွားလို့ရမယ်ဆိုတာကို ယူဆထားတယ်။ ယူဆထားတဲ့ အခါကျတော့ ဒီဟာက အဆိုးထဲကလည်း အကောင်းဖြစ်လာနိုင်တာပဲ ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံတွေက တပ်မတော်ကို ဒီလိုလုပ်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် က ပိုပြီးတော့ ဖေးဖေးမမနဲ့ ပြောဆိုဖျောင်းဖျတဲ့အခါမှာ ပိုပြီးတော့ အောင်မြင်မှုတွေရလာနိုင်မလား ဒီလိုတော့ မျှော်လင့်လို့တော့ ရပါတယ်။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ပြစ်ဒဏ်ခတ် အရေးယူရေး အမေရိကန် ဥပဒေပြုအမတ်တွေကြား တိုက်တွန်းမှုတွေ ထွက်ပေါ်နေရာမှာ၊ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အထက်နဲ့ အောက်လွှတ်တော် အမတ်တွေက အမေရိကန် အစိုးရထံ တိုက်တွန်းချက်တွေ အသီးသီးပေးပို့ခဲ့ကြတာပါ။ ဒီကနေ့ အင်္ဂါနေ့မှာလည်း အမေရိကန် အထက်လွှတ်တော်မှာ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒတွေကို ဆန်းစစ်တဲ့ ကြားနာပွဲတရပ်ကို ကျင်းပနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG