သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ပြစ်မှုကျူးလွန်သူတွေ အပေါ် ဒဏ်ခတ်ဖို့ ကန်ကြိုးပမ်း


မှတ်တမ်းဓာတ်ပုံ- အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး W. Patrick Murphy နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံ။
မှတ်တမ်းဓာတ်ပုံ- အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး W. Patrick Murphy နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံ။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ တခြားလူမှု အသိုင်းဝိုင်းတွေကြား ခံစား နေရမှုတွေ အကြမ်းဖက်မှုတွေ အတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတွေမှာ တာဝန်ခံ တာဝန်ယူမှု ရှိလာအောင် ပါဝင်ပတ်သက်နေသူတွေကို အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ဆောင်မှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က အင်္ဂါနေ့ နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ အကဲစမ်းမှုတွေကို အမြဲတမ်း ကူညီဖြေရှင်းပေးခဲ့တဲ့ အစဉ်အလာ ရှိခဲ့ရာက သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့ပြီး နောက်ဆက်တွဲ ကြုံလာရတဲ့ လူသားချင်း စာနာမှု အခြေနေတွေက အတော်ကို တုန်လှုပ်စရာကောင်းကြောင်း၊ အမေရိကန် အနေနဲ့ ရခိုင်ပဋိပက္ခကို အချိန်ပေးလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ဆိုးဝါးတဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ တာဝန်ခံမှု ရှိအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Patrick Murphy က နိုင်ငံခြားရေးဌာနက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် အုပ်ချုပ်မှုကနေ ဒီမိုကရေစီ ထွန်းကားဖို့ အချိန်အတော်ကြာ ကြိုးစားခဲ့ရတာပါ။ ရခိုင်ပြည်နယ်မှာ တနေ့တခြား ကြီးထွားလာနေတဲ့ ပြဿနာကြောင့် ရိုဟင်ဂျာတွေ သာမက တခြားလူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေရဲ့ ခံစားရမှုတွေဟာ ဒီငြိမ်းချမ်းတဲ့ ပြောင်းလဲမှုကို ခြိမ်းခြောက်နေသလို အခု အစိုးရသစ် တက်လာတာကလည်း ၁၆ လပဲ ရှိပါသေးတယ်။ ဒါကြောင့် အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုကတော့ အကြမ်းဖက်မှု အဆုံးသတ်ရေး အတွက် ကြိုးစားဖို့ အိုးအိမ်စွန့်ခွါ ထွက်ပြေးမှုတွေကို အကူညီပေးပြီး နေအိမ်တွေဆီ ပြန်နိုင်ရေးကြိုးပမ်းဖို့နဲ့ ဒီလောက် များပြားလှတဲ့လူတွေ ထွက်ပြေးရတဲ့ ဖြစ်ရပ်ရဲ့ အခြေခံ အကြောင်းရင်း တွေကို ကူညီဖြေရှင်းပေးဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရက်စက် ကြမ်းကြုပ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြသူတွေကို အရေးယူ အပြစ်ပေး တာကိုလဲ မြင်ချင်ပါတယ်။”

မကြာသေးခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စတာ Murphy ဟာ ဒီကနေ့ပဲ လွှတ်တော်ကြားနာပွဲမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ထွက်ဆိုခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်မှာ တာဝန်ရှိသလို ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့လို တခြားအဖွဲ့တွေမှာပါ တာဝန်ရှိ တာကိုတွေ့ရကြောင်း လည်း ပြောပါတယ်။

လက်ရှိမှာ မြန်မာစစ်တပ်နဲ့ ကန့်သတ်တဲ့ ထိတွေ့ဆက်ဆံမှု ထားရှိသလို မြန်မာနဲ့ လက်နက်ရောင်းဝယ်မှု တားမြစ် ထားတာကလည်း အချိန်အတော်ကြာနေပြီဖြစ်ပြီး အခု နောက်ထပ် အရေးယူမှုထပ်တိုးဖို့ အမေရိကန် ပြည်ထောင်စုက လုပ်ဆောင်မှာ ဖြစ်ကြောင်းနဲ့ အဲဒီထဲမှာ သြဂုတ်လ ၂၅ ရက်နေ့က စပြီး လက်ရှိနဲ့ အရင် မြန်မာစစ်တပ် ခေါင်းဆောင်တွေ အပေါ် ၂၀၀၈ ခုနှစ်က ချမှတ်ထားတဲ့ JADE Act ဥပဒေအတိုင်း အရေးယူထားတဲ့ တားမြစ်ချက်တွေ ပြန်ရုပ်သိမ်းရေးအတွက် စဉ်းစားမှုတွေကို ရပ်ဆိုင်းထားဖို့ပါ ပါဝင်ကြောင်း မစ္စတာ Murphy ကပြောပါတယ်။

“ စစ်ခေါင်းဆောင်တွေ အပေါ် ချမှတ်ထားတဲ့ ခရီးသွားလာခွင့် ပိတ်ဆို့မှုတွေကနေ ကင်းလွတ်ခွင့် ပေးထာကို ဆိုင်းငံ့ဖို့၊ ရက်စက်တဲ့ ကျူးလွန်ချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို ပစ်မှတ်ထား အရေးယူဖို့ တည်ဆဲ အမိန့်အာဏာတွေ အပေါ် အခြေခံပြီး နည်းလမ်းတွေကို လေ့လာသုံးသပ်ဖို့ ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်မြေရှင်းလင်းရေးမှာ တာဝန်ရှိတဲ့ အရာရှိတွေနဲ့ တပ်ဖွဲ့အားလုံးတို့ အနေနဲ့ အမေရိကန်ကပေးတဲ့ အကူညီအစီစဉ်တွေကို ခံစားခွင့် မရှိစေဖို့၊ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ အမေရိကန် အစိုးရက တာဝန်ယူ ကျင်းပတဲ့ အစီစဉ်တွေ တက်ရောက်ဖို့ အမေရိကန်ကို လာရောက် နိုင်မယ့် ခရီးသွားခွင့်ကို ရုတ်သိမ်းဖို့၊ ရေရှည် လက်နက် တင်ပို့ ရောင်းချမှု အပေါ် ပိတ်ပင်မှု ချမှတ်ဖို့။ ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီနဲ့ တခြားနည်းလမ်းတွေနဲ့ ညှိနှိုင်းပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ရေး ကြိုးပမ်းဖို့၊ ကုလသမဂ္ဂ အချက်လက် ရှာဖွေရေး အဖွဲ့ သွားရောက်နိုင်ခွင့်ရရေးအတွက် ဖိအားပေးဖို့ ဖြစ်ပါတယ်။ ဒီအဖွဲ့ဖြစ်လာအောင် ကြိုးပမ်းခဲ့ကြတဲ့ အထဲ အမေရိကန်လည်း ပါဝင်ခဲ့ပါတယ်။”

ရခိုင်အရေး ရေရှည် ဖြေရှင်းမှု နိုင်ဖို့အတွက် အခုလို ပြဿနာဖြစ်လာစေတဲ့ အကြောင်းရင်းဖြစ်တဲ့ ခွဲခြား ဆက်ဆံမှု တွေမရှိအောင် မစ္စတာ ကိုဖီအာနန်ရဲ့ ရခိုင်အကြံပေး အဖွဲ့က အကြံပြုချက်တွေကို အကောင်ထည်ဖေါ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပြောကြားမှုတွေမှာ ကျူးလွန်သူတွေရဲ့ လုပ်ဆောင်မှုအတွက် လူမျိုးတုန်း ရှင်းလင်းမှုဆိုတဲ့ စကားအသုံးအနှုန်းကို မသုံးတာနဲ့ ပတ်သက်ပြီးအခုလို ရှင်းပြခဲ့ပါတယ်။

“ ကျူးလွန်သူတွေနဲ့ ဆီလျှော်တဲ့ အသုံးအနှုန်းကို အမည်တပ်ခေါ်ဖို့ အမေရိကန် ပြည်ထောင်စုက တွန့်ဆုတ်နေတာ မဟုတ်ပါဘူး။ အချက်အလက်တွေကို လေ့လာ သုံးသပ်ပြီးတော့ အဆုံးအဖြတ်ပေးမယ့် လုပ်ငန်းစဉ် ရှိသလို အခုလို ဆုံးဖြတ်ချက် ချနိုင်ဖို့ နောက်ထပ် လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေမယ့် ပေါ်လစီလည်း ရှိပါတယ်။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းတာမျိုး ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး Tillerson ထောက်ပြခဲ့သလို ဒီ ရခိုင်အရေး ပြစ်မှု ကျူးလွန်တာတွေကို လူမျိုးတုန်းရှင်းလင်းမှု လို့ လူအများကပြောခဲ့ကြတာ ရှိပါတယ်၊ ကုလသမဂ္ဂ အမေရိကန်သံမတ် Halley ကလည်း ဒီလို ရက်စက်မှုတွေဟာ နိုင်ငံ တနိုင်ငံမှာ ရှိတဲ့ လူနဲစု တိုင်းရင်းသား အုပ်စု အပေါ် ရက်စက်ပြီး စံနစ်တကျ လုပ်ဆောင်တဲ့ ရှင်းလင်းသုတ်သင်မှု ဖြစ်နေပုံရတယ် လို့ ပြောခဲ့ပါတယ်။ ရက်စက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သံသယ မရှိပါဘူး။ နိုင်ငံတကာ အပြင် မြန်မာအစိုးရ တာဝန်ရှိသူတွေ နဲ့ ညှိနှိုင်းပြီး ဒီပြစ်မှု ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့ ကျွန်တော်တို့ ကြိုးပမ်း သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ အောင်မြင်တိုးတက်ရေးဟာ သိပ်ကို အရေးပါတာမို့ စစ်အုပ်ချုပ်မှု နောက်ဆက်ဆွဲ ကြုံလာရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ အရပ်သားအစိုးရနဲ့ ပြည်သူလူထုနဲ့ အမေရိကန် ပြည်ထောင်စုက ဆက်လက်လက်တွဲ ဆောင်ရွက်ပြီးး အောင်မြင်မှုရအောင် ပံ့ပိုးပေးမှာ ဖြစ်ကြောင်းလည်း မစ္စတာ Murphy က ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာပဲ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က ပြည်တွင်း ပြည်ပမှာ အိုးအိမ်ရွှေ့ပြောင်း နေထိုင်ကြရတဲ့ ဒုက္ခသည်တွေအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၁၀၄ သန်း ပေးအပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သလို ဒုက္ခသည် အများအပြားကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ လုပ်ရပ်အတွက်လည်း ချီးကျူးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG