သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး ဦးစားပေးဖြေရှင်းဖို့ ကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တိုက်တွန်း


ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ကြုံတွေ့ခဲ့ရတဲ့ ဆိုးဆိုးဝါးဝါး အခြေအနေတွေက လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုရဲ့ အမှတ်လက္ခဏာတွေ ဖြစ်တယ်လို့လည်း မြန်မာပြည်ကို ၂ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ပြောဆိုလိုက်ပါ တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ အေးချမ်းစွာ နေရပ်ပြန် နိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအပါအဝင် ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်း ထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရခိုင်ပြည်နယ်တွင်း မောင်တောဒေသမှာ အကြမ်းဖက်မှု တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို စုံစမ်းလေ့လာဖို့ အတွက် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ မြန်မာပြည်ကို ၂ရက်ကြာခရီး လာရောက်ပြီး ခရီးစဉ်ပြီးဆုံးတဲ့ နိုဝင်ဘာ ၂၁ရက်နေ့မှာတော့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

မြန်မာစစ်တပ်နဲ့ ဒေသခံအုပ်စုတွေက မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ကြုံတွေ့ခဲ့ရတဲ့ ဆိုးဆိုးဝါးဝါးအခြေအနေတွေဟာ လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှုရဲ့ အမှတ်လက္ခဏာတွေဖြစ်တယ်လို့ အမေရိကန် လွှတ်တော် ကိုယ်စား လှယ်အဖွဲ့က Jeffrey Alan Merkley က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“စစ်တပ်နဲ့ ဒေသခံအုပ်စုတွေက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ အင်အားအလွန်အကျွံသုံး တုန့်ပြန်မှုတွေကြောင့်၊ ခန့်မှန်းချေ ရွာပေါင်း ၃၀၀ လောက်ဖျက်ဆီးခံခဲ့ရပြီး၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့တဲ့အပေါ် အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်မိပါတယ်။ နယ်စပ်တွေ ဖွင့်ပေးပြီး၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မြန်ဆန်ဆန် ကြိုးပမ်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း ချီးကျုးလိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုရမှာ၊ ဒုက္ခသည်တွေက ပြောပြတာတွေကိုလည်း အများအပြား ကြားသိခဲ့ရပါတယ်။ ချစ်ခင်တဲ့သူတွေ၊ သားသမီးတွေ၊ ခင်ပွန်းတွေ ကိုယ့်မျက်စေ့ရှိမှာ အသတ်ခံခဲ့ရသလို၊ ဇနီးတွေ၊ သမီးတွေ အဓမ္မကျင့်ခံခဲ့ရတာတွေလည်း ကြားခဲ့ရပါတယ်။ ဒါတွေအားလုံးဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုရဲ့ အမှတ်လက္ခဏာတွေပါ။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မွတ်ဆလင် ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ကို အေးချမ်းစွာ ပြန်နိုင်ဖို့ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အပါအဝင် အချက်လေးချက်ကို လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း Jeffrey Alan Merkley က အခုလို ပြောပါတယ်။

"မြန်မာအစိုးရ အနေနဲ့ ထည့်သွင်းစဉ်းစားဖို့ ကျနော်တို့ အလေးအနက် တိုက်တွန်းလိုတဲ့ အချက်တွေ ရှိပါတယ်။ နံပတ် ၁ ကတော့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ အကောင်အထည် ဖော်ဖို့ပါ။ ဒေါ်အောင်ဆန်းစုကြည်က အကြံပြုချက်တွေကို လက်ခံထားပြီး၊ အကောင်အထည်ဖော်ရေး ကော်မတီနဲ့ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့ကို တာဝန်ပေးထားတယ် ဆိုတာလည်း ကျနော်တို့ ကြားသိထားပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ အပြည့်အ၀ ဆောင်ရွက်ခွင့် ရှိဖို့ဖြစ်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ အကူအညီပေးရေး လုပ်ငန်းတွေအပြင် လတ်တလောမှာ နောက်ထပ်ခွင့်ပြုထားတာဆိုလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ တခုပဲ ရှိပါတယ်။ တတိယအချက်အနေနဲ့ကတော့ ရိုဟင်ဂျာတွေ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ရှိဖို့နဲ့ ခွဲခြားဆက်ဆံ ခံရမှုတွေ မရှိစေဖို့ ဖြစ်ပါတယ်။ စတုတ္ထအချက်အနေနဲ့ကတော့ ကိုယ့်သဘောဆန္ဒနဲ့ ဒုက္ခသည်တွေ ဘေးအန္တရာယ် မရှိဘဲ နေရပ်ပြန်နိုင်အောင် ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂတို့နဲ့ လက်တွဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။"

အမေရိကန် လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့အနေနဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် အစိုး ရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး စစ်တွေ မြို့ပေါ်က မွတ်ဆလင်ဒုက္ခသည်တွေရှိရာ အောင်မင်္ဂလာ ရပ်ကွက်ကို သွား ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် နေပြည်တော်မှာရှိတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာ ပါ။

ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဘက်က အမေရိကန် လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့အနေနဲ့ စစ် တွေ အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်ဒုက္ခသည်တွေကိုပဲ သွားရောက် တွေ့ဆုံမှုအပေါ် ဝေဖန် ပေမယ့် အခြား ဒုက္ခသည်စခန်းတွေနဲ့ အကြမ်းဖက်မှုဖြစ်ပွားရာ ကျေးရွာတွေကို သွားရောက်ဖို့ အစိုးရဘက်က ခွင့်မပြုဘူးလို့ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ဘက်ကတော့ ဆိုပါ တယ်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ သူတို့ရဲ့ မြန်မာပြည်ခရီးစဉ်မတိုင်မီ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာ ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ တာ ဝန်ရှိသူတွေနဲ့ သီးခြားတွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG