သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ငြိမ်းချမ်းစွာ အဖြေရှာဖို့ ဥရောပကောင်စီ တိုက်တွန်း


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်  ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini တို့ကို ASEM အစည်းအဝေးအတွင်းတွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်  ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini တို့ကို ASEM အစည်းအဝေးအတွင်းတွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ တရားဥပဒေစိုးမိုးမှု နဲ့အရပ်ဘက်အုပ်ချုပ်ရေးတွေကို ထူထောင်ဖို့ ဥရောပသမဂ္ဂကောင်စီကတိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်မှာ ကျင်းပနေတဲ့ ၁၃ကြိမ်မြောက်ASEM အစည်းအဝေးကာလအတွင်း အခုလိုတိုက်တွန်းခဲ့တာပါ။ ဒီအကြောင်း ကိုကျော် အောင်လွင်က ဆက်ပြီပြောပြပါလိမ့်မယ်။

နိုဝင်ဘာလ ၂၀နဲ့ ၂၁ရက် ၂ရက်ကြာကျင်းပနေတဲ့ နေပြည်တော်က ASEM အာရှဥရောပနိုင်ငံခြားရေးဝန်ကြီးများဆွေး နွေးပွဲရဲ့ ပထမနေ့မှာပဲ ဥရောပသမဂ္ဂကောင်စီက ရခိုင်အရေးနဲ့ပတ်သက်လို့ ကြေညာချက်ထုတ်ပြီး မနေ့က တိုက်တွန်း ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ပတ်သက်လို့ EU ဥရောပသမဂ္ဂအနေနဲ့အခိုင်အမာဆက်ပြီး ထောက်ခံသွားဖို့ဆုံးဖြတ်ထားတုန်းပါပဲလို့ကြေညာချက်အစမှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာ အင်မတန်မှအရေးကြီးတဲ့ အခြေအနေမှာဆက်ပြီးရှိနေတုန်းပဲဖြစ်တယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ အရပ်ဘက်အုပ်ချုပ်မှုတွေကိုထူထောင်ဖို့ကိုလည်း ဥရောပသမဂ္ဂက ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။

ASEMအာရှဥရေပနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပနေတာဖြစ်ပြီး ဖွင့်ပွဲ နေ့အခမ်းအနားမှာပြောခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းထဲမှာတော့ ရိုဟင်ဂျာ အကြောင်း မပါခဲ့ပေမဲ့ တရားမဝင်အခြေချနေထိုင်မှုတွေနဲ့ အကြမ်းဖက်ဝါဒ ပြန့်ပွါးမှုတွေအကြောင်း ပြောဆိုခဲ့ပါတယ်။

"တရားမဝင်တဲ့အခြေချနေထိုင်မှုတွေ၊ အကြမ်းဖက်ဝါဒပြန့်ပွါးမှုနဲ့ အစွန်းရောက်အကြမ်းဘက်မှုတွေက လူအဖွဲ့ အစည်း အတွင်း မတည်ငြိမ်မှုတွေကိုလည်း ဖြစ်စေတဲ့အပြင် နျူကလီးယားစစ်ပွဲ အထိပါ ခြိမ်းခြောက်နေတာပါ။ ပဋိပက္ခတွေဟာ လူ့အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေး ဝေးကွာအောင်ဖန်တီးနေပါတယ်။ ဆင်းရဲ့မွဲတေမှုနဲ့မဖွံ့ဖြိုးမှုတွေကို ဖန်တီးနေပါတယ်။ လူထုတွေအကြား၊ နိုင်ငံတွေအကြားမှာ တဦးနဲ့တဦး တနိုင်ငံနဲ့တနိုင်ငံ ဝေးကွာသွားအောင် ပဋိပက္ခတွေက တွန်းထုတ် နေတာပါ။"

ကုလသမဂ္ဂနဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးခွင့်ပြုရေး နဲ့ ဒုက္ခ သည်တွေ ကိုယ့်နေရပ်ကို လုံခြုံစိတ်ချစွာနဲ့ သိက္ခာရှိရှိပြန်နိုင်အောင်လည်းလုပ်ဆောင်ပေးဖို့ EU ဥရောပသမဂ္ဂရဲ့ ကြေ ညာချက်မှာ တိုက်တွန်းထားပါတယ်။ မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှုတွေကျူးလွန်တဲ့သူတွေက သူတို့ရဲ့လုပ်ရပ် တွေအတွက် တာဝန်ခံအောင်လုပ်ဆောင်ရေးကိုလည်း အသေအချာလုပ်ဆောင်ဖို့တိုက်တွန်းပါတယ်။ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini ကလည်း မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ သဘောတူညီ ချက်ရအောင် ဥရောပသမဂ္ဂက အားပေးထောက်ခံကူညီသွားမယ်လို့မနေ့ကနေပြည်တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ၂နိုင်ငံအကြားသဘောတူညီမှုရအောင် လုပ်ဆောင်ကြဖို့လည်း အီးယူဘက်ကတိုက်တွန်းနေ ပါတယ်။ တချိန်ထဲမှာပဲ ကိုဖီအာနန်အဖွဲ့ရဲ့အကြံပြုချက်တွေကို အကောင်အထည်ဖေါ်ဖို့၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာသာမက ဒေသတွင်းမှာပါ ရေရှေပြေလည်စေမယ့် ဖြေရှင်းမှုမျိုးရအောင်လုပ်ဆောင်ဖို့လည်းတိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုတွေရပ်တန့်ရေး။ ဒုက္ခသည်တွေထွက်ပြေးနေရတာတွေ ရပ်တန့်ရေး ကိစ္စတွေကို လုပ်ဆောင်ဖို့ ဥရောပသမဂ္ဂဘက်ကတိုက်တွန်းတဲ့အကြောင်း ကျမတို့ဆွေးနွေးခဲ့ကြပါတယ်"

မြန်မာ့ဒီမိုကရေစီအရေးအတွက် ဥရောပသမဂ္ဂကအခိုင်အမာ ဆက်ပြီးထောက်ခံနေတုန်းပဲဆိုတာကိုလည်း နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini ကပြောပါတယ်။

"ဥရောပသမဂ္ဂဟာ မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနောက်ကနေအခိုင်အမာအားပေးနေတာပါ။ ဒီမိုကရေစီ အကူးအပြောင်း ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုလည်း ကျမတို့နားလည်ပါတယ်။ မြန်မာ့ ဒီမိုက ရေစီအရေးကို အားပေးထောက်ခံဖို့ဆိုတာကလည်း ဥရောပသမဂ္ဂရဲ့ မြန်မာပြည်နဲ့ဆိုင်တဲ့ အဓိက ရည်ရွယ်ချက် တခုပါ။"

ဒုက္ခသည်တွေနေ ရပ်ပြန်ရေးလုပ်ငန်းစဉ်တွေကိုစတင်နိုင်အောင် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ၂နိုင်ငံအကြားအပြန်အလှန် သဘောတူညီချက် တခုကိုရနိုင်ရေး မြန်မြန်ဆန်ဆန်လုပ်ဆောင်နေတယ်လို့ နေပြည်တော်မှာကျင်းပနေတဲ့ASEM အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တာကြောင့် ဒီအချက်ကို EU ဥရောပသမဂ္ဂအနေနဲ့ကြိုဆို တယ်လို့လည်း မနေ့ကထုတ်ပြန်တဲ့ဥရောပသမဂ္ဂရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG