သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကျပ်အတည်း ကဏ္ဍသုံးခုခွဲဖြေရှင်းဖို့ တရုတ်အဆိုပြု


တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ (Myanmar State Counsellor Office)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ (Myanmar State Counsellor Office)

ရခိုင်ပြည်နယ်ပြဿနာကို အခန်းကဏ္ဍသုံးခုခွဲခြားပြီး ဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္ဂနွေနေ့ကပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဆိုပြု ပြောဆိုသွားပါတယ်။

ပထမအနေနဲ့ တည်ငြိမ်အေးချမ်းမှု ရရှိဖို့နဲ့ နောက်ထပ် ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပေါ်စေရေး ထိန်းသိမ်းဖို့၊ ဒုတိယက ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံဆွေးနွေးပွဲအတွက် ကောင်းမွန်တဲ့နည်းလမ်းရှာဖွေဖို့နဲ့ တတိယကတော့ နှစ်နိုင်ငံသဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုပြီး ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး ဖော်ဆောင်ဖို့ဖြစ်တယ်လို့ ဝန်ကြီး Wang Yi ကပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ၁၃ ကြိမ်မြောက်၊ အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ ASEM အစည်းအဝေးကိုတက်ရောက်ဖို့ နေပြည်တော်မှာရောက်နေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ရပ်ဝန်းနဲ့လမ်းကြောင်းစီမံကိန်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတို့နဲ့စပ်လျဉ်းပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဝန်ကြီး Wang Yi ရဲ့ အဆိုပြုချက် သုံးချက်အပေါ် အမြင်တိုက်ဆိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလဲ အဲဒီသတင်းစာ ရှင်းလင်းပွဲအတွင်း ပြန်ပြောခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးကို နိုင်ငံတကာက ပါဝင်ဆောင်ရွက်မယ့်အစား ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ညှိနှိုင်းဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အတွင်း ဝန်ကြီး Wang Yi က စနေနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီပြဿနာမှာပါဝင်ပြီး အခြေအနေကို ရှုပ်ထွေးအောင် မလုပ်သင့်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူ ဆောင်ရွက်မှု တွေဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အထောက်အကူ ဖြစ်စေရမယ်လို့ Dhaka က တရုတ်သံရုံးမှာ စနနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Wang Yi ကပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကတော့ နှစ်နိုင်ငံကြား ညှိနှိုင်းဖြေရှင်းရေး တရုတ်ရဲ့ အဆိုပြုချက်ကို လက်မခံဘဲ နိုင်ငံတကာရဲ့ဖိအားပေးမှုကိုပါ လိုလားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတဦးကို ကိုးကားပြီး Dhaka Tribune သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG