သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ရခိုင်အရေးဝင်ရောက်ညှိနှိုင်း


တရုတ်နိုင်ငံခြားရေးဝန်ကြီး သမ္မတ ဦးထင်ကျော် နှင့်တွေ့ဆုံ
တရုတ်နိုင်ငံခြားရေးဝန်ကြီး သမ္မတ ဦးထင်ကျော် နှင့်တွေ့ဆုံ

ရိုဟင်ဂျာ အရေးမှာ တရုတ်ဘက်က ပါဝင် ဖြေရှင်းလိုကြောင်း ပြောဆိုထားတဲ့ တရုတ်နိုင်ငံခြားရေး ဝမ်ယိ ဟာ ဒီကနေ့မှာတော့ မြန်မာ ခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာမှာတော့ ရခိုင်ပြည်နယ် ပဋိပက္ခ အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စကို ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနက်ဖြန် တနလာၤနေ့ နေပြည်တော်မှာ ကျင်းပမယ့် အာရှ - ဥရောပ ဝန်ကြီး အဆင့် အစည်းအဝေးကို တက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ ခရီးစဉ် မတိုင်ခင် ဘင်္ဂလားဒေရှ့်ကို နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် အရေး ဘင်္ဂလားဒေရှ့် အစိုးရနဲ့လည်း ဆွေးနွေးခဲ့တာပါ။ ဘင်္ဂလားဒေရှ့်ဘက်ကို ဒုက္ခသည်တွေ ထပ်ပြီး မထွက်အောင် တိုက်ခိုက်မှုတွေ ရပ်ဖို့၊ နောက် ဘင်္ဂလားဒေရှ့်နဲ့ ညှိဖို့ မြန်မာကို ပြောဆိုထားပြီး ဖြစ်ကြောင်း ခရီးစဉ် အတွင်းမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

"တရုတ် အပါအဝင် ဒီကိစ္စ အပေါ် စိုးရိမ်ကြသူ အားလုံးရဲ့ ပူးတွဲ ဆောင်ရွက်ချက်တွေကြောင့် တိုက်ခိုက်မှုတွေ ရပ်စဲသွားပြီး တင်းမာမှုတွေ လျော့သွားတာကို တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုတွေ ကျင်းပခဲ့ပြီး ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ သဘောတူညီချက် တခု ရမယ်လို့ ခန့်မှန်းထားပါကြောင်းနဲ့ ဒီတိုးတက်မှုကို တရုတ် အနေနဲ့ ဝမ်းသာ ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ပြောဆိုခဲ့တာပါ။"

ဒုက္ခသည် သိန်းနဲ့ချီ လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို တရုတ်ဘက်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးအပ်မယ့် အကြောင်းနဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေး ဘင်္ဂလားဒေရှ့်ရဲ့ တုံ့ပြန် ကိုင်တွယ်မှုကို ချီးကျူးတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာ ပြသနာကို ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံ ဆွေးနွေး အဖြေရှာရေးကို တရုတ်က အားပေး ထောက်ခံထားပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံ အကျေအလည် ဆွေးနွေးနိုင်မယ့် အခြေအနေမျိုးကို ကူညီ ဖန်တီးပေးဖို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG