သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး တရုတ်နိုင်ငံ စိတ်ဝင်စား


၂၀၁၆ဧပြီလတုန်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီးWang Yi ၊ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံတို့နှင့် တွေ့ဆုံစဉ်
၂၀၁၆ဧပြီလတုန်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီးWang Yi ၊ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံတို့နှင့် တွေ့ဆုံစဉ်

တရုတ်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကို နောက်သတင်းပတ် အတွင်း သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနက ကြေညာပါတယ်။ ရခိုင်ပြည်နယ်တွင်းက မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခရီးစဉ် အတွင်း နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွင်းမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေ ရှိနေတာကြောင့် ရခိုင်ပဋိပက္ခမှာ တရုတ်ဘက်က ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်လာမယ်လိ့ုလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။

မြန်မာနိုင်ငံ မြို့တော် နေပြည်တော်မှာ နိုဝင်ဘာလ ၂၀ နဲ့ ၂၁ ရက်တို့မှာ ကျင်းပမယ့် အာရှ ဥရောပ စည်းဝေးပွဲကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တက်ရောက်မယ်ဆိုတာကို တရုတ်နိုင်ငံခြားရေး ဌာနက ဒီကနေ့ ကြေညာပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်မယ့် ခရီးစဉ် အတွင်းမှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက နိုင်ငံတကာနဲ့ ဒေသတွင်း အခြေအနေတွေ၊ နောက် အာရှ - ဥရောပ ပူးပေါင်းဆောင်ရွက်ရေး၊ နောက် ပဋိပက္ခဒေသတွေမှာ တရုတ်ရဲ့ ပါဝင်ဆောင်ရွက်မှုတွေကို ဆွေးနွေးမယ်လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်က ပြောပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက နေပြည်တော်မှာ အစည်းအဝေး မတက်ခင် နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တို့မှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ တာဝန်ရှိသူတွေနဲ့ သွားရောက် ဆွေးနွေးမှာပါ။

ဒီခရီးစဉ် အတွင်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရသူ မူဆလင် ၆ သိန်းကျော် အရေးလည်း ပါလိမ့်မယ်လို့ တရုတ် အခြေစိုက် မြန်မာ့ အရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက အခုလို ပြောပါတယ်။

“တရုတ်ရဲ့ ပိုးလမ်းမက မြန်မာပြည်လဲ ဖြတ်မယ် ဘင်္ဂလားဒေ့ရှ်လည်းဖြတ်မယ်။ ဒီပိုးလမ်းမ အောင်မြင်ရေးက သူတို့အတွက် သိပ်အရေးကြီးတာ။ ဒါကြောင့်မို့လို့ ဒီဥစ္စာအောင်မြင်ရေးဟာ ဥပမာအားဖြင့် မြန်မာပြည်ရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ် ၊ အိန္ဒိယရယ် ဒီလိုဆက်မည့် corridor ကြီးအောင်မြင်ဖို့က သူတို့အတွက် သိပ်အရေးကြီးတယ် အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံတွေမှာ ဒီ hot sport တွေက ရပ်ကိုရပ်ရမယ်လေ။ အေးကို အေးချမ်းသွားရမယ်။ ဒါကြောင့်မို့လို့ အခုနားထောင်ကြည့် ဒီငြိမ်းချမ်းရေးကိစ္စလည်း တရုတ်က တော်တော်ကို ထဲထဲဝင်ဝင် ဝင်ပါနေတယ်။ ဒီရခိုင်အရေးလည်း တရုတ်က ဝင်ပါနေတယ်။ မုတ်ချ သူဝင်ပါပါလိမ့်မယ်။”

ပဋိပက္ခ ဖြစ်ရာ ရခိုင်ဒေသတွင်းမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ထုနဲ့ ထည်နဲ့ ရှိနေပြီး ဒီအချက်ကြောင့်ဘဲ ရခိုင်ဒေသ တည်ငြိမ်ရေး အေးချမ်းရေးကို တရုတ်ဘက်က ထဲထဲဝင်ဝင် ဝင်ပါရတဲ့ အကြောင်းရင်း တခုဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားပါတီ အကြီးအကဲ ဒေါက်တာ အေးမောင်က ဆိုပါတယ်။

“Belt and Road initiative ဆိုတာကို ကမ္ဘာတခုလုံးကို ဖြန့်ပြီးလုပ်လာတဲ့အခါမှာ ကျောက်ဖြူရေနက်ဆိပ်ကိမ်းသည် အဓိက အခရာကျလာတယ် အဲဒီအခါမှာ တရုတ်ရဲ့ အိန္ဒိယ သမုဒ္ဒရာ တည်ငြိမ်မှုဆိုတဲ့ ကဏ္ဍဟာ အရေးကြီးတဲ့အခါမှာ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်း အနောက်ပိုင်းပေါ့နော် Northern Parts မှာရှိတဲ့ မောင်တော၊ ဘူးသီးတောင်ဒေသမှာ မတည်ငြိမ်မှုတွေ အိန္ဒိယ သမုဒ္ဒရာနဲ့ တရုတ်ရဲ့ စီးပွားရေး Belt and Road initiative လုပ်တဲ့ ကဏ္ဍမှာ သွားပြီးတော့ ဒုက္ခပေးနိုင်တယ်ဆိုတာ တရုတ်ဘက်က တော်တော်လေး သိပါတယ်။”

ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော် ကိစ္စဟာ လူသားဆိုင်ရာ ကပ်ဘေးကြီး အဖြစ် ကုလသမဂ္ဂက ပြောဆိုထားပြီး ရိုဟင်ဂျာ အရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးမှုတွေမှာလည်း တရုတ်ဘက်က မြန်မာ အစိုးရဘက်က အပြတ် ရပ်တည်နေတာ ဖြစ်ပါတယ်။ အခု ရခိုင်ပြည်နယ်တွင်းက မူဆလင် ၆ သိန်းကျော် ထွက်ပြေးရတဲ့ ကိစ္စမှာတော့ တရုတ်ဘက်က ဝင်ရောက် ဆောင်ရွက်တဲ့ နေရာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောဆိုမယ်လို့ မယူဆတဲ့ အကြောင်း ဒေါက်တာ လှကျော်ဇောက အခုလို ပြောပါတယ်။

“အခုသူက မြန်မာပြည်ကိုပဲဖြစ်ဖြစ်၊ ဘင်္ဂလားဒေရှ့်ကိုပဲ ဖြစ်ဖြစ် ဒီ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး သူကူညီမှာဟာ လူသားချင်းစာနာထောက်ထားတဲ့ သဘောနဲ့ပဲ သူကူညီမှာ။ လူ့အခွင့်အရေးတွေဘာတွေ ဘာမှ သိပ်ပြောမှာမဟုတ်ဘူး။”

ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးရတဲ့ ကိစ္စဟာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က အင်အားအလွန်အကျွံသုံးခဲ့တာကြောင့်လို့ စွပ်စွဲထားပြီး မြန်မာ စစ်တပ် အကြီးအကဲတွေကို အရေးယူဒဏ်ခတ်ထားတဲ့ ဥရောပ ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဌ Fedrica Mogherini လည်း နေပြည်တော်မှာ ကျင်းပမယ့် အာရှ ဥရောပ ညီလာခံကို တက်ရောက်ဖို့ ရှိနေပြီး ဒီမတိုင်ခင်မှာ ဘင်္ဂလားဒေရှ့်ကို အရင် ဝင်ရောက်မှာ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်း ဘင်္ဂလားဒေရှ့် ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို သွားရောက်မှာ ဖြစ်ပြီး ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့လည်း တွေ့ဆုံမှာပါ။ ဘင်္ဂလားဒေရှ့် - မြန်မာ ခရီးစဉ် အတွင်းမှာတော့ ရခိုင်မြောက်ပိုင်းဒေသ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့လည်း ဥရောပ ကော်မရှင်က ကြေညာထားပါတယ်။

ရခိုင်အရေး တရုတ်နိုင်ငံ စိတ်ဝင်စား
please wait

No media source currently available

0:00 0:03:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG