သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ ဖိအားပေး


ရိုဟင်ဂျာဒုက္ခသည် ကလေးများ
ရိုဟင်ဂျာဒုက္ခသည် ကလေးများ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူစလင်အပေါ် လူမျိုးတုံးသတ်ဖြတ်ရာ ရောက်တဲ့အထိ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လုပ်ဆောင် နေတယ်လို့ ဆိုပြီး မြန်မာအစိုးရအနေနဲ့ ဒီအခြေအနေတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း လိုက်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း ဒီအခြေအနေ ရပ်တန့်အောင် မြန်မာအစိုးရအပေါ် ပြင်းထန်တဲ့ဖိအားတွေ တစုတစည်းတည်း ပေးသွားဖို့ တိုက်တွန်းထားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံတင်ပြပေးပါမယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ ဖြစ်ကြတဲ့ Fortify Rights နဲ့ အမေရိကန်ပြည်ထောင်စု Holocaust Memorial ပြတိုက် တို့ ပူးပေါင်းပြီး ရိုဟင်ဂျာ မူစလင် ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစောင် ဒီကနေ့ ထုတ်ပြန်ရာမှာ - ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရာ ရောက်တဲ့အထိ ဆိုးရွားတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Amy Smith က ခုလို ရှင်းပြပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ရက်စက်ကြမ်းကြုတ်မှု အခြေအနေတွေနဲ့ပတ်သက်လို့ တနှစ်ကြာ လေ့လာ တွေ့ရှိချက်တွေကို ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။ လူတွေကို အစုလိုက် သတ်ဖြတ်ခံရတာ၊ အမျိုးသမီးတွေဆိုရင်လည်း အုပ်စုလိုက် မတရားပြုကျင့်ခံရတာတွေ၊ ကျေးရွာတွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာကို ကျမတို့ တွေ့ရှိရပါတယ်။ ဒါတွေက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက တကြိမ်နဲ့ အခုနောက်ထပ် ဒီနှစ် သြဂုတ်လမှာ တကြိမ် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို သုတေသန လုပ်ထားတာပါ။ ကျမတို့ရဲ့ တွေ့ရှိချက်တွေအရ လူမျိုးတုံးသတ်ဖြတ်ရာ ရောက်တဲ့အထိ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။”

အလားတူပဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့ကလည်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ရိုဟင်ဂျာတွေ အပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားဖို့ လုပ်ဆောင်နေတဲ့ အထောက်အထားတွေ တွေ့ရပြီး ဒီအထဲမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်တာကို နည်းလမ်းတခုအဖြစ်နဲ့ စနစ်တကျ ကျူးလွန်နေတာ တွေ့ရတယ်လို့ Human Rights Watch အဖွဲ့က သုတေသီ Sky Wheeler ကပြောပါတယ်။

“လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားဖို့ ကြိုးစားတဲ့နေရာမှာ သုံးတဲ့ နည်းလမ်းတခုကတော့ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်တာပဲ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ အမျိုးသမီး၊ မိန်းခလေးငယ်တွေနဲ့ လူမှုအသိုင်းအဝိုင်း တခုလုံးကို ထိတ်လန့်တုန်လှုပ်သွားအောင်၊ ကိုယ့်အိမ်ကို မပြန်ရဲလောက်အောင် သူတို့စိတ်ထဲ အာရုံထဲမှာ မေ့ပျောက်မရနိုင်တဲ့ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ခံစားရအောင် လုပ်တာပါ။”

ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က စနစ်တကျ ကျူးလွန်ခဲ့တဲ့ သက်သေ အထောက်အထားတွေ အများအပြား ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုနေတာပါ။ ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်ကတော့ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့သာ အခြေအနေမှန်ကို အတိအကျ ပြောနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ သွားရတဲ့ အချိန်ကာလလည်း တိုတယ် ၊ ဟုတ်၏ မဟုတ်၏ ဆိုပြီးတော့လုပ်နိုင်တဲ့ Mechanism ယန္တယားကလည်း ကျနော်တို့မှာ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ဒါကို ကျနော်တို့က ဟုတ်၏ မဟုတ်၏ ဆိုပြီးတော့ ယတိပြတ် ပြောဖို့အတွက် အင်မတန်ကို ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကော်မရှိင်ထဲမှာ ဘာအကြံပြုထားသလဲဆိုတော့ ယုံကြည်စိတ်ချရတဲ့ ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှု တခုတော့ လိုအပ်ပါတယ် လို့ပြောပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံခြားက လာရမယ်လို့၊ ပြည်တွင်းကလာရမယ်လို့ ကျနော်တို့မပြောဘူး။ စုံစမ်းစစ်ဆေးမှု တရပ်လိုအပ်တယ်ဆိုတာကို ကျနော်တို့ ကော်မရှင်မှာ ဖော်ပြထားပါတယ်။ အဲဒီအတိုင်းပဲ ကျနော်ထပ်ပြီးတော့ ပြောချင်ပါတယ်။”

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရခိုင်ပြည်နယ်တွင်း ရက်စက်ကြမ်းကြုတ်မှု အခြေအနေတွေ အဆုံးသတ်အောင် မြန်မာအစိုးရ အနေနဲ့ တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပြီး တချိန်တည်းမှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း ဒီအခြေအနေ ရပ်တန့်အောင် မြန်မာအစိုးရအပေါ် ပြင်းထန်တဲ့ဖိအားတွေ တစုတစည်းတည်း ပေးသွားရလိမ့်မယ်လို့ ပြောပါတယ်။ Amy Smith က ခုလို ပြောပါတယ်။

“ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စကားလုံးတွေနဲ့ ဝေဖန်နေရုံနဲ့မပြီးဘဲ၊ ဒီချိုးဖောက်မှုတွေ ရပ်တန့်အောင် နည်းလမ်းရှာဖွေပြီးတော့ လက်တွေ့ကျကျ ဖိအားပေး လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson မြန်မာနိုင်ငံကို သွားရောက်ခဲ့သလို၊ အဓိကကျတဲ့ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီးတော့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေ ရပ်တန့်အောင်၊ တာဝန်ခံမှုရှိအောင် ဖိအားပေး ပြောဆိုခွင့် ရခဲ့ပါတယ်။ ဒီအခြေအနေတွေ ချက်ချင်း ရပ်တန့်ဖို့ လိုအပ်တယ်ဆိုတာကို သူ့အနေနဲ့ အမေရိကန်အစိုးရကိုရော၊ တခြား ကမ္ဘာတဝှမ်းက အစိုးရတွေကိုပါ တိုက်တွန်း ပြောဆိုနိုင်ဖို့ မျှော်လင့်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု အခြေအနေတွေနဲ့ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ အထိ အခြေအနေတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှု အရာရောက်တာကြောင့် အဓိက တာဝန်ရှိသူတွေအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့နဲ့ မြန်မာနိုင်ငံအပေါ် လက်နက် တင်ပို့ရောင်းချမှုတွေ ပိတ်ပင်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာ အစိုးရတွေကို တိုက်တွန်းထားပါတယ်။ လက်ရှိ အခြေအနေကို ပြစ်မှုဆိုင်ရာ နိုင်ငံတကာ ခုံရုံးတင်နိုင်တဲ့အထိ ကြိုးပမ်းသွားဖို့လည်း သူတို့က တိုက်တွန်းပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG