သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဒေါ်စုမှာတာဝန်ရှိဟု ကန်နိုင်ငံခြားရေးအရာရှိ ပြောဆို


ရိုဟင်ဂျာဒုက္ခသည်များ
ရိုဟင်ဂျာဒုက္ခသည်များ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတာတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့ တိုင်းပြည်ခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်လို့ အမေရိကန်အစိုးရ ထိပ်တန်း သံတမန်တဦးက ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းမှာ နှစ်ဘက် လူမှုအသိုင်းအဝိုင်းကြားက မုန်းတီးမှုတွေ လျော့နည်းပြီး ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့လည်း အမေရိကန် ပြည်ထောင်စု၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw က Britain အခြေစိုက် Sky News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ပြောသွားတာပါ။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်လို့ ခိုင်မာ အားကောင်းတဲ့ လုပ်ဆောင်မှုတွေ ချမှတ်ပြီး ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်သလို၊ ဒီလိုလုပ်ဆောင်ဖို့အတွက် နိုင်ငံ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန် အပြည့်ရှိတယ်လို့ အမေရိကန် ပြည်ထောင်စု၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw က ပြောဆိုလိုက်တာပါ။

"တိုင်းပြည်ရဲ့ ဒီမိုကရေစီခေါင်းဆောင် တယောက်အနေနဲ့ အခုပြဿနာကို အဖြေရှာပြီး၊ ရှေ့ဆက် ကိုင်တွယ်သွားဖို့က သူ့ရဲ့ တာဝန်ပါ။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ - နေရပ်က ထွက်ခွာသွားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ဆန္ဒနဲ့သူတို့ နေရပ်ပြန်နိုင်အောင် လုပ်ပေးရပါမယ်။ မြန်မာအစိုးရအနေနဲ့ ခိုင်မာထိရောက်တဲ့ ဆောင်ရွက်မှုမျိုး ရှိရပါမယ်။ ဒီအထဲမှာ ဒုက္ခသည်တွေ ကိုယ့်အိမ်ကိုယ် ဘေးကင်းလုံခြုံစွာနဲ့ ပြန်သွားနိုင်မယ့် ဝန်းကျင်တခုဖြစ်အောင် လုပ်ဆောင်တာ၊ အာနန် ကော်မတီရဲ့ အကြံပြုချက်တွေကို အခြေခံပြီး နိုင်ငံရေးအရ သင့်မြတ်အောင် ဆောင်ရွက်တာတွေ လုပ်ရပါလိမ့်မယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန် ပြန်လည် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးခဲ့ရတယ်လို့ ဆိုပြီး အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေတာပါ။ မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အနေနဲ့လည်း ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရအရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ဖိအားပေး ပြောဆိုတာတွေ လုပ်သွားမှာဖြစ်တယ်လို့လည်း မစ္စတာ Henshaw က ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ သီးခြား ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်ဖို့ စဉ်းစားနေသလား။ လက်ရှိအခြေအနေက အဲဒီလို ချမှတ်ဖို့ ပိုပြီး နီးစပ်လာစေပါသလား ဆိုတဲ့ အမေးကိုတော့ မစ္စတာ Henshaw က ခုလို ဖြေပါတယ်။

"သြဂုတ်လ ၂၅ ရက်နေ့ကစလို့ ဒေါ်လာ သန်း ၄၀ နီးပါး အကူအညီတွေ ပေးသွားဖို့ ကျနော်တို့ အခိုင်အမာ ပြောထားတာရှိပါတယ်။ လာမယ့် သီတင်းပတ်တွေအတွင်းမှာလည်း ထပ်ပြီး ပေးသွားဖို့ ရှိပါတယ်။ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို ပုံစံအမျိုးမျိုးနဲ့ ချမှတ်နိုင်တာတွေ ရှိပါတယ်။ လုပ်သင့်မသင့် ဆိုတာ ပြန်လည်သုံးသပ်မှုတွေကိုတော့ လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း ဆက်လုပ်သွားပါမယ်။”

ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်ချက်တွေကိုလည်း ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Henshaw က ခုလို ပြောသွားပါတယ်။

"နှစ်ဘက်ကြားမှာ ရှိနေတဲ့ မုန်းတီးမှုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် မလိုလားမှုတွေက ကြောက်စရာ ကောင်းလှပါတယ်။အဲဒီပြည်နယ်ကိုသွားတဲ့ ကျနော်တို့ရဲ့ ခရီးစဉ်အတွင်းတွေ့ရတာပါ။ ဒါကြောင့်လဲ နိုင်ငံရေးအရ ပြန်လည် သင့်မြတ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ လူတွေကို နေရာ ပြန်ချထားပေးလိုက်ပြီးရင် အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ အဲဒီလိုသာဆိုရင် နောက်အနည်းငယ်အတွင်းမှာ အလားတူ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် နှစ်ဘက်အကြား နိုင်ငံရေးအရ ပြေလည်အောင်၊ အဲဒီပြည်နယ်…. အဲဒီနိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို အာမခံပေးနိုင်တဲ့ အခြေအနေရှိအောင် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။”

အမေရိကန်ပြည်ထောင်စု၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw ဟာ ရိုဟင်ဂျာ ဒုက္ခသည်အရေး ကူညီဖြေရှင်းဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတစိတ်တပိုင်းအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ကနေ နိုဝင်ဘာလ ၄ ရက်နေ့ထိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားရောက်ခဲ့ပြီးတော့ နှစ်နိုင်ငံစလုံးက အဆင့်မြင့် အစိုးရ အရာရှိတွေ၊ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာအပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုပါ ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG