သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ် သုံးသပ်ချက်


တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ (Myanmar State Counsellor Office)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ (Myanmar State Counsellor Office)

ရခိုင်အရေး နိုင်ငံတကာဖိအားတွေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်လာတဲ့အပေါ် တရုတ်-မြန်မာနှစ်နိုင်ငံကြား ခိုင်မာတဲ့ရင်းနှီးမှုနဲ့ တရုတ်ရပ်တည်မှုကို ပိုပြသတဲ့သဘောဖြစ်သလို ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေအတွက် တရုတ်အစိုးရဘက်က ပိုချဉ်းကပ်လာတဲ့သဘောလို့လည်း တရုတ်-မြန်မာအရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ်အပေါ် သုံးသပ်ချက်အမြင်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံမှုမှာတော့ အဓိက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး၊ ရပ်ဝန်းနဲ့ ပိုးလမ်းမ လမ်းကြောင်း စီမံကိန်း၊ မြန်မာနိုင်ငံဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နောက် ရခိုင်ပြည်နယ်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာပြည်ခရီးစဉ်မတိုင်ခင်မှာတော့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီးတော့ မြန်မာနိုင်ငံ ရခိုင်ဘက်ကနေ ဘင်္ဂလားနယ်စပ်ဘက် တိမ်းရှောင်လာတဲ့ မူဆလင်ဒုက္ခသည်တွေအရေး နှစ်နိုင်ငံ ဆွေးနွေးခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချမှုတွေနဲ့ အရေးယူဒဏ်ခတ်မှုတွေ ပြုလိုတဲ့ ဖိအားတွေရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးရောက်လာတဲ့အပေါ် တရုတ်အစိုးရရဲ့ အိမ်နီးချင်းအပေါ် ခိုင်မာတဲ့ သံတမန်ရေးရပ်တည်မှုတွေနဲ့ ဒေသတွင်း တည်ငြိမ်အောင် ဝိုင်းဝန်းဆောင်ရွက်မှု ကို ပြသရာရောက်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေး လေ့လာအကဲခတ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“တရုတ်ရဲ့ အခုလောလောဆည် နိုင်ငံတကာ Diplomacy ပေါ့ဗျာ နိုင်ငံတကာရေးရာ သူတို့ ပေါ်လစီကတော့ လက်ဦးမှု ရှိရှိနဲ့ ခပ်သွက်သွက်လုပ်လာတာပဲ အဲဒီတော့ မြန်မာပြည်အရေးက မြန်မာပြည် ငြိမ်းချမ်းရေး ရကို ရရမယ်လို့ သူတို့က တွက်ထားတယ်လေ။ မြန်မာပြည်မငြိမ်းချမ်းရင်တော့ ကျဆုံးနိုင်ငံကြီးဖြစ်မယ်လို့ သူတို့ ပြောထားတာ ရှိတယ်။ နောက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကျမသတိထားမိတာ ဒေါ်အောင်ဆန်းစုကြည်တို့ NLD နိုင်နိုင်ချင်းကို မြန်မာပြည်ကိုသွားပြီး ပထမဦးဆုံးတွေ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ပဲ။ သဘောကတော့ NLD အစိုးရကိုထောက်ခံမယ်ဆိုတဲ့ သဘောကို အစောကြီးပြထားတဲ့လူတွေဖြစ်တယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးနေပုံရတယ်။ အဲဒီတော့ ဒါကို ဆက်လက်ပြီးတော့ အခု ဘင်္ဂလားဒေ့ရှ်အရေးက တော်တော်ကို အရေးကြီးနေတာဖြစ်တာကို နိုင်ငံတကာ ဖိအားနဲ့ ဘာနဲ့ အဲဒါကို ခံနိုင်ဖို့အတွက် သူသွားကူညီတယ်လို့ ထင်ရပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေ အကောင်အထည်ဖော် နေချိန်ဖြစ်တဲ့အတွက် နယ်မြေတွင်း တည်ငြိမ်မှုရှိအောင်နဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်လည်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးကြတာဖြစ်တယ်လို့လည်း ဒေါက်တာလှကျော်ဇောက ရှု့မြင်ပါတယ်။

“သူတို့ပြောတဲ့အထဲမှာလည်း ရခိုင်အရေးကို သူတို့ ကူညီပြီး ဖြေရှင်းပါမယ်လို့ ပြောတယ်။ နောက်တချက်ကလည်း ရခိုင်မှာက သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေက အများကြီးလေ။ ရှေ့လုပ်မယ့်ဟာလည်းရှိတယ်။ ရေနံ ပိုက်လိုင်းနဲ့ Gas ပိုက်လိုင်း အပြင် မီးရထားလမ်းတို့ ကားလမ်းတို့ ဖောက်ဖို့ အစီအစဉ်တွေပါ ရှိတယ်။ အဲဒီတော့ အဲဒီဟာတွေအတွက်ပါ တခါတည်းဆွေးနွေးတယ်ထင်တယ်။ နောက်တခုက ခုနကပြောတဲ့ ရပ်ဝန်းပေါ့နော် ပိုးလမ်းမက ရေလမ်းမရော ၊ ကုန်းလမ်းမရော မြန်မာပြည်ကို မုတ်ချ ဖြတ်မှာ။ အဲဒါကြောင့်မို့လို့ မြန်မာပြည်ကို ပိုပြီးတော့ ထဲထဲဝင်ဝင် လှုပ်ရှားနေပုံရတယ်။”

အဓိကကတော့ မြန်မာနိုင်ငံဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ တရုတ်-မြန်မာနှစ်နိုင်ငံကြား ပြီးပြတ်မှုမရှိသေးတဲ့ မြစ်ဆုံလိုစီမံကိန်းတွေအတွက်လည်း နှစ်နိုင်ငံကြား ထိပ်ပိုင်းခေါင်းဆောင်တွေ ပိုပြီးတော့ ဆွေးနွေးမှုတွေ လုပ်လာတာဖြစ်တယ်လို့လည်း မြန်မာ့အရေးလေ့လာသုံးသပ်နေတဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကလည်း သုံးသပ်ပါတယ်။

“တရုတ်-မြန်မာဆက်ဆံရေးကတော့ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေ အရေးကိစ္စတွေကို တရုတ်က ကူညီမှ သာလျှင် ထိထိရောက်ရောက် ငြိမ်းချမ်းရေးရနိုင်မယ်ဆိုတဲ့ ထင်မြင်ချက်ရယ် အခုနောက်ဆုံး ရခိုင်မှာ ဖြစ်တဲ့ကိစ္စ ကုလသမဂ္ဂမှာ တရုတ်ရပ်တည်ချက်ရယ်။ ဒါတွေကို ထောက်လိုက်တဲ့အခါကျတော့ သူတို့ ကူညီသင့်တာကိုလည်း ထိထိရောက်ရောက် စိတ်ပါလက်ပါ ကူညီသလို တဖက်ကလည်း သူတို့ လိုချင်တဲ့ဟာပေါ့နော် ဒီကျနော်တို့ အဝေးပြေး ကားလမ်းမ ၊ ရထားလမ်းမ ဖောက်မယ်။ နောက်ပြီးတော့ ရခိုင်ကနေ ထွက်ပေါက်ရှာမယ်။ နောက်တခါ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ထွက်ပေါက်တခု အဖြေတခု ရှာမယ် စသဖြင့်ပေါ့ဗျာ ။ ဒီအချိန်မှာ သူကတော့ ပြောဖို့ ဆိုဖို့ အခွင့်ကောင်းလု့ိ ယူဆမှာပဲလေ။ အဲဒါကြောင့်မို့လို့ သူတို့လာတယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီးတဲ့အခါကျရင် ရင်းနှီးမြှပ်နှံမှုတွေက ပြည်သူလူထုရဲ့ နေထိုင်မှုဘဝတွေကို သက်ရောက်မယ့် မြုပ်နှံမှုတွေ လာမယ်လို့ထင်တယ်။”

ဒီကနေ့တွေ့ဆုံတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ အစည်းအဝေးအပြီးမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွေဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း၊ အမျိုးသားဇာတ်ရုံ (ရန်ကုန်) နဲ့ အမျိုးသား အားကစားရုံ(၁) ပြုပြင်မွမ်းမံမည့်စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူညီချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရှေ့မှာ ဖလှယ်ခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်နိုင်ငံခြားဝန်ကြီးတို့ သတင်းစာရှင်းလင်းပွဲ ပူးတွဲကျင်းပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG