သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေး ASEM မှာ ဂျပန်ဖိအားပေးမည်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေးကိစ္စကို ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စတင်ကျင်းပဖို့ရှိတဲ့ ASEM အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံကို ဖိအားပေး ပြောဆိုသွားမယ် လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono က ပြောလိုက်ပါတယ်။

ဝန်ကြီး Kono ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက Kutopalong ဒုက္ခသည်စခန်းတွေကို သွားရောက်အပြီး တနင်္ဂနွေ နေ့က အဲဒီလိုပြောလိုက်တာပါ။ ASEM အစည်းအဝေးမတိုင်ခင် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကို သွားခဲ့တဲ့ထဲမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးအပြင် ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Federica Mogherini၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel၊ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Margot Wallström နဲ့ အမေရိကန် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တဖွဲ့လဲ ပါပါ တယ်။ Federica Mogherini အပါအဝင် ဂျပန်၊ ဂျာမနီနဲ့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ နိုဝင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက် နေပြည်တော်မှာကျင်းပမယ့် ASEM အစည်းအဝေးကို တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဖိနှိပ် တိုက်ခိုက် သတ်ဖြတ်တဲ့ဒဏ်ကို ခံခဲ့ကြရသူတွေ ဖြစ်တယ်ဆိုတာ ကျနော်တို့သိခဲ့ရတယ်လို့ ဝန်ကြီး Kono ကပြောပါတယ်။

ဒုက္ခသည်စခန်းကနေပြန်လာပြီးတဲ့နောက် ဝန်ကြီး Kono ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmud Ali နဲ့ Dhaka မြို့တော်မှာတွေ့ဆုံပြီး ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ လူသားစာနာမှုအကူအညီ ဒေါ်လာ ၁၈.၆ သန်း ပေးမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

အစွန်းရောက်ဝါဒီအုပ်စုတွေဟာ သူတို့အတွက် အဖွဲ့ဝင်သစ်တွေကိုစုဆောင်းဖို့ ဒုက္ခသည်စခန်းတွေကို စပြီး ဝင်ရောက် စည်းရုံးနေ ပြီဆိုတဲ့ စိုးရိမ်ချက်တွေ ရှိလာနေပြီလို့ သံတမန်သတင်းရပ်ကွက်တခုကို ကိုးကားပြီး ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG