သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEM အစည်းအဝေး ရခိုင်အရေးထည့်သွင်းဆွေးနွေး


၁၃ ကြိမ်မြောက် ASEM အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီကနေ့စတင် ကျင်းပပါတယ်။ ကမ္ဘာတဝန်း ပဋိပက္ခတွေ မတည်ငြိမ်မှုတွေရှိနေချိန်မှာ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးဟာအရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ EU သံတမန်တွေကို ဦးဆောင်တဲ့ EU အကြီးအကဲကလည်း ဒီကနေ့အချိန်မှာ အာရှနဲ့ဥရောပကြား ပူးပေါင်းဆောင်ရွက်ရေးဟာ ပိုပြီးအရေးကြီးတယ်လို့ မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။ အာရှနဲ့ဥရောပကြား ဘုံကိစ္စတွေအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကို ASEM နိုင်ငံခြားရေးဝန်ကြီးတွေကြား အဓိကထား ဆွေးနွေးနေကြတဲ့အကြောင်း ဆွေးနွေးပွဲမှာ ကိုယ်တိုင်သတင်းယူနေတဲ့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အခုကျင်းပနေတဲ့ ASEM နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲက ရှေ့နှစ် Belgium နိုင်ငံမှာကျင်းပမယ့် ASEM ထိပ်သီးစည်းဝေးပွဲအကြို နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ အာရုံစိုက်စရာဖြစ်နေတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စ၊ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်သွားတဲ့ သိန်းနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေအရေးကိစ္စကိုလည်း အလေးထားဆွေးနွေးကြမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဥရောပသမဂ္ဂဖက်က ဦးဆောင်ဆွေးနွေးတဲ့ EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒရေးရာ အကြီးအကဲလည်းဖြစ် ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ Federica Mogherini က ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ပါတယ်။

အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ မစတင်ခင်မှာ ရခိုင်ကိစ္စ အလွတ်သဘောဆွေးနွေးခဲ့တာနဲ့ပါတ်သက်လို့ EU အကြီးအကဲ Federica Mogherini ကခုလို သတင်းထောက်တွေကို ပြောပြပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ကိစ္စကို ဒီနေ့မနက် အလွတ်သဘောဆွေးနွေးဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲက ကျွန်မအတွက် သိပ်ကို အားတက်စရာဖြစ်ပါတယ်။ မနေ့ကပဲ ဘင်္ဂလားဒေရှ့်နိုင်ငံကို ကျွန်မသွားပြီး ဝန်ကြီးချုပ်နဲ့ဆွေးနွေးခဲ့ပါတယ်။ ဒုက္ခသည်တွေ မြန်မာနိုင်ငံဖက် လုံခြုံစွာပြန်လာနိုင်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံကြား နားလည်မှုစာချွန်လွှာမှာ လက်မှတ်ထိုးနိုင်မယ့် အလားအလာရှိနေပါတယ်။ ဒါဟာ Kofi Annan အစီခံစာပါအကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့ ပထမရေးကြီးတဲ့ ခြေလှမ်းဖြစ်ပါလိမ့်မယ်။ ဒီကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့် ၂ နိုင်ငံ အပြန်အလှန် ဆွေးနွေးကြဖို့ ကျွန်မတို့တိုက်တွန်းပါတယ်။ EU နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အားပေးထောက်ခံမယ်ဆိုတာ သေချာပါတယ်။ အကြမ်းဖက်မှုတွေ ရပ်တံ့ရေး။ ဒုက္ခသည်တွေ ထွက်သွားနေတာ ရပ်သွားရေး။ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာတဲ့အကူအညီတွေ အပြည့်အဝ ပို့ပေးနိုင်ရေး ဒုက္ခသည်တွေ လုံခြုံဘေးကင်းစွာပြန်လာနိုင်ရေးတွေကို လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ ဒီနေ့မနက် ကနဦးဆွေးနွေးမှုအပေါ် ကျွန်မအားရပါတယ်။ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲတွေအပေါ် ခိုင်ခိုင်မာမာအားပေးနေပါတယ်။ ဆက်လက်လုပ်နေတဲ့ အပြောင်းအလဲတွေဟာ ဘယ်လောက် သိမ်မွေ့တယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ခိုင်မာတဲ့ အပြောင်းအလဲတွေဖြစ်ရေး ပံ့ပိုးထောက်ခံဖို့ဟာ ကျွန်မတို့ရဲ့ ပထမဦးစားပေးလုပ်ဆောင်မှု တခုဖြစ်ပါတယ်။ တချိန်ထဲမှာ Kofi Annan အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်။ အကောင်အထည်ဖော်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဖက်က လိုလိုလားလားရှိတဲ့အပေါ် အားရပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ တတ်နိုင်သမ ျှ ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။”

ဒီကနေ့ နေပြည်တော်မှာ စတင်တဲ့ ASEM နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားတာမှာလည်း ကမ္ဘာကြီးမှာ ပဋိပက္ခတွေနဲ့ပြည့်နေတဲ့အကြောင်းကိုအလေးပေးပြောကြားသွားပါတယ်။

“ကျွန်မတို့ ဒီကနေ့ ကမ္ဘာမှာ မတည်ငြိမ် မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာတဝန်းဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ခြိမ်းခြောက်မှုတွေ။ အရေးပေါ်ကိစ္စတွေ ဖြစ်လာပါတယ်။ တရားမဝင်နိုင်ငံပြောင်းရွှေ့မှုတွေ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေပျံ့နှံ့နေတယ်။ လူမှုအသိုင်းအဝိုင်းတွေကြား သဘောထား ကွဲမှုတွေရှိနေတဲ့အပြင် Nuclear ခြိမ်းခြောက်မှု အန္တရာယ်တောင်ရှိနေပါတယ်။ ပဋိပက္ခတွေက လူမှုအသိုင်းအဝိုင်းတွေရဲ့ ငြိမ်းချမ်းမှုကို ပျက်ပြားစေပြီး။ ဖံ့ွဖြိုးတိုးတက်မှုတွေနောက်ကျစေတဲ့အပြင်။ ဆင်းရဲမွဲတေမှုကို ဖြစ်စေပါတယ်။ လူတယောက်နဲ့တယောက်။ နိုင်ငံတခုနဲ့တခုကိုတောင် ဝေးကွာသွားစေပါတယ်။”

မြန်မာနိုင်ငံလို ပဋိပက္ခတွေရှိနေတဲ့ နိုင်ငံမျိုးမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နေရတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ASEM နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ မိန့်ခွန်းထဲမှာ ပြောပါတယ်။

“ပဋိပက္ခတွေ၊မတည်ငြိမ်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အရိပ်မည်းကြီးရှိနေပါတယ်။ ငြိမ်းချမ်းမှု မရှိဘဲ ရေရှည်ခိုင်မာတဲ့ တိုးတက်မှုနဲ့သာယာဝပြောမှုတို့ မရရှိနိုင်ပါဘုူး။”

EU အကြီးအကဲ Federica Mogherini ရဲ့မိန့်ခွန်းမှာလည်း ကမ္ဘာကြီးမှာ စိန်ခေါ်မှုတွေများနေချိန် သြဇာအရှိန်အဝါချိန်ခွင်လ ျှာ ပြောင်းနေချိန်မျိုးမှာ အာရှနဲ့ဥရောပ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးလိုအပ်တယ်လို့ ပြောပါတယ်။ အာရှက EU ကိုလိုအပ်သလို EU ကလည်း အာရှကိုလိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အခုကျင်းပနေတဲ့ ASEM နိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲရဲ့ ဆောင်ပုဒ်က ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေးအတွက် ဆက်ဆံရေးခိုင်မြဲစေရေးဆိုတဲ ဆောင်ပုဒ်နဲ့ကျင်းပနေတာပါ။ လုံခြုံရေး။ စီးပွားရေး။ အာရှနဲ့ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေကြား ဘုံစိတ်ဝင်စားတဲ့ အကြမ်းဖက်မှုနဲ့အကြမ်းဖက် အစွန်းရောက်ဝါဒတိုက်ဖျက်ရေး။ Nuclear မပျံ့ပွားရေး။ ဆိုင်ဘာလုံခြုံရေးစတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးကြပါတယ်။ အာရှနဲ့ဥရောပကြား ချိတ်ဆက် ဆက်သွယ်မှု တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးကြပါတယ်။ ASEM ဆွေးနွေးပွဲလာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကြား အပြန်အလှန် အလွတ်သဘောဆွေးနွေးမှုတွေ ဒီနေ့မှာရှိသလို။ နက်ဖြန်မှာလည်း ဆက်ရှိမှာဖြစ်ပါတယ်။

၂ ရက်ကျင်းပတဲ့ ASEM နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ နက်ဖြန်မပြီးခင်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG