သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြဿနာ ပြေလည်အောင်ဖြေရှင်းနိုင်ဖို့အတွက် နယ်မြေတွင်း အပစ်ခတ်ရပ်စဲရေးကနေ စတင်တဲ့ လုပ်ငန်းစဉ်သုံးဆင့်နဲ့ အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရုတ်နိုင်ငံဘက်က အဆိုပြုထားပါတယ်။ တရုတ်ဘက်က အဆင့်သုံးဆင့်ပါ အခုလို ကမ်းလှမ်းအဆိုပြုချက်အပေါ်မှာ ရခိုင်နိုင်ငံရေးပါတီတွေ နဲ့ ရခိုင်အရေး ပူးပေါင်းဖြေရှင်းပေးနေသူတွေဘက်က အမြင်ဘယ်လိုရှိပါသလဲ။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲလာရောက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိဟာ မြန်မာနိုင်ငံကို မလာခင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရင်ဆုံးသွားပြီး ရခိုင်နယ်စပ်အရေးကိစ္စ မွတ်ဆလင်ဒုက္ခသည်တွေကိစ္စကို ဘင်္ဂလားဒေရှ် အာဏာပိုင်တွေ နဲ့ ဆွေးနွေးခဲ့တာပါ။ ဒီနောက်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအ၀င် မြန်မာခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံပြီး ရခိုင်အရေး ထပ်မံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

တရုတ် နိုင်ငံရဲ့ အဆိုပြုချက်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လက်ခံခဲ့ပြီး၊ မြန်မာဘက်ကလည်း အပြုသဘောတုန့်ပြန်ချက်ပေးထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မြန်မာနိုင်ငံကြား ဒီရိုဟင်ဂျာအရေး ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ကြားဝင်ဆောင်ရွက်ပေးနေရာမှာ ပထမဆုံးအဆင့်အနေနဲ့ကတော့ စစ်ဆင်ရေးတွေ တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ဒေသတွင်း တည်ငြိမ်အောင်ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါမှသာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဖြစ်နိုင်မယ်လို့လည်းဆိုပါတယ်။

ဒီလို ရခိုင်အရေးပြေလည်အောင် ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်သုံးချက်ကို တရုတ်ဘက်က ကမ်းလှမ်းလာတဲ့အပေါ် ရခိုင်ပြည်နယ်မှာ ပြည်သူ့မဲဆန္ဒအများဆုံးအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်ကတော့ နယ်မြေတည်ငြိမ်ရေးနဲ့ ဒေသခံပြည်သူတွေ အသက်ဘေးအန္တရာယ် စိတ်ချလုံခြုံရေးအတွက် လုံခြုံရေးဟာ အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ လုံခြုံရေးကိုတော့ ပြည့်ပြည့်၀၀ ချထားဖို့ကိုတော့ အမြဲတမ်းပြောနေတဲ့အပိုင်းဖြစ်တယ်။ တပ်ကို ချဖို့ မချဖို့ဆိုတာကတော့ တပိုင်းပေါ့နော် ။ ပြောမယ်ဆိုရင် အခုက ARSA ဆိုတဲ့ အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်မှုအပိုင်း အမြဲတမ်း လုပ်ဆောင်မှုတွေ ရှိနေတယ်ဆိုရင်တော့ လုံခြုံရေးယူတဲ့ ကျနော်တို့ အဖွဲ့အစည်းတွေကိုတော့ လုံးဝအဲဒီနေရာကနေ ဖယ်ထုတ်လို့တော့ ရမယ်မထင်ဘူး အမရယ်။ ဒီလုံခြုံရေးကိုတော့ တပ်ဖြစ်ဖြစ် ၊ ပြည်ထဲရေးက ဖြစ်ဖြစ် တခုခုကတော့ ဒေသခံတွေရဲ့ လုံခြုံရေးအတွက်ကတော့ ကျနော်တို့ ထားကို ထားရမှာပဲ။”

နယ်မြေအတွင်း တည်ငြိမ်ရေးနဲ့ သတ်ဖြတ်မှု ၊ တိုက်ခိုက်မှုတွေ ရပ်ဖို့ဆိုတာက ARSA အကြမ်းဖက်အဖွဲ့ကိုသာ အဓိက တားမြစ်သင့်တယ်လို့ ဦးအောင်မြတ်ကျော်ကဆိုပါတယ်။

“အဓိက ARSA အကြမ်းဖက်အဖွဲ့က ရခိုင်မှာ မရှိဘူးဆိုရင်တော့ ဒီပြဿနာက အေးအေးဆေးဆေးပါ။ လုံခြုံရေးအတွက်ကတော့ ချကိုချထားရမယ်။ မချလို့ကတော့ ဒီမှာရှိတဲ့ မောင်တော၊ ဘူးသီးတောင်မှာ ရှိတဲ့ ပြည်သူလူထုက လုံးဝ လုံခြုံမှု အနေနဲ့ အေးအေးဆေးဆေးနေလို့ရမှာ မဟုတ်ဘူး။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဦးအေးလွင်က အခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့တိုက်တွန်းချက်အပေါ် ပြဿနာပြေလည်ရေး အကြံဥာဏ်ကောင်းတရပ်ဖြစ်တယ်လို့ လက်ခံပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံက စေတနာမှန်တဲ့ မိတ်ကောင်းဆွေကောင်းတွေ ကတော့ အကြံကောင်း ဥာဏ်ကောင်းတွေ လိုအပ်ပါတယ်။ သူတို့အမြင်ပြောတဲ့စကားတွေကတော့ အကျိုးအကြောင်းဆီလျော်မှု ရှိတဲ့အတွက်ကြောင့် ကျနော်တို့အကြံပြုချက်ထဲမှာလည်း ဆွေးနွေးရေးတို့၊ ပဋိပက္ခငြိမ်းချမ်းရေးတို့ ပါပါတယ် ။ကျနော်တို့ကတော့ ကောင်းသော အကြံပြုချက်လို့ ထင်ပါတယ်။”

တရုတ်ဘက်က တိုက်တွန်းသလို နယ်မြေတွင်း တည်ငြိမ်မှုရှိမှသာ ဒေသခံပြည်သူတွေ ဘဝ ရေရှည်အေးချမ်းနိုင်မှာဖြစ်သလို ကိုဖီအာနန်ကော်မရှင်အနေနဲ့ လည်း လက်တွေ့ကွင်းဆင်းပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေး မတူကွဲပြားသူတွေကြား ပဋိပက္ခတင်းမာမှုတွေ ပြေလည်ရေး အကြံပေးခဲ့တာဖြစ်တယ်လို့လည်း ဦးအေးလွင်ကဆိုပါတယ်။

“ကျနော်တို့ အကြံပြုချက်ထဲမှာလည်း နောက်နောင်ကို ဒီလို ပဋိပက္ခတွေ မဖြစ်အောင်လို့ သဟဇာတ ရှိတဲ့ အရင်တုန်းက ရှိခဲ့တယ်၊ အဲဒီအရင်အနေအထားမျိုးကို ပြန်ရောက်အောင်လို့ ကျနော်တို့ လုပ်ဖို့ လိုအပ်တယ်။ ၂ ဖက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးဆိုတာဟာ ကျနော်တို့ရဲ့ အကြံပြုချက်ထဲမှာလည်း အလေးအနက်တင်ပြထားတာ ရှိပါတယ်။ နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့ သူတွေ မျက်ဖြူဆိုက်လေ ဆရာ တို့ ကြိုက်လေ ဆိုပြီးတော့ ဖြစ်အောင် ဖန်တီးနေတဲ့ လူတွေက ဒီလို နိုင်ငံရေးအကျပ်ရအောင် လုပ်နေတာတွေကို မြောက်ထိုးပင့်ကော်လုပ်နေတာတွေ ၊ လှုံ့ဆော်နေတာတွေ အဲဒါတွေ မရှိတော့ဘူးဆိုရင် ဒီလူ့အဖွဲ့အစည်း ၂ ခု ဟာ တဦးနဲ့ တဦးပေါ်မှာ အရင်တုန်းက နေခဲ့တဲ့ ပုံစံမျိုးပေါ့ခင်ဗျ။ ပြန်ပြီး မဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။”

အဆိုပြုချက် ဒုတိယအဆင့်မှာတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချထားရေးနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံအကြား ညှိုနှိုင်းဖြေရှင်းမှုကို အကူအညီပေးဖို့ဖြစ်ပါတယ်။ အဆိုပြုချက်တတိယအဆင့်မှာတော့ ရခိုင်ပြည်နယ်တွင်း ဒေသခံတွေ ဆင်းရဲနိမ့်ကျမှုအပါအ၀င် ရှိနေတဲ့ပြဿနာရပ်တွေအတွက် အရှည်သဖြင့် ခိုင်ခံမယ့် အဖြေထုတ်သွားဖို့ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဝေဖန်ချက်တွေနဲ့အတူပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိပါ ဆွေးနွေးအဖြေထုတ်မှုတွေရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ ကုလသမဂ္ဂကနေ နိုင်ငံပေါင်းစုံပါဝင်ပြီး ၀င်ရောက်ဖြေရှင်းတာထက်၊ မြန်မာနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံ နှစ်နိုင်ငံအကြား ညှိုနှိုင်းဖြေရှင်းမှုကို ပိုပြီး လိုလားသလို အဲဒီအတွက်လည်း လှုပ်ရှားဆောင်ရွက်လာတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်အကုန်ပိုင်းက ရိုဟင်ဂျာအစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီး၊ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေနောက်ပိုင်း မွတ်ဆလင်ဒုက္ခသည် ခြောက်သိန်းကျော် ဘင်္ဂလားဒေရှ်နိုင်ငံဖက်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ တိုးလာပြီး၊ ဒါကို အမြန်ဖြေရှင်းဖို့ မြန်မာဘက်ကို နိုင်ငံတကာဖိအားတွေ တိုးမြင့်ခဲ့ပါတယ်။

XS
SM
MD
LG