သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန်ကော်မရှင် အကြံပြုချက် အကောင်အထည်ဖော်ရေး ဆွစ်ဇာလန်သမ္မတ တိုက်တွန်း


ရိုဟင်ဂျာ ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ထောက်ခံတယ်လို့ ဆွစ်ဇာလန် သမ္မတက ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာအကြပ်အတည်း ပြေလည်နိုင်ရေးအတွက် ဆွစ်ဇာလန် နိုင်ငံအနေနဲ့ မြန်မာနဲ့ရော ဘင်္ဂလားဒေရှ့် နိုင်ငံနဲ့ပါ ဆွေးနွေးဆောင်ရွက်နေတယ်လို့ သမ္မတ Alain Berset (အာလန်း ဘခ်ဆီ) ကပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေဆီ အင်္ဂါနေ့က သွားရောက်စဉ်မှာ သူက ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံကို ၄ ရက်ကြာခရီးနဲ့ရောက်နေတဲ့ ဆွစ်ဇာလန်သမ္မတ Alain Berset (အာလန်း ဘခ်ဆီ) ဟာ အင်္ဂါနေ့က Cox's Bazar ခရိုင်ထဲမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် Mr. Kofi Annan ကော်မရှင်ရဲ့ အစီရင်ခံစာထဲက အကြံပြုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးကို ဆွစ်ဇာလန် နိုင်ငံက ထောက်ခံကြောင်းနဲ့ရိုဟင်ဂျာတွေ ဘေးကင်းစွာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကနေ ပြန်သွားနိုင်ဖို့ အရေးကြီးတယ်လို့ သမ္မတ Berset ကခုလိုပြေကြားခဲ့ပါတယ်။

“ လက်ရှိပြဿနာကို အဖြေရှာရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြားမှာ နေရပ်ပြန်ပို့ရေးသဘောတူညီမှုရရှိထားတာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ပြန်သွားကြသူအားလုံးဟာ ကိုယ့်သဘောနဲ့ကိုယ်ပြန်တဲ့သူတွေဖြစ်ဖို့။ လုံခြုံမှုရှိဖို့နဲ့ သိက္ခာရှိရှိပြန်သွားနိုင်ကြဖို့က အရေးကြီးပါတယ်။ Kofi Annan ဦးဆောင်ရေးသားခဲ့တဲ့ အစီရင်ခံစာပါအကြံပြုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့အတွက် ဆွစ်ဇာလန် နိုင်ငံက တောင်းဆိုပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ပြန်လာကြမယ့်သူတွေအတွက် အဆင်ပြေတဲ့ ပါတ်ဝန်းကျင်မျိုးရရှိစေဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ဆွစ်ဇာလန် သံရုံးကလည်း အားထုတ်ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ရေရှည်အဖြေရဖို့အတွက်ကတော့ အချိန်ပေးရမှာဖြစ်ပါတယ်။”

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေထဲမှာ ရခိုင်ပြည်နယ်ထဲက ရခိုင်နဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေကြား နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်အောင်၊ ရေရှည်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သဟဇာတဖြစ်စွာ နေထိုင်နိုင်ကြအောင် အကြံပြုထားတာပါ။ ရခိုင်ပြည်နယ်ထဲမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ အန္တရာယ်ကြီးမားပြီး အရေးပေါ် ဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့လည်း ကော်မရှင်က ထောက်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက် အစီရင်ခံစာထဲက အချက်တွေကို လက်တွေ့ အခြေအနေအပေါ် မူတည်ပြီး အပြည့်စုံဆုံး အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ စဉ်းစား ဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရကလည်း တုံ့ပြန်ထားပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နာရီပိုင်း အကြာမှာပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး စခန်းတွေကို ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေ ရှိခဲ့ပါတယ်။ အဲဒီ နယ်မြေရှင်းလင်းမှုတွေ အတွင်း သတ်ဖြတ် မီးရှို့မှုအပါအဝင် ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်လို့ ဆိုပြီး ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေရှ့် နိုင်ငံဖက်ကို ထွက်သွားခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ ဘင်္ဂလားဒေရှ့်ဖက် ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းခွဲကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီသူတွေ ဘေးကင်းစွာ ပြန်သွားနိုင်ရေးအတွက် ဆွစ်ဇာလန် နိုင်ငံက ကူညီဆောင်ရွက်နေတယ်လို့ ဆွစ်ဇာလန်သမ္မတက ပြောပါတယ်။

“ဆွစ်ဇာလန်နိုင်ငံအနေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ရော မြန်မာနိုင်ငံနိုင်ငံနဲ့ပါ အတူလက်တွဲ ဆောင်ရွက်နေပါတယ်။ ပြဿနာကို အဖြေရှာနိုင်ဖို့ မြန်မာနဲ့လည်း ဆွေးနွေးမှုတွေရှိပါတယ်။ အခုဆိုရင် နေရပ်ပြန်ရေးအတွက် သဘောတူညီချက် ရရှိထားပြီးပါပြီ။ သူတို့တွေရဲ့ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာပြီး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ကျွန်တော် အရင်ပြောခဲ့သလိုပါပဲ ပြန်သွားကြသူတွေဟာ လိုလိုလားလား ပြန်ချင်သူတွေဖြစ်ရမယ်။ ဘေးကင်း လုံခြုံမှုရှိရပါမယ်။ အခုဘင်္ဂလားဒေရှ့်မှာ ရောက်နေကြသူတွေ အတွက် နေရပ်ပြန်ရေး သဘောတူညီချက်ကို ဘယ်လို လက်တွေ့ အကောင်အထည်ဖော်နိုင်မလဲ ဆိုတာပဲ အခုကြည့်ကြရမှာပါ။”

ဘင်္ဂလားဒေရှ့်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေကြတဲ့ အဖွဲ့အစည်းတွေကို ဦးစားပေးပံ့ပိုးကူညီဖို့လည်း သမ္မတ Alain Berset (အာလန်း ဘခ်ဆီ) ကခုလို ဆိုခဲ့ပါတယ်။

“ ခင်ဗျားတို့ ကျွန်တော်တို့ရော ဒီမှာအလုပ်လုပ်နေကြသူတွေအားလုံးရော အရေးပေါ် လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မလွယ်ကူတဲ့အခြေအနေကြားမှာ လူပေါင်း ၁ သန်းလောက် နေထိုင်နေကြရတာကို စီမံခန့်ခွဲဖို့ဆိုတာ မလွယ်ကူပါဘူး။ မကြာခင်မှာ မုတ်သုန်ရာသီ ရောက်လာတော့မှာပါ။ ဒါကြောင့် ဒီမှာကူညီထောက်ပံ့နေကြတဲ့ အဖွဲ့တွေကို ပံ့ပိုးနိုင်ဖို့ အရေးပေါ် ဦးစားပေးဖြစ်ပါတယ်။ စားနပ်ရိက္ခာပိုင်းဆိုင်ရာ အထောက်အပံ့ပေးနေတဲ့ အဖွဲ့တွေ။ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တွေကို ကူညီပေးနိုင်ဖို့က အရေးကြီးပါတယ်။ တချိန်ထဲမှာပဲ နေရပ်ပြန်ပို့ရေး သဘောတူညီချက်ကို ဘယ်လို အကောင်အထည်ဖော်နိုင်မလဲ ဆိုတာပဲ စဉ်းစားကြရမှာပါ။

ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ ကူညီရေးအတွက် ဒေါ်လာ ၁၂ သန်းကျော်လောက်နဲ့ ညီမျှတဲ့ Swiss Francs ၁၂ သန်း ထောက်ပံ့မယ်လို့လည်း ဆွစ်ဇာလန် သမ္မတက ကြေညာခဲ့ပါတယ်။ ၂၀၁၇ သြဂုတ်လ နောက်ပိုင်း ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ရောက်လာတဲ့ မွတ်ဆလင်တွေကို ပြန်လည်လက်ခံရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်၂ နိုင်ငံကြား ပြီးခဲ့တဲ့ နိုဝင်ဘာလက သဘောတူညီခဲ့ကြပါတယ်။ ၂၀၁၈ ဇန်နဝါရီလကုန်ပိုင်းမှာ ဒုက္ခသည်တွေကို စတင်လက်ခံဖို့ မြန်မာအစိုးရဖက်က ပြင်ဆင်ထားပေမဲ့ ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည်တွေဖက်က ရေရှည်လုံခြုံရေးအာမခံချက်၊ ဘဝအာမခံချက်တွေ မရှိတဲ့အတွက်လို့ဆိုပြီး ပြန်မလာကြပါဘူး။ မြန်မာအစိုးရဖက်ကတော့ ဒုက္ခသည်တွေပြန်လည်လက်ခံရေးကို ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပြီး ရန်ကုန်အခြေစိုက် အိမ်နီးချင်းနိုင်ငံသံရုံးတို့က သံတမန်တွေ၊ ကုလမသမဂ္ဂဒေသဆိုင်ရာရုံး ယာယီတာဝန်ခံနဲ့ ပြည်ပသတင်းထောက်တချို့ကို အင်္ဂါနေ့တုန်းက မောင်တောခရိုင်ထဲက ဒုက္ခသည် ပြန်လည်လက်ခံမယ့် စခန်းတွေကို လိုက်လံပြသခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG