သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ အင်ဒိုနီးရှား အစိုးရဖွဲ့


အင်ဒို နိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒို နိုင်ငံခြားရေးဝန်ကြီး Retno Marsudi

အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီတခုကို ပထမဆုံးအကြိမ်အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့အရေးဆိုင်ရာကိစ္စရပ်တွေမှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေတယ်ဆိုတာကို မီးမှောင်းထိုးပြလိုက်တာဖြစ်ပါတယ်။

လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ သံတမန် ဆက်ဆံရေးတွေအပါအဝင် အင်ဒိုနီးရှား သံတမန်ရေး ခိုင်မာအားကောင်းအောင် လုပ်ဆောင်တဲ့အနေနဲ့ အင်ဒိုနီးရှား အကူူအညီပေးရေး အင်ဂျင်စီတခုကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် နှစ်စဉ်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကြေညာချက် ထုတ်ပြန်ရာမှာ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကအဲဒီလို ကြေညာလိုက်တာပါ။ အကူအညီပေးရေး အေဂျင်စီရဲ့ ကနဦး အသုံးစရိတ် မတည်ငွေဟာ ဒေါ်လာ သန်း ၇၀ နဲ့ ညီမျှတဲ့ အင်ဒိုနီးရှားရူပီးငွေ သန်းပေါင်း တသန်းရှိပါတယ်။

ဒါ့အပြင် အီစ္စရေးမှာရှိတဲ့ အမေရိကန်သံရုံးကို ဂျေရုစလင်မြို့မှာ ပြောင်းရွှေ့ဖို့ အမေရိကန် သမ္မတ Donald Trump ကြေညာပြီး နောက်တရက်မှာပဲ ဒါကို တုံ့ပြန်တဲ့ အနေနဲ့ Marsudi က နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ပါလစ္စတိုင်းနဲ့ တသားတည်းအတူရှိကြောင်း စကားထွက်ပြောရာမှာ ပါလစ္စတိုင်း ခေါင်းစည်းပဝါကို ဝတ်ဆင်ပြသခဲ့ပါတယ်။ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို ကလည်း သူမကို ထောက်ခံပြီး ထူးထူးခြားခြား အစ္စရေးကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် မကြာသေးခင်ကပဲ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ဖိလစ်ပိုင်နဲ့ အတူ ပူးပေါင်းချေမှုန်းဖို့ ကမ်းလှမ်းခဲ့သလို၊ ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာအစိုးရရဲ့ ပြုမူဆက်ဆံပုံတွေကို ဝေဖန်ပြစ်တင်တဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG