သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား စစ်ဦးချုပ်ကို ကန်ပြည်ဝင်ခွင့် ငြင်းဆို


အင်ဒိုနီးရှား စစ်ဦးချုပ် Gen. Gatot Nurmantyo (သြဂုတ်လ ၂၀၁၅)
အင်ဒိုနီးရှား စစ်ဦးချုပ် Gen. Gatot Nurmantyo (သြဂုတ်လ ၂၀၁၅)

အင်ဒိုနီးရှားနိုင်ငံရဲ့ စစ်ဦးစီးချုပ်ကို အမေရိကန်က ဘာ့ကြောင့် လာရောက်ခွင့်မပြုတာလဲဆိုတာ ရှင်းလင်းချက် တောင်းထား တယ်လို့ အင်ဒိုနီးရှားနိုင်ငံက တနင်္ဂနွေနေ့မှာပြောပါတယ်။

ဒီအခြေအနေကို ရှင်းပြခိုင်းဖို့အတွက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ၊ အမေရိကန် ဒုတိယသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှား လက်နက်ကိုင်တပ်ဖွဲ့များရဲ့ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Gatot Nurmantyo ဟာ သူ့ရဲ့ဇနီးဖြစ်သူနဲ့အတူ စနေနေ့က အမေရိကန်နိုင်ငံကို လေယာဉ်နဲ့ထွက်ခွာဖို့ရှိတာမှာ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနက သူ့ရဲ့ပြည်ဝင်ခွင့်ကို ငြင်းဆန်တဲ့အကြောင်း ဗိုလ်ချုပ်ကြီးကို လေကြောင်းလိုင်းက အကြောင်းကြားခဲ့တာပါ။

ဝါရှင်တန်မြို့တော်မှာကျင်းပမယ့် အစွန်းရောက်ဝါဒီအဖွဲ့အစည်းတွေအကြောင်း ညီလာခံတခုကိုတက်ဖို့ အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး Joseph Dunford က ဗိုလ်ချုပ်ကြီး Nurmantyo ကို ဖိတ်ကြားထားတာပါ။ ဂျာကာတာမြို့က အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ တော့ ဗိုလ်ချုပ်ကြီးဟာ စီစဉ်ထားတဲ့အတိုင်း ခရီးသွားနိုင်တဲ့အခြေအနေ မရှိခဲ့ဘူးလို့ ရိုးရိုးလေးပဲပြောထားပါတယ်။

ဒါပေမဲ့လဲ ဒီကိစ္စကိုပြေလည်အောင် ဖြေရှင်းသွားမယ်လို့ ပြောထားပြီး ဒီအတွက် အမေရိကန်သံအမတ်ကြီးက ဗိုလ်ချုပ်ကြီး Nurmantyo ကို တောင်းပန်ပြီးပြီလို့လဲ ဖော်ပြထားပါတယ်။ အမေရိကန်နဲ့ အင်ဒိုနီးရှားနိုင်ငံအကြား ယေဘုယျအားဖြင့် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ တုံ့ပြန်ပုံဟာ အမေရိကန်ဘက်က ရှင်းပြတဲ့အပေါ်မှာ မူတည်မယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Arrmanatha Nasir က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG