သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခံမွတ်ဆလင်များ နေရပ်ပြန်ရေး ကျောက်ဖြူဒေသခံတွေ ကန့်ကွက်


 Cox's Bazar မှ ဒုက္ခသည်များ
Cox's Bazar မှ ဒုက္ခသည်များ

၂၀၁၂ ရခိုင်ပဋိပက္ခ မတိုင်ခင် ကျောက်ဖြူမြို့မှာ နေထိုင်ခဲ့ကြတဲ့ မွတ်ဆလင်တွေအနေနဲ့ ကိုယ့်နေရပ်မှာ ပြန်လည်နေထိုင်လိုကြောင်း အစိုးရထံ တောင်းဆိုမှုအပေါ် ကျောက်ဖြူဒေသခံတွေက ကန့်ကွက်နေကြ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခုကြား ညှိနှိုင်းဆောင်ရွက်ပေးသွားမယ် လို့ အစိုးရအဖွဲ့ ဝန်ကြီးတဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်း ထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ရခိုင်ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ကျောက်ဖြူမြို့ကနေ နေရပ်စွန့်ခွာခဲ့ကြတဲ့ မွတ်ဆလင်တွေအနေနဲ့ ကိုယ့်နေရပ်မှာ ပြန်လည် နေထိုင်လိုကြောင်း အစိုးရထံ တောင်းဆိုမှုအပေါ် ဒေသခံတွေက ကန့်ကွက်နေကြတာပါ။

၂၀၁၂မှာဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ဒေသဖွံ့ဖြိုးရေး နောက်ကျခဲ့ရသလို ထပ်ပြီးမလိုလားအပ်တဲ့ ပြဿနာ တွေ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ကန့်ကွက်ရတာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ ဦးသန်းလွင်က ပြော ပါတယ်။

"၂၀၁၂မှာဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ ဒေသဖွံ့ဖြိုးရေးတွေ နောက်ကျသွားတယ်။ ထိခိုက်နစ်နာမှုတွေလည်းများသွားတယ်။ ဒါကြောင့် ဒီအခုလို ပြန်လည်နေထိုင်ခွင့်ပြုမယ်ဆိုရင် မကြာခင်မှာ အရင်လိုပြဿနာတွေ ရှိနိုင်တယ်ဆိုတဲ့အတွက်ကြောင့် လက်မခံ နိုင်ပါဘူးဆိုတဲ့သဘောထားကြတာပါ။ သူတို့နဲ့ ကျနော်တို့လူမျိုးတွေကအတူယှဉ်တွဲ နေထိုင်ဖို့ ကြောက်သွားပြီ။ သူတို့နဲ့ နေရင် ပြဿနာက တနည်းမဟုတ်တနည်းဖြစ်မယ် ဆိုတာ စိုးရိမ်ပြီးတော့ လက်မခံတဲ့ သဘောပေါ့နော်။"

ကျောက်ဖြူမြို့က သူတို့နေထိုင်ခဲ့ကြတဲ့ နေရာတွေမှာ ပြန်လည်နေထိုင်ဖို့ တောင်းဆိုနေသူတွေ ဟာ လက်ရှိ ကျောက်ဖြူမြို့နယ်က ကျောက်တလုံး ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ မဟုတ်ဘဲ ကျောက်ဖြူမြို့ကနေ အခြားဒေသတွေကို နေရပ် စွန့်ခွာခဲ့ကြသူတွေနဲ့ စစ်တွေ မြို့အနီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ပဋိပက္ခဖြစ်ပွားပြီး မီးလောင်ပြင်တွေ ဖြစ်ခဲ့တဲ့ နေရာတွေကတော့ အစိုးရရဲ့ စီမံ ခန့်ခွဲမှုအောက်မှာ ရှိနေဆဲဖြစ်ပြီး မီးမလောင်ပဲ ကျန်ခဲ့တဲ့ နေရာတချို့ကိုတော့ မွတ်ဆလင်တွေ အနေ နဲ့ တရားဝင်ရောင်းချပြီး စွန့်ခွာ သွားခဲ့ကြတာဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီဘက်ကတော့ ပြောထားပါတယ်။

အစိုးရအနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့ နှစ်ဖက် အသိုင်းအဝိုင်းကြား ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အခုလိုပြောပါတယ်။

"အဲလိုတောင်းဆိုရင် ကန့်ကွက်တယ်ဆိုတာက ပုံမှန်ဖြစ်နေကြပါ။ ဆိုတော့ ကျနော်တို့ကဘာလုပ်ရသလဲဆိုရင် ညှိနှိုင်းဆောင်ရွက်ရပါတယ်ခင်ဗျ။ ညှိနှိုင်းဆောင်ရွက်တဲ့ အဆင့်မရောက်သေးဘူး။ အဲဒါနေရာတနေရာသတ်မှတ်မယ်။ အဲဒီ နေရာတနေရာသတ်မှတ်ရင် တဖက်ကလည်း ဒီနေရာကို သဘောတူမယ်။ နောက်တဖက်ကလည်း ဒီနေရာကို သဘောတူမယ် အဲလိုနေရာမျိုးကို ကျနော်တို့က ဆောင်ရွက်ရလေ့ရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒီပုံစံနဲ့ ကျနော်တို့ ညှိနှိုင်းမှုတွေ လုပ်ပါမယ်။"

လက်ရှိ ကျောက်ဖြူမြို့နယ်က ကျောက်တလုံး ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ၈၀၀ ကျော်လောက် နေထိုင်နေကြတာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတုန်းက ကျောက်ဖြူ၊ ရမ်းဗြဲ၊ ပေါက်တော၊ မြေပုံ၊ မင်းပြား စတဲ့ ဒေသတွေမှာ မတူကွဲပြားအသိုင်းအဝိုင်းနှစ်ခုကြား လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ တွေ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ NLD အစိုးရလက်ထက် ၂၀၁၇ သြဂုတ်လမှာတော့ ARSA အကြမ်းဖက်အဖွဲ့က မောင်တောမြို့နယ် လုံခြုံရေး ရဲကင်းတွေ ကို စတင်တိုက်ခိုက်ပြီး မြန်မာစစ်တပ်ဘက်က အလွန်အကျွံ အင်အားသုံး တန်ပြန်တိုက်ခိုက်ခဲ့ရာကနေ ရခိုင် ပဋိပက္ခမီး ပိုပြီး ကြီးထွားလာခဲ့တာပါ။

ဒီအတောအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှာ တပ်ဖွဲ့ခွဲ လေးခု ထပ်မံအင်အားဖြည့်တင်းထားပြီး လိုအပ်တဲ့ အသုံးစရိတ်အတွက် အရေးပေါ် ရန်ပုံငွေ ထဲကနေ ကျပ်သန်း ၇၁၀၀ကျော်ကို ပြည်ထဲရေး ဒုဝန်ကြီးက လွှတ်တော်မှာ တင်ပြတောင်းခံခဲ့တာ လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG